Latest News

Monday, May 1, 2017

ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်မရှိသဖြင့် Horizon ကျောင်းကို ပညာရေးဝန်ကြီးဌာန တရားစွဲ

ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်မရှိသဖြင့် Horizon ကျောင်းကို ပညာရေးဝန်ကြီးဌာန တရားစွဲ

သာကေတမြို့နယ်၊ ရှုခင်းသာမြို့ ပတ်လမ်းရှိံHorizon International School ကိုယ်ပိုင်ကျောင်း (မူကြို/အထက်တန်းကျောင်း) ကို ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်လက်မှတ် မရှိဘဲ ဖွင့်လှစ်ထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သာကေတ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဦးက ဧပြီလ ၂၈ ရက်တွင် အမှုဖွင့် တိုင်ကြားထားကြောင်း သာကေတနယ် မြေရဲစခန်းထံမှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး၏ ဧပြီလ ၂၈ ရက် အကြောင်းကြားစာအရ Horizon International School သည် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်လက်မှတ် မရှိဘဲ ဖွင့်လှစ်ထားကြောင်း စိစစ်တွေ့ရှိရ၍ ပညာရေးဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုမိန့်ဖြင့် မြို့နယ် ပညာရေးမှူးက အမှုဖွင့် တိုင်ကြားခြင်း ဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲက ၎င်းထံ သဘောထားမှတ်ချက် တောင်းခံသဖြင့် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေနှင့် မညီကြောင်း ပညာရေးဝန်ကြီးဌာန ကိုယ်စား သဘောထားမှတ်ချက် ရေးသားပေးလိုက်ကြောင်း The Voice သို့ ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ Horizon International School ၏ ဒါရိုက်တာတစ်ဦး (Director of Studies) ဖြစ်သူ ဥဇဘက်ကစ္စတန်နိုင်ငံသား Mr. Shahriyor Turgunov (၂၀၁၆ ခုနှစ်၊ ဇူလိုင်အတွင်းက The Voice နှင့်တွေ့ဆုံစဉ် ယင်းတာဝန်ကို ထမ်းဆောင်နေသူ) ၏ အတွင်းရေးမှူး မြန်မာနိုင်ငံသားတစ်ဦးထံ မေလ ၁ ရက် ညနေ ၆ နာရီခန့်မှ ၇ နာရီခန့်အထိ ဖုန်း ဆက်သွယ် မေးမြန်းခဲ့သော်လည်း စက်ပိတ်ထားသဖြင့် မေးမြန်းခွင့် မရရှိပေ။

Horizon International School တွင် တက်ရောက်နေသည့် ကျောင်းသူတစ်ဦး၏ မိခင်ကို The Voice က ဆက်သွယ် မေးမြန်းရာ ကျောင်းတာဝန်ရှိသူများက တစ်စုံတစ်ရာ ဆက်သွယ် ပြောကြားလာခြင်း မရှိသေးသော်လည်း ကျောင်းသား မိဘအချို့ ပြောဆိုနေသည်ကိုကြားရပြီး အချို့လည်း ကျောင်းပြောင်းရွှေ့ရန် ပြင်ဆင်နေကြောင်း ရှင်းပြသည်။

သာကေတမြို့နယ် ပညာရေးမှူး ဒေါ်သန်းသန်းဦး၏ အမှုဖွင့်တိုင်ကြားချက်ကို သာကေတ မြို့မရဲစခန်းက (ပ)၄၂၀/ ၁၇၊ ၂၀၁၁ ခုနှစ်၊ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ရေး ဥပဒေပုဒ်မ ၃၃ ဖြင့် ဧပြီလ ၂၈ ရက် မွန်းလွဲပိုင်းက လက်ခံ ဆောင်ရွက်ထားကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလဆန်းက အတည်ပြုခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေ အခန်း (၆) တားမြစ်ချက်များ အခန်းပါ ပုဒ်မ ၂၈ တွင် “မည်သူမျှ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်လက်မှတ် မရှိဘဲ ကိုယ်ပိုင်ကျောင်း တည်ထောင် ဖွင့်လှစ်ခြင်း မပြုရ”ဟု ပြဋ္ဌာန်းထားသည်။

ယင်းဥပဒေ အခန်း(၇)၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်းပါ ပုဒ်မ ၃၃ တွင် “မည်သူမဆို ပုဒ်မ ၂၈ ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ကျခံစေရမည့်အပြင် ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်လည်း ချမှတ်ရမည်”ဟု ပြဋ္ဌာန်းထားသည်။

အဆိုပါကျောင်းကို လွန်ခဲ့သည့် ၂၀ဝ၀ ခုနှစ်ကတည်းက ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး သာကေတမြို့နယ်၊ ရှုခင်းသာမြို့ပတ်လမ်း၊ ဗဟန်းမြို့နယ် ဖိုးစိန်လမ်း၊ မန္တလေးမြို့နှင့် နေပြည်တော်တို့တွင် ကျောင်းများကို ဖွင့်လှစ်ထားကြောင်း အဆိုပါ ကျောင်းဝက်ဘ်ဆိုက် www.horizon.com.mm တွင် ဖော်ပြထားသည်။

အဆိုပါကျောင်းကို တူရကီနိုင်ငံသားက ဦးဆောင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ယင်းကျောင်းတွင် တူရနိုင်ငံသား ဆရာ၊ ဆရာမ ငါးဦး၊ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ဩစတြေးလျ၊ ဖိလစ် ပိုင်၊ အိန္ဒိယ၊ တရုတ်နိုင်ငံများမှ ဆရာ၊ ဆရာမ စုစုပေါင်း ၂၆ ဦးနှင့် ပြည်တွင်းမှ ဆရာများ ရှိကြောင်း ၂၀၁၆ ခုနှစ်၊ ဇူလိုင်လအတွင်းက Mr. Shahriyor Turgunov နှင့် The Voice တို့ တွေ့ဆုံစဉ် ပြောကြားထားသည်

The Voice

No comments:

Post a Comment