Latest News

Tuesday, May 9, 2017

လိပ်ကျွန်းအမှု အယူခံအတွက် မြန်မာသံရုံးမှ ဥပဒေပိုင်းအကြံပြုချက်ကို ထိုင်းရှေ့နေများ ကောင်စီသို့ ပေးပို့ထား

လိပ်ကျွန်းအမှု အယူခံအတွက် မြန်မာသံရုံးမှ ဥပဒေပိုင်းအကြံပြုချက်ကို ထိုင်းရှေ့နေများ ကောင်စီသို့ ပေးပို့ထား

လိပ်ကျွန်းအယူခံအတွက် မြန်မာသံရုံးမှ မြန်မာအစိုးရဥပဒေရေးရာနှင့် မှုခင်းပိုင်းကျွမ်းကျင်သူအဖွဲ့၏ ဥပဒေပိုင်းအကြံပြုချက်ကို ထိုင်းရှေ့နေများ ကောင်စီ သို့ မေ ၅ ရက်က တရားဝင်ပေးအပ်ထားသည်ဟု မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့မှရှေ့နေ ဦးအောင်မျိုးသန့်က မဇ္ဈိမသို့ ပြောသည်။

“မြန်မာနိုင်ငံကကိုယ်စားလှယ်အဖွဲ့က အကြံပြုပေးတဲ့ စာမျက်နှာ ၇မျက်နှာပါတဲ့ အကြံပြုချက်ကတော့ ထိုင်းရှေ့နေများကောင်စီကိုရောက်သွားပါပြီ" ဟု ၎င်းကပြောဆိုသည်။

အဆိုပါအကြံပြုချက်များအပေါ်မူတည်ပြီး ထိုင်းရှေ့နေများကောင်စီက လျှောက်လဲချက်ရေးပြီး အယူခံတင်ရန်နောက်ဆုံးရက်ဖြစ်သည့် မေလ ၂၃ ရက်မတိုင်မီ ထိုင်းတရားရုံးချုပ်သို့ တင်သွင်းနိုင်ရန် ကြိုးစားနေသည်ကြောင်း သိရသည်။

“ကလေးတွေ ပစ်မှုမကျုးလွန်ဘူးဆိုတဲ့ လျောက်လဲချက်မျိုးရေးသားပြီး ထိုင်းနိုင်ငံရဲ့ အဆင့်အမြင့်ဆုံးတရားရုံးကို တင်ပြမှာပါ” ဟု ဦးအောင်မျိုးသန့်ကဆိုသည်။

အဆိုပါ လျောက်လဲချက်ရေးသားပြီးပါက တရားရုံးသို့ အယူခံတင်မည့်ရက် ကိုပြောပြနိုင်မည်ဖြစ်သော်လည်း လတ်တလောတွင် တိတိကျကျပြောရန် မဖြစ်နိုင်သေးကြောင်း ၎င်းကဆိုသည်။

အကယ်၍ မေ ၂၃ မတိုင်မီအထိ အယူခံဝင်ရန် လျောက်လဲချက်ရေးသားမပြီးသေးပါက အကြောင်းပြချက်ခိုင်လုံလျှင် တစ်လထပ်မံတိုးတောင်း၍ ရနိုင်သေးကြောင်းလည်းသိရသည်။

ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့၏ နောက်ဆုံး အယူခံကို တင်ရန် အချိန် ၂ လ တိုးမြှင့်တောင်းဆိုခဲ့ခြင်းဖြစ်ပြီး လာမည့် မေလ ၂၃ ရက် မတိုင်မီ တင်ရန် ကြိုးပမ်းနေသည်ဟု သူက ပြောသည်။

မြန်မာအစိုးရ၏ ဥပဒေနှင့်မှုခင်းပိုင်းဆိုင်ရာကျွမ်းကျင်သူအဖွဲ့၏ အကြံပေးချက်များအား ထပ်မံတင်မည့်အယူခံမှာအသုံးပြုရန် လက်ခံဖို့ ကျန်ခဲ့သည့်လက ထိုင်း ရှေ့နေများကောင်စီတွင် နှစ်ဘက်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူထားခဲ့တာလည်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်မှ ၂၉ ရက်ထိ မြန်မာနိုင်ငံအစိုးရမှ စေလွှတ်ခဲ့သော ဥပဒေအကြုံပြုအဖွဲ့မှ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ညွန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း၊ CID မှုခင်းဌာနမှ မှုခင်းဆိုင်ရာကျွမ်းကျင်သူ ရဲမှူးကြီး ဦးစိုးနိုင်ဦးတို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိလာပြီး အမှုတွဲပါ အထောက်အထားများကို လာရောက် ညှိနှိုင်းခဲ့သည်​ဟု လည်းသိရသည်​။

ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ၂၀၁၄ ခုနှစ် စက်တင်ဘာလက ဗြိတိန်နိုင်ငံသား ဟန်နား ဝစ်သာရစ်နှင့် ဒေးဗစ်မေလာတို့ လိပ်ကျွန်းတွင် အသတ်ခံရပြီးနောက် ဖမ်းဆီးခံရပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က သေဒဏ်အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

Mizzima

No comments:

Post a Comment