MP3 ကို နှုတ်ဆက်ချိန်လား
ဂျာမနီက MP3 မူပိုင်ရှင်ကတော့ MP3 ခေတ်ကုန်ပြီလို့ ဆိုလိုက်ပါတယ်။
MP3 အမျိုးအစား ဒစ်ဂျစ်တဲလ် အသံစနစ် ထုတ်လုပ်တဲ့ ဖရောင်းဟော့ဖ်ဖာ အင်စတီကျူ့ (Fraunhofer Institute) က သက်တမ်းကုန်တော့မယ့် သူတို့ရဲ့ မူပိုင်ခွင့်ကို လိုင်စင်ထပ်တိုးမှာ မဟုတ်ဘူးလို့ ကြေညာလိုက်တာပါ။
၁၉၈၇ ခုနှစ်တုန်းက ဂျာမနီက တီထွင်သူတွေရဲ့ မွေးဖွားခြင်းခံခဲ့ရတဲ့ MP3 စနစ်ဟာ CD ဓာတ်ပြားချပ်တွေနဲ့ သီချင်းနားထောင်တဲ့ ရေစီးကြောင်းကြီးတခုလုံးကို လွှမ်းမိုးပျောက်ကွယ်စေခဲ့တဲ့ အအောင်မြင်ဆုံး အသံစနစ်တခု ဖြစ်ခဲ့ပါတယ်။
သီချင်းနားထောင်လို့ရတဲ့ လျှပ်စစ်ပစ္စည်းတွေ ထုတ်ကြတဲ့ အဲပယ်လ်၊ ဆိုနီ၊ မိုက်ကရိုဆော့ဖ်၊ ဆမ်ဆောင်း စတဲ့ ကုမ္ပဏီကြီးတွေကလည်း MP3 စနစ်ကို အသုံးပြုကြပါတယ်။
အခုတော့ Fraunhofer Institute က MP3 ရဲ့ အသံအရည်အသွေးက လက်ရှိ စံနှုန်းတွေနဲ့ ဆိုရင် နိမ့်ကျနေပြီလို့ ဆိုပါတယ်။
သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ပိုမိုကောင်းမွန်တဲ့ အသံစနစ်တွေ တီထွင်လာနိုင်ကြပေမယ့် MP3 က အသုံးပြုသူတွေကြားထဲမှာ ရေပန်းအစားဆုံး ဖြစ်နေတာ မှန်ပါတယ်။ ဒါပေမယ့် အွန်လိုင်းက တိုက်ရိုက်ကြည့်ရှုတဲ့ လိုင်းတွေ၊ ရုပ်သံတွေနဲ့ ရေဒီယိုလိုင်းတွေမှာ ခေတ်ပေါ် အဆင့်မြင့် အသံစနစ် Advanced Audio Coding (AAC) အမျိုးအစားဝင် ISO-MPEG တွေ သုံးနေကြပြီ ဆိုပါတယ်။ အနာဂတ်မှာ ဆိုရင် ပို အရည်အသွေးမြင့်တဲ့ MPEG-H အသံစနစ်ကို ပြောင်းသုံးလာကြပါတော့မယ်လို့လည်း ပြောပါတယ်။
ဒီ အမျိုးအစားအသစ်တွေက ပိုမိုကောင်းမွန်တဲ့ အသံထွက်ကို ရစေတဲ့ အပြင် ဒေတာ အရွယ်အစား၊ နေရာ ယူမှု ပမာဏမှာလည်း MP3 ထက် ပိုနည်းတဲ့ အားသာချက်တွေ ရှိပါတယ်။
အခုလို MP3 ခေတ်ကုန်သွားပြီ ဆိုတာဟာ သိသိသာသာတော့ သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။ အခု လောလောဆယ်မှာလည်း တကိုယ်ရေ သယ်ဆောင်လို့ရတဲ့ အသံပစ္စည်းတွေမှာ အခြား အသံအမျိုးအစားတွေ သုံးနေကြလို့ပါ။
လူအများဟာလည်း MP3 အသံ စနစ် သီချင်းတွေကို နားထောင်လို့ ရနေဦးမှာပါပဲ။ ကိုယ့်ဘာသာ အသံကူးပြောင်းယူလို့ပဲ ဖြစ်ဖြစ်၊ အရင်တုန်းက ဝယ်ထားတာမျိုးကို ပဲ ဖြစ်ဖြစ် ဆက်ပြီး MP3 တွေ နားထောင်နိုင်ဦးမှာပါ။ ဒါ့အပြင် အမေဇုံ မြူးဇစ်၊ ဂူဂဲလ်ပလေးနဲ့ ဝင်းဒိုးစ် စနစ်တွေမှာလည်း MP3 ကို ဆက်လက် အသုံးပြုမှာ ဖြစ်ပါတယ်။
ဒါပေမယ့် Fraunhofer ကတော့ မူပိုင်ခွင့် လိုက်စင်ကြေး ထပ်မပေးတော့ဘူး ဆိုတဲ့ သဘော ဖြစ်ပါတယ်။
ဘီဘီစီ ပရိသတ်တွေ ဘယ်လိုပုံစံတွေနဲ့ သီချင်းတွေကို နားထောင်ခဲ့၊ နားထောင်နေပါသလဲ။ ဓာတ်ပြား၊ ကက်ဆက်တိပ်ခွေ၊ လေဆာဓာတ်ပြား၊ MP3၊ iTunes၊ အွန်လိုင်း ဘယ်ခေတ်တွေကို ဖြတ်သန်းခဲ့ဖူးပါသလဲ။
ဘီဘီစီမြန်မာပိုင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment