Latest News

Saturday, May 13, 2017

ဖွံ့ဖြိုးရေးရန်ပုံငွေကိစ္စများကို NLD မှ စုံစမ်းနေခြင်းမဟုတ်၊ အကြောင်းသိပြည်သူများက တိုင်ကြားခြင်းဟု ဦးဝင်းထိန်ပြောကြား

ဖွံ့ဖြိုးရေးရန်ပုံငွေကိစ္စများကို NLD မှ စုံစမ်းနေခြင်းမဟုတ်၊ အကြောင်းသိပြည်သူများက တိုင်ကြားခြင်းဟု ဦးဝင်းထိန်ပြောကြား


ယခင်အစိုးရက ယခုအစိုးရထံသို့ လွှဲပြောင်းပေးအပ်ခြင်း မရှိသည့် ဖွံ့ဖြိုးရေးရန်ပုံငွေ ကိစ္စများကို NLD မှ စုံစမ်းနေခြင်း မဟုတ်၊ အကြောင်းသိ ပြည်သူများက တိုင်လာခြင်းကြောင့် တာဝန်ရှိသူများကို စုံစမ်းခိုင်းခြင်းသာ ဖြစ်သည်ဟု NLD ပါတီမှ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က The Ladies News သို့ ပြောသည်။

မေလ ၁၃ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်၌ NLD ပါတီမှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အမှုဆောင် အဖွဲ့ဝင်များ တွေ့ဆုံပွဲ အပြီးတွင် ယခုအစိုးရသို့ လွှဲပြောင်း ပေးအပ်ခြင်း မရှိသော ဖွံ့ဖြိုးရေး ရန်ပုံငွေကိစ္စနှင့် ပတ်သက်ပြီး NLD ပါတီအနေဖြင့် မည်သို့ သဘောထား သနည်း ဆိုသည့် The Ladies News ၏ မေးမြန်းချက်ကို ၄င်းက ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဒါတွေက ကိုယ်တို့က တကူးတက မမေးဘူး။ အကြောင်းသိတဲ့ ပြည်သူ လူထု ကနေပြီးတော့မှ ဒါတွေရှိပါတယ် ဆိုပြီးတော့မှ ဒါတွေရှိပါတယ် ဆိုပြီး တိုင်လာတော့မှ ဟုတ်သလား၊ ဟုတ်တယ်ဆိုရင်လည်း ကိုယ်တို့က ဦးစီးပြီးမှ မစုံစမ်းဘူး၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို စုံစမ်းခိုင်းတယ်။ ဥပဒေကြောင်းပဲ လိုက်တယ်” ဟု ဦးဝင်းထိန်က ပြောကြားသည်။

အဆိုပါကိစ္စများသည် ဥပဒေကြောင်းအရ အရေးယူနိုင်သော်လည်း နောက်ကြောင်း မပြန်လိုသောကြောင့် ပြသ၁နာကို ပြေလည်အောင် ဖြေရှင်းနေခြင်း ဖြစ်သည်ဟု ၄င်းကဆိုသည်။

“ညွှန်ချုပ် ကိုဇော်ဌေးလည်း ပြောသွားပြီးပြီ။ ဒေါက်တာအောင်မိုးညိုလည်း ပြောသွားပြီးပြီ၊ ကိုယ်တို့က နောက်ကြောင်း မပြန်ချင်လို့ ပြည်သူလူထု မနာတဲ့နည်းနဲ့ ပြသ၁နာကို ပြေလည်အောင် ကြိုးစားတယ်။ ပြီးတော့ ကြီးတဲ့အမှု ငယ်စေ၊ ငယ်တဲ့အမှု ပပျောက်စေ၊ အဲဒါမျိုးက ဥပဒေကြောင်း အရ အရေးယူလို့ ရတယ်။ ဒါပေမဲ့ ပြန်တောင်းတယ်၊ ပြန်ပေးတယ်ဆိုရင် ယူမလားပေါ့။ ပေးတဲ့ဥစ္စာက အစိုးရဘတ်ဂျက်ထဲ ၀င်သွားမှာလေ” ဟု ဦးဝင်းထိန်က ပြောသည်။

ယခုလို ဘတ်ဂျက်ကိစ္စများကို ပြန်လည် ဖော်ထုတ်နေခြင်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပုံရိပ်ကို ထိခိုက်အောင် ပြုလုပ်နေခြင်းမည်သည်ဟု စွပ်စွဲထားသော ပြည်ခိုင်ဖြိုးပါတီ၏ ကြေညာချက်နှင့် ပတ်သက်ပြီး သတင်းထောက်တစ်ဦးက ဦးဝင်းထိန်၏ သဘောထားကို မေးမြန်းရာတွင် အောက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့သည်။

“ဒါက ဘတ်ဂျက် မဟုတ်ဘူး။ အရင်အစိုးရက သူတို့နည်း၊ သူတို့ဟန်နဲ့ လုပ်ထားတဲ့ ရန်ပုံငွေ၊ အဲဒီရန်ပုံငွေက တိုင်းတွေ၊ ပြည်နယ်တွေ တိုးတက်ရာ တိုးတက်ကြောင်း လုပ်မယ်ဆိုရင် နောက်အစိုးရကို လွှဲခဲ့ရမယ်။ မလွှဲလို့ သူတို့ထဲက ပွစိပွစိဖြစ်ပြီး ပေါ်လာလို့ ပွထလာလို့ဖြစ် တာ။ သူတို့ အရိပ်အရောင် ကျဖို့လုပ်တာ၊ ဒါတွေက စကားအပိုတွေ” ဟု ဦးဝင်းထိန်က ပြောသည်။

လက်ရှိအချိန်တွင် မကွေးတိုင်းဖြစ်စဉ်ကဲ့သို့ ယခုအစိုးရသို့ လွှဲပြောင်းပေး အပ်ထားခြင်း မရှိသော ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေ ကိစ္စသည် ပြည်သူများအကြား စိတ်ဝင်စားသော သတင်းတစ်ပုဒ် ဖြစ်နေသည်။

Photo / News - အောင်ရဲနောင်(The Ladies News)

No comments:

Post a Comment