Latest News

Wednesday, May 10, 2017

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို ဖေ့စ်ဘွတ်ခ်၌ ဆဲသူအား ထောင် ၆ လချ

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို ဖေ့စ်ဘွတ်ခ်၌ ဆဲသူအား ထောင် ၆ လချ

ပုသိမ်၊ မေ ၉

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို  လူမှုကွန်ရက် Facebook တွင် ဆဲဆိုခဲ့သော ဦးနွေဦးကိုကို (၃၃ နှစ်)ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ  ၆၆(ဃ)ဖြင့် တရားစွဲဆို စစ်ဆေးခဲ့ပြီး မေလ ၉ ရက် မွန်းလွဲပိုင်းက ထောင်ဒဏ် ၆လ ချမှတ်ခဲ့ကြောင်း ပုသိမ်မြို့နယ် တရားရုံးထံမှ သိရသည်။

ဆဲဆိုသူကို NLD ပါတီ၏ ချောင်းသာနယ်မြေ တာဝန်ခံ ဒေါ်အေးအေးအောင်က အရေးယူပေးပါရန် ဖေဖော်ဝါရီလက ချောင်းသာ နယ်မြေရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ပြီး ပုသိမ်မြို့နယ် တရားရုံးတွင် တရားစွဲဆို စစ်ဆေးရာမှ သုံးလအကြာတွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်ကို ဆဲဆိုရှုတ်ချ ရေးသားနေသော NLD ပါတီဝင်အချို့ကို မကျေနပ်သဖြင့် Facebook မှ ပြန်လည်ဆဲဆို ရေးသားမိခြင်း ဖြစ်ကြောင်း၊ ၎င်းမှာ မည်သည့် ပါတီဝင်မှ မဟုတ်သော်လည်း သမ္မတဟောင်း ဦးသိန်းစိန်ဘက်မှ မခံမရပ်နိုင်သဖြင့် NLD ခေါင်းဆောင်ကိုပါ ထိခိုက်မိခဲ့ကြောင်း၊ အမိန့် ချမှတ်ခဲ့ခြင်းကို မှတ်ချက် မပေးလိုကြောင်း ထောင်ချခံရသူ ဦးနွေဦးကိုကိုက ပြောကြားသည်။

“ချုပ်ရက် လျှော့ရက်တွေ ခံစားခွင့် ရမယ်တော့ သိရတယ်၊ သက်သေခံ သိမ်းထားခံရတဲ့ဖုန်းလည်း သက်ဆိုင်ရာဆီက ပြန်ရပါပြီ၊ အတိုင်ခံရသူကော တိုင်ကြားသူရော သင်ခန်းစာ ယူစရာပါ၊ တကယ်တော့ ဒီလိုတွေ တစ်ဖက်နဲ့တစ်ဖက် လုပ်နေတာထက်စာရင် ကိုယ့်ပတ်ဝန်းကျင် အကျိုးရှိတာတွေ လုပ်သင့်ပါတယ်၊ အားလုံးဆင်ခြင်တရားရှိဖို့ လိုပါတယ်”ဟု ဦးနွေဦးကိုကို၏ ဇနီးက ပြောဆိုသည်။

The Voice

No comments:

Post a Comment