Latest News

Thursday, May 25, 2017

အမေရိကန်၏ ဆိုင်ကယ်ကုမ္ပဏီ Harley-Davidson က ထိုင်းတွင် စက်ရုံတည်ဆောက်မည်

အမေရိကန်၏ ဆိုင်ကယ်ကုမ္ပဏီ Harley-Davidson က ထိုင်းတွင် စက်ရုံတည်ဆောက်မည်

အမေရိကန်တွင် အလုပ်အကိုင်များ ဆက်လက်ထားရှိမှုအတွက် သမ္မတဒေါ်နယ်ထရန့်က ချီးကျူးခဲ့သော နာမည်ကျော် ဆိုင်ကယ် အမှတ်တံဆိပ်ဖြစ်သည့် Harley-Davidson က ထိုင်းနိုင်ငံတွင် စက်ရုံတည် ဆောက်နေကြောင်း မေ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ရာယောင်းပြည်နယ်တွင် ဆိုင်ကယ် တပ်ဆင် စက်ရုံ တည်ဆောက်နေကြောင်း Harley-Davidson ၏ ပြောခွင့်ရသူ ကေတီဝတ်မိုးက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ ယင်းစက်ရုံသည် အမေရိကန်ပြင်ပ၌ တတိယမြောက် Harley-Davidson စက်ရုံဖြစ်သည်။

စက်ရုံ၏ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားရန် ၀တ်မိုးက ငြင်းဆန်ခဲ့သော်လည်း ၂၀၁၈ ခုနှစ် နှောင်းပိုင်းတွင် စက်ရုံကို လည်ပတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပစိဖိတ်ဖြတ်ကျော် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက် TPP မှ နုတ်ထွက်ရန် ထရန့်၏ ဆုံးဖြတ်ချက်ကြောင့် အမေရိကန် ဆိုင်ကယ်ထုတ်လုပ်သူများ ထိခိုက်ခဲ့ရပြီးနောက် Harley-Davidson ၏ ထိုင်းစက်ရုံ တည်ဆောက်မှုသတင်း ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ စီးပွားရေး၏ ရာခိုင်နှုန်း ၄၀ ကို ကိုယ်စားပြုသော ၁၂ နိုင်ငံ ပါဝင်သည့် TPP သည် အမေရိကန်ကုမ္ပဏီများကို ထိခိုက်စေပြီး အလုပ်အကိုင်များ ဆုံးရှုံးစေသည်ဟု ထရန့်က ပြောကြားထားသည်။

ဝစ်ကွန်ဆင်အခြေစိုက် Harley-Davidson သည် အမေရိကန်ပြည်တွင်း၌ ထုတ်လုပ်မှုနှင့် အလုပ်အကိုင်များကို ထိန်းသိမ်းထားကြောင်း ထရန့်က ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားစဉ်တွင် ဥပမာပြုပြောကြားခဲ့သည်။ အင်အားကြီးစ ဈေးကွက်များနှင့် နီးကပ်ပြီး အကောက်ခွန်မြင့်မားမှုကို ရှောင်ရှားနိုင်သောကြောင့် Harley-Davidson က ထိုင်းတွင် စက်ရုံတည်ဆောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။ အမေရိကန်စက်ရုံများမှ ထုတ်လုပ်သော အစိတ်အပိုင်းများဖြင့် ဆိုင်ကယ်ထုတ်လုပ်မှုကို ဘရာဇီးနှင့် အိန္ဒိယတို့တွင် Harley-Davidson ဆောင်ရွက်နေပြီ ဖြစ်သည်။ ထိုင်းသည် ပြည်ပမှတင်သွင်းသော ဆိုင်ကယ်များကို အခွန်ရာခိုင်နှုန်း ၆၀ ခန့်ကောက်ယူသည်။

ထိုင်းတွင် စက်ရုံတည်ဆောက်ခြင်းဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်ကြောင့် အိမ်နီးချင်းနိုင်ငံများသို့ ဆိုင်ကယ်တင်ပို့ရာတွင် အခွန်သက်သာခွင့် ရမည်ဖြစ်သည်။ ထို့ပြင် ဆိုင်ကယ်များအတွက် အဓိက ဈေးကွက်ဖြစ်သော တရုတ်သို့လည်း တင်ပို့မှု အကွာအဝေးကို လျှော့ချနိုင်မည်ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment