Latest News

Tuesday, May 2, 2017

အမေရိကန် ဗုံးကြဲလေယာဉ်များ ပျံသန်းမှု နျူကလီးယားစစ်ပွဲဆီသို့ တွန်းပို့နေခြင်းဟု မြောက်ကိုရီးယားပြော

အမေရိကန် ဗုံးကြဲလေယာဉ်များ ပျံသန်းမှု နျူကလီးယားစစ်ပွဲဆီသို့ တွန်းပို့နေခြင်းဟု မြောက်ကိုရီးယားပြော

ဗုံးကြဲလေယာဉ်တွေဟာ ပူးပေါင်းစစ်ရေးလေ့ကျင့်ရန် ဂူအမ်ကျွန်းကနေ ပျံသန်းထွက်ခွာသွားကြောင်း အမေရိကန်က ပြောထားပါတယ်။

တောင်ကိုရီးယားနဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန် ဗုံးကြဲလေယာဉ်နှစ်စီး ကိုရီးယားကျွန်းဆွယ်မှာ ပျံသန်းခဲ့ပြီးနောက် အမေရိကန်ဟာ ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယားစစ်ပွဲဆီသို့ တွန်းပို့နေကြောင်း မြောက်ကိုရီးယားနိုင်ငံက ယနေ့ (မေလ ၂ ရက်) စွပ်စွဲပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂက အရေးယူပိတ်ဆို့မှုတွေနဲ့ အမေရိကန်ရဲ့ ဖိအားပေးမှုတွေကို အာခံနေဆဲဖြစ်တဲ့ မြောက်ကိုရီးယားက နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို  ဆက်လက် အကောင်အထည်ဖော်မယ်လို့ ပြောကြားမှုတွေနဲ့အတူ ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးတင်းမာမှုတွေလည်း မြင့်တက်နေပါတယ်။

အမေရိကန်ရဲ့ အသံထက်မြန်တဲ့ B-1B Lancer ဗုံးကြဲလေယာဉ်နှစ်စီးဟာ တောင်ကိုရီးယားလေပိုင်နက်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုအတွင်း ကိုရီးယားကျွန်းဆွယ် ကောင်းကင်ယံမှာ တနင်္လာနေ့ (မေလ ၁ ရက်) က ပျံသန်းခဲ့ကြတာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားက နောက်ထပ် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ရန်အသင့်ဖြစ်နေမှုနဲ့ ရန်စမှုတွေကို ဟန့်တားနိုင်ရန်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မွန်ဆောင်ဂွမ်က ပြောပါတယ်။

အမေရိကန်လေတပ်က B-1B Lancer ဗုံးကြဲလေယာဉ်တွေဟာ တောင်ကိုရီးယားနဲ့ ဂျပန် လေတပ်တို့နဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်ရန် ဂူအမ်ကျွန်းကနေ ပျံသန်းထွက်ခွာသွားကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ အဆိုအရ အမေရိကန် ဗုံးကြဲလေယာဉ်တွေက နျူကလီးယားဗုံး ကြဲချတဲ့ စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

"အဆင်အခြင်မဲ့တဲ့ စစ်ရေးအရ ရန်စမှုဟာ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားစစ်ပွဲဖြစ်ဖို့ ပိုနီးစပ်လာအောင် တွန်းပို့နေတာပဲ" လို့ မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA က ယနေ့ ပြောကြားခဲ့ပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်နေစဉ်အတွင်း တောင်ကိုရီးယားမှာ တပ်ဆင်ချထားတဲ့ အမေရိကန်ရဲ့ THAAD ဒုံးကျည်ကာကွယ်ရေးစနစ်ကို ကနဦးအဆင့် အသုံးပြုနိုင်နေပြီဖြစ်ကြောင်း သိရပါတယ်။ တောင်ကိုရီးယားမှာ တပ်ဆင်နေတဲ့ THAAD စနစ်ဟာ ကနဦးအဆင့်အဖြစ် မြောက်ကိုရီးယား ဒုံးကျည်တွေကို ထောက်လှမ်းသိရှိနိုင်ပြီဖြစ်ပြီး အပြည့်အဝ အသုံးပြုနိုင်ရန်မူ လအနည်းငယ် ကြာမြင့်အုံးမယ်လို့ ဆိုပါတယ်။

အမေရိကန်က ကိုရီးယားကျွန်းဆွယ်အနီး လေယာဉ်တင်သင်္ဘော Carl Vinson ဦးဆောင်ပါဝင်တဲ့ တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်စုကို စေလွှတ်ထားပြီး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော USS Michigan ကိုလည်း တောင်ကိုရီးယားမှ ချထားကြောင်း သိရပါတယ်။
Source & Photo: Independent, BBC, Reuters:Duwun

No comments:

Post a Comment