Latest News

Saturday, May 13, 2017

တရုတ် တို့၏ One Belt, One Road ဆိုသည်ကား...

တရုတ် တို့၏ One Belt, One Road ဆိုသည်ကား...

ယခုအခါ  တရုတ် သမ္မတ စီရှင်ဖျင့်က ရုရှား သမ္မတ ပူတင်၊ ပါကစ္စတန် ၀န်ကြီးချုပ် နာဝတ်ရှာရစ်ဖ်၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံပေါင်း ၂၉ နိုင်ငံ မှ ခေါင်းဆောင်များ နဲ့ ၎င်းတို့ရဲ့ One Belt, One Road (OBOR)  စီမံကိန်းကြီး အတွက် နှစ်ရက်ကြာ ဖိုရမ်ကြီး စတင်နေပြီ ဖြစ်ပါတယ်။ (အစည်းအဝေးတက်ရန် ထွက်ခွာသွားသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန် လေဆိပ်တွင် တွေ့ရစဉ် --- DVB)

ထို့အတွက် OBOR နဲ့ စိမ်းနေသေးသော လူများ အတွက် အနည်းငယ် ရှင်းလင်းပြရန် လိုပြီဟု ယူမိပါတယ်။

အတိုချုပ်ပြောရက နိုင်ငံပေါင်း ၆၀ ကျော်တွင် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ် အစိုးရမှ ဒေါ်လာသန်း တြီလီယံ နဲ့ ချီပြီး ရင်းနှီးမြုပ်နှံမှု ပြုလုပ်သွားမယ့် မဟာ စီမံကိန်းကြီးပင် ဖြစ်ပါတယ်။

သို့သော်လည်း အဘယ်ကြောင့် အဆိုပါ နာမည်ပေးရသလဲ ဆိုတာ အယူအဆ အမျိုးမျိုး ထွက်ပေါ်လာနေပါတယ်။ တကယ်တမ်း တရုတ်ဘာသာနဲ့ Yi dai yi lu လို့ ခေါ်တဲ့ အဆိုပါ စီမံကိန်းကြီးကို တရုတ် သမ္မတ က ၂၀၁၃ ခုနှစ် စက်တင်ဘာလ အတွင်း ကာဇတ်စတန် နိုင်ငံ ရှိ တက္ကသိုလ်တခုမှ မိန့်ခွန်း ပြောကြားစဉ် စတင် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ စပြီး ပြောစဉ်က Silk Road Economic Belt လို့ ပြောခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်း တရုတ် ပညာရှင်များက One Belt, One Road လို့ ပြန်လည် အမည်ပေးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ စီမံကိန်းကြီးတွင် အမည်မှာ ဖေါ်ပြထားတဲ့  Road ဆိုတာ တကယ်တော့ Road မဟုတ်ပဲ တရုတ်ပြည်ရဲ့ တောင်ဖက် ကမ်းရိုတန်းနဲ့ အရှေ့အာဖရိက၊ မြေထဲပင်လယ်တို့နဲ့ ဆက်သွယ်ပေးမယ့် ပင်လယ် ရေလမ်းကြောင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ Belt ဆိုတာကတော့ ကုန်လမ်းမှ တဆင့် အာရှ အလယ်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းကို ဖြတ်ပြီး နိုင်ငံ အသီးသီးကို ဖြတ်ကာ ဥရောပ နဲ့ တရုတ် ပြည်ကို ဆက်သွယ်ပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။ ဒီနေရာမှာ မြောက်ပိုင်း၊ အလယ်ပိုင်း နဲ့ တောင်ပိုင်း ခါးပါတ် ဆိုပြီး ခွဲထားပြန်ပါတယ်။ မြောက်ပိုင်း လမ်းက အာရှအလယ်ပိုင်း နဲ့ ရုရှားကို ဖြတ်ပြီး ဥရောပနဲ့ ဆက်သွယ်မှာ ဖြစ်ပြီး၊ အလယ်ပိုင်း လမ်းကတော့ အာရှ အလယ်ပိုင်း အနောက်ပိုင်း နဲ့ ပါရှား ပင်လယ်ကွေ့ကို ဖြတ်ပြီး မြေထဲပင်လယ်ဆီသို့ သွားမှာ ဖြစ်ကာ တောင်ပိုင်းလမ်းကတော့ အရှေ့တောင်အာရှ၊ တောင်အာရှကနေ အိန္ဒိယ သမုဒ္ဒရာဖက် ဖေါက်ထွက်မှာ ဖြစ်ပါတယ်။

ယင်းစီမံကိန်းကြီးကား လွန်စွာ ရည်မှန်းချက် ကြီးမားလှပြီး Globalization ခေတ်သစ်ကြီး တခု ဖွင့်လှစ်ရန် အတွက် တရုတ်မှ ကုန်သွယ်ရေး တိုးမြှင့်ရန် နှင့် အာရှတခွင်တွင်သာမက ကျော်လွန်ပြီး နိုင်ငံများတွင် စီးပွားရေး ဖွံ့ဖြိုး တိုးမြှင့်ရန် စီမံခြင်းပင် ဖြစ်ပါတယ်။ ထို့အတွက် အဆိုပါ ဒေသများရှိ အခြေခံ အဆောက်အအုံ ပရိုဂျက်များအတွက် နှစ်စဉ် ဒေါ်လာသန်း ၁၅၀ ဘီလီယံ ခန့် ထည့်ဝင်သွားမယ်လို့ ဆိုနေပါတယ်။ ဒီအတွက်လည်း ဂျပန်တွေ သြဇာ လွှမ်းမိုးတဲ့ အာရှဘဏ် (ADB) နဲ့ အပြိုင် အာရှ အခြေခံ အဆောက်အအုံများ ရင်းနှီးမြုပ်နှံမှု ဘဏ် Asian Infrastructure Investment Bank (AIIB) ကို ဒေါ်လာသန်း ၁၀၀ ဘီလီယံ မတည်ကာ တည်ထောင်ခဲ့ပြီး  ၂၀၁၅ အကုန်ပိုင်းမှာ စတင်လှုပ်ရှား သက်ဝင်လာပါတယ်။

ယင်းသည် ဒုတိယ ကမ္ဘာစစ်ပြီး နောက် ပိုင်း အမေရိကန်က ကမကထ ပြုလုပ်ခဲ့တဲ့ မာရှယ် စီမံကိန်းနဲ့ အလားသဏ္ဍန်တူပြီး ကမ္ဘာ လူဦးရေ ၆၅%ကို အကျိုး သက်ရောက်မှုရှိကာ ၎င်းတို့မှ ထုတ်လုပ်ထွက်ရှိတဲ့ ကုန်စည်များ နဲ့ ၀န်ဆောင်မှုများ စီးဆင်းမှု မြန်ဆန် လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ယင်းသည် ကမ္ဘာစီးပွားရေး အကျပ်အတည်းများ အတွက် တရုတ်ရဲ့ ဖြေရှင်းချက်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာန က ကြွေးကြော်ခဲ့ပါတယ်။

ပထမဦးဆုံး အနေနဲ့ အမေရိကန် ဒေါ်လာ သန်း ၆၂ ဘီလီယံ တန် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန် စီမံကိန်းကို စတင်နေပြီ ဖြစ်ပါတယ်။ ထိုစီမံကိန်းအရ  အဝေးပြေး ကားလမ်းများ၊ လျပ်စစ်ဓါတ်အားပေး စက်ရုံများ၊ လေအားဖြင့် ဓါတ်အားပေး စက်ရုံများ၊ မီးရထားလမ်းများ ပါဝင်ပြီး ပါကစ္စတန် နိုင်ငံ အတွင်း အလုပ်အကိုင် တသန်း နီးပါးလောက် ဖန်တီးပေးနိုင်မယ်လို့ ဆိုပါတယ်။

အလားတူ ဒေါ်လာ သန်း ၁.၁ ဘီလီယံ တန် သီရိလင်္ကာ ဆိပ်ကမ်း ဖွံ့ဖြိုးရေး၊ အင်ဒိုနီရှားတွင် အမြန်ရထားလမ်း ဆောက်လုပ်ရေး၊ နဲ့ ကမ္ဘောဒီယားတွင် စက်မှု ဇုံကြီး တည်ဆောက်ရေးလည်း ပါဝင်နေပါတယ်။ သို့သော်လည်း စီမံကိန်း အတော်များများက အကောင်အထည် ဖေါ်တဲ့ အဆင့် မရောက်သေးတာ တွေ့ရပါတယ်။

တရုတ်တွေအဖို့ စီးပွားရေး ကျဆင်းလာတဲ့ အခါမျိုးမှာ ၎င်းတို့ရဲ့ နည်းပညာ များ နဲ့ ကုန်စည်များ အတွက် ဈေးကွက်ရှာဖို့ လိုလာတာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ ရှိတဲ့ ဘိလပ်မြေ စက်ရုံများ။ သံမဏိစက်ရုံများ ဖွံ့ဖြိုးမှု နည်းပါးတဲ့ နိုင်ငံများ ထံ ပြောင်းရွှေ့ ဖွင့်လှစ်ပြီး ပြည်ပကို တင်ပို့သွားနိုင်ဖို့ ရည်ရွယ်နေပါတယ်။ ဒေါ်နယ်ထရန့် ဦးဆောင်တဲ့ အမေရိကန်က အာရှမှ ပြန်လည် ဆုတ်ခွာဖို့ ခြေလှမ်းနေချိန်မှာ ကျန်ရှိတဲ့ ကွက်လပ်ကို ဖြည့်ဆည်းပြီး သြဇာလွှမ်းနိုင်ရန် ကြံရွယ်လာတဲ့ ဘူမိနိုင်ငံရေး ကစားကွက်တခုလို့ သုံးသပ်မှုတွေ ရှိလာနေပါတယ်။

အိန္ဒိယကတော့ တရုတ်သည် နိုင်ငံအများအပြားအား ကြွေးလည်ပင်းခိုက်အောင် ပြုလုပ်ပြီး စီးပွားရေး အရ ကျေးကျွန်တွေ ဖြစ်လာအောင် ပြုလုပ်ခြင်း ဖြစ်သည့်အပြင် အိန္ဒိယ သမုဒ္ဒရာကို မဟာဗျူဟာအရ ထိမ်းချုပ်ဖို့ ကြိုးပမ်းချက်သာ ဖြစ်တယ်လို့ စွပ်စွဲပြီး ၀န်ကြီးချုပ် မိုဒီ တက်ရောက်မှာ မဟုတ်ဖူးလို့ သိရပါတယ်။

ဂျာမန် ၀န်ကြီးချုပ် မာကယ် က သူမအား ဖိတ်ကြားမှုကို ပါယ်ချလိုက်ပြီး ဗြိတိန် ၀န်ကြီးချုပ်ကတော့ နောက်များမှ လို့ အကြောင်းပြခဲ့ပေမယ့် တရုတ် အစိုးရ အမျက်တော်ရှ မခံလိုတဲ့ အတွက် ဘဏ္ဍာရေးဝန်ကြီး ဖီလစ် ဟာမွန်ကို စေလွှတ်မှာ ဖြစ်ပါတယ်။ ဒေါ်နယ်ထရန့်လည်း တက်ရောက်ဖို့ မရှိတာကြောင့် G7 နိုင်ငံများထဲမှ အီတလီ ၀န်ကြီးချုပ်သာ တက်ရောက်ဖို့ ရှိနေပါတယ်။

ကိုကား ။  ။ The Guardian (UK)

HSW

No comments:

Post a Comment