Latest News

Saturday, May 13, 2017

သင့်တော်သည့် အခြေအနေတွင် အမေရိကန်နှင့် ဆွေးနွေးရန် ဆန္ဒရှိဟု မြောက်ကိုရီးယားဆို

သင့်တော်သည့် အခြေအနေတွင် အမေရိကန်နှင့် ဆွေးနွေးရန် ဆန္ဒရှိဟု မြောက်ကိုရီးယားဆို

မှန်ကန်သင့်တော်သော အခြေအနေ တစ်ရပ်တွင် အမေရိကန်နှင့် မျက်နှာချင်းဆိုင် ဆွေးနွေးရန် ဆန္ဒရှိကြောင်း မြောက်ကိုရီးယား အစိုးရဘက်က ပြောကြားလိုက်သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ဒုံးကျည်စမ်းသပ်မှုများ ဆက်တိုက် လုပ်ဆောင်နေစေသည့်အပေါ် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၏ ပြင်းပြင်းထန်ထန် ဆန့်ကျင်တုံ့ပြန်ခဲ့သည့်နောက် ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာခဲ့သည်။

မေ ၁၃ ရက်တွင်မူ မြောက်ကိုရီးယား အစိုးရ၏ အမေရိကန်ရေးရာ စီမံကိုင်တွယ်ရေးဌာန ထိပ်တန်း အရာရှိ တစ်ဦးက သင့်တော် မှန်ကန်သော အခြေအနေတွင် နှစ်နိုင်ငံ ဆွေးနွေးရန် လိုလားသည်ဟု ထုတ်ဖော် ပြောဆိုခဲ့ကြောင်း တောင်ကိုရီးယား အခြေစိုက် ယွန်ဟပ် သတင်းဌာနက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အမေရိကန်ရေးရာ ဌာန ညွှန်ကြားရေးမှူး ချိုဆွန်ဟွိုင်က နော်ဝေး ခရီးစဉ်မှ မြောက်ကိုရီးယားသို့အပြန် ဘေဂျင်းတွင် တထောက်နားချိန်၌ သတင်းထောက်များကို ယခုလို မှတ်ချက် ပေးခဲ့ခြင်းဟု သိရသည်။

ချိုသည် မြောက်ကိုရီးယား၏ နျူကလီးယား မူဝါဒနှင့် ပတ်သက်ပြီး နိုင်ငံတကာ အသိုက်အဝန်းနှင့် ညှိနှိုင်းသည့် ကိုယ်စားလှယ် အဖွဲ့မှ ဝါရင့်အမှုထမ်း အမျိုးသမီး တစ်ဦးလည်း ဖြစ်သည်။ မြောက်ကိုရီးယား၏ လက်နက် စမ်းသပ်မှု အရှိန်အဟုန် လျော့ပါးသွားခြင်း မရှိသည့်နောက် အမေရိကန်နှင့် နိုင်ငံတကာ အသိုက်အဝန်းက အရေးယူမှုများ မြှင့်တင်ရန် စီစဉ်နေချိန်၌ မြောက်ကိုရီးယား အစိုးရက ယခုလို အတန်ငယ် လေသံပြောင်းလဲလာခြင်း ဖြစ်သည်။

Ref: CNA

7Day News

No comments:

Post a Comment