Latest News

Monday, May 1, 2017

CIA အကြီးအကဲ တောင်ကိုရီးယား ရောက်ရှိ


CIA အကြီးအကဲ Mike Pompeo
တောင်ကိုရီးယား ထောက်လှမ်းရေး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အတွက် အမေရိကန် ထောက်လှမ်းရေး အေဂျင်စီ CIA အကြီးအကဲ Mike Pompeo တောင်ကိုရီးယား နိုင်ငံ ဆိုလ်းမြို့တော်ကို ရောက်ရှိနေပါတယ်။

မြောက်ကိုရီးယားရဲ့ နျူးကလီးယား လက်နက် စမ်းသပ်မှု အစီအစဉ်တွေ အပေါ် အင်မတန် စိုးရိမ်မကင်း ဖြစ်ရကြောင်းကို အမေရိကန် အစိုးရ ထိပ်တန်းတာဝန်ရှိသူတွေ ဆက်တိုက် ထုတ်ဖော် ပြောဆိုနေကြချိန်မှာဘဲ CIA အကြီးအကဲရဲ့ အခု ခရီးစဉ် ထွက်ပေါ်လာတာပါ။ ဇနီးဖြစ်သူ Susan နဲ့ အတူ ဒီသတင်းပတ်ကုန်ပိုင်းမှာ တောင်ကိုရီးယား နိုင်ငံကို ရောက်ရှိနေတဲ့ CIA ညွှန်ကြားရေးမှူး Pompeo က တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေး ဌာန အကြီးအကဲ၊ နောက် သမ္မတရုံး အကြီးတန်း တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒီတွေ့ဆုံ ဆွေးနွေးမှုတွေ အပြီး နာရီပိုင်း အကြာမှာတော့ မြောက်ကိုရီးယား အပေါ် ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဖို့ အမေရိကန်ရဲ့ ဖိအားပေးမှုကို တုံ့ပြန်တဲ့ အနေနဲ့ နျူးကလီးယား အစီအစဉ်တွေကို အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ဒီကနေ့ တနလာင်္နေ့မှာ ကြေညာပါတယ်။ ပြီးခဲ့တဲ့ စနေနေ့တုန်းကမှ မြောက်ကိုရီးယားဘက်က ဒုံးကျည် စမ်းသပ်မှု လုပ်ခဲ့သေးတာ ဖြစ်ပြီး တောင်ကိုရီးယားနဲ့ အမေရိကန် အရာရှိတို့ကတော့ ဒီစမ်းသပ်မှုက မအောင်မြင်ဘူးလို့ ပြောဆိုထားတာပါ။ ကီလိုမီတာ ၉ ထောင်လောက် အဝေးက အမေရိကန် ပြည်ထောင်စု အထိ ပစ်ခတ်နိုင်မယ့် တာဝေးပစ် ဒုံးကျည်ကို မြောက်ကိုရီးယား အစိုးရက အောင်မြင်ဖို့ ကြိုးပမ်းနေတာပါ။

မြောက်ကိုရီးယားကို သတိပေးတဲ့ အနေနဲ့ အမေရိကန် သမ္မတ Donald Trump က အမေရိကန် လေယာဉ်တင် သဘောင်္ USS Carl Vinson ဦးဆောင်တဲ့ ရေတပ် တိုက်ခိုက်ရေး တပ်ဖွဲ့ဟာလည်း ကိုရီးယားကျွန်းဆွယ် အနီး ပင်လယ်ပြင်ကို စေလွှတ်ထားတာပါ။ တချိန်တည်းမှာဘဲ ဒေသတွင်း စစ်ရေးအခန်းကဏ္ဍမှာ ပိုပြီး နေရာယူလာနေတဲ့ ဂျပန်ဘက်ကလည်း အမေရိကန် စစ်သဘောင်္ အုပ်စုနဲ့ ပူးပေါင်းဖို့ ဂျပန် ဖျက်သဘောင်္ တစင်းကို ဒီကနေ့ဘဲ ဆိပ်ကမ်းကနေ လွှတ်လိုက်ပြီ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment