ဧရာဝတီတိုင်းဒေသကြီး၌ လောင်းကစားပြုလုပ်မှုများ ပြန်လည်တွင်ကျယ်လာသဖြင့် သက်ဆိုင်ရာမှ ထိရောက်စွာကြပ်မတ်အရေးယူရန် လိုအပ်လာ
ဟင်္သာတ မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၌ လောင်းကစားပြုလုပ်မှုများ ပြန်လည်တွင်ကျယ်လာသဖြင့် သက်ဆိုင်ရာမှ ထိရောက်စွာ ကြပ်မတ်အရေးယူရန် လိုအပ်လာကြောင်း သုံးသပ်မှုများရှိနေသည်။
ယခင်ကြပ်မတ်အရေးယူခဲ့ချိန်က လောင်းကစားပြုလုပ်မှုများကျဆင်းခဲ့သော်လည်း ယခုအခါ ပြန်လည်တွင်ကျယ်လာသဖြင့် ထိရောက်စွာကြပ်မတ်ရန် လိုအပ်ကြောင်း သုံးသပ်မှုများရှိနေခြင်းဖြစ် သည်။
“ဟိုတုန်းကလိုတော့ တစ်အိမ်တက်ဆင်းနဲ့လိုက်ရောင်းတဲ့ပုံစံမျိုးတော့မတွေ့ရဘူး။ အခု နောက်ပိုင်းလုပ်နေတာတွေက ထိုးသားတွေကလည်း ဖုန်းနဲ့လှမ်းထိုးတယ်။ ကော်မရှင်တင်တဲ့သူတွေ ကလည်း ဖုန်းနဲ့လှမ်းတင်တယ်။ နှစ်လုံးရော၊ သုံးလုံးရော အဲလိုလှုပ်ရှားနေတာတွေ့ရတယ်။ ရွာတွေမှာ။ မြောင်းမြမြို့နယ်ထဲမှာ။ ၂၀၁၇ ထဲကို စ၀င်လာတဲ့အချိန်မှာ ပိုပြီးထင်ထင်ပေါ်ပေါ် လုပ်လာတာတွေ့ရတယ်။ ၂၀၁၆ နှစ်ပိုင်းတုန်းက ဒီလောက်အထိပေါ်ပေါ်ထင်ထင်သိပ်မရှိဘူး”ဟု မြောင်းမြမြို့မှ ကိုအောင်ကိုလတ်က ပြောကြားသည်။
လောင်းကစားမှုများကို ဖမ်းဆီးနိုင်ရန် ရဲတပ်ဖွဲ့ထံ အကြောင်းကြားရာတွင် ဖမ်းဆီးမည့်နေရာ အတိအကျကို အသိမပေးဘဲ ဆောင်ရွက်သည်က ပိုမိုထိရောက်ကြောင်း ဟင်္သာတမြို့မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး ကဆိုသည်။
“လောင်းကစားတွေကို ထိထိရောက်ရောက်အရေးယူတုန်းက တော်တော်လေးပပျောက်ပြီး ငြိမ်သွားခဲ့တယ်။ ဒါပေမယ့် အခုရက်ပိုင်း၊ အခုနှစ်ပိုင်းမှာ လောင်းကစားတွေ ပြန်ပြီးတော့ တော်တော်လေး တွင်တွင်ကျယ်ကျယ်ပေါ်ပေါ်ထင်ထင်လုပ်လာတာတွေ့ရတယ်။ ကျွန်တော့်ရပ်ကွက် အတွင်းမှာတော့ နှစ်လုံး၊ သုံးလုံးဒိုင်တွေ၊ ဖဲဝိုင်းဒိုင်တွေ လက်မခံဘူး။ ဖြစ်လာလို့ရှိရင်လည်း ရဲတပ်ဖွဲ့ ကိုအကြောင်းကြားပြီး ထိထိရောက်ရောက်အရေးယူဆောင်ရွက်မှုတွေလုပ်ခဲ့တယ်။ အဲလိုလုပ်ခဲ့တဲ့ အခါမှာလည်း နေရာကို ကြိုမပြောဘူး။ ဆယ်အိမ်မှူးတွေကိုကအစ အသိမပေးဘဲနဲ့ အရေးယူရတာ များတယ်။ တကယ်လို့ အသိပေးလိုက်ရင် ဖမ်းဆီးလို့မရနိုင်တာတွေ၊ လွတ်မြောက်သွားတာတွေရှိတဲ့ အတွက် ကျွန်တော်က ဖြစ်နိုင်ရင် နေရာကိုကြိုမပြောဘူး”ဟု ဟင်္သာတမြို့၊ အေးမြသာယာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းအောင်က ပြောကြားသည်။
လောင်းကစားပြုလုပ်မှုများအား ကြပ်မတ်အရေးယူရန် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများအား တောင်းဆိုထားပြီး ထိရောက်သောဟန့်တားမှုများမရှိပါက လွှတ်တော်၌ တင်ပြသွားမည်ဖြစ် ကြောင်း ဧရာဝတီတိုင်းဒေသကြီးအမှတ်(၄)မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်ဝင်းက ဆိုသည်။
“အခုနောက်ပိုင်းမှာ နှစ်လုံး၊ သုံးလုံးလောင်းကစားတွေ၊ နွားပွဲတွေ၊ မြင်းပွဲတွေကို နေရာအနှံ့ အပြားမှာ တော်တော်များများလုပ်လာတာတွေ့ရတယ်။ အဲဒီ့အတွက်လည်း ခရိုင်အစည်းအဝေးမှာ အုပ်ချုပ်ရေးပိုင်းကတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကို ဒီကိစ္စတွေ ထိန်းသိမ်းကြပ်မတ်ဖို့ကို ကျွန်တော် တောင်းဆိုခဲ့တယ်။ ဒီလိုတောင်းဆိုထားရဲ့သားနဲ့ ဒီဥစ္စာတွေ ဆက်ပြီး ရှိနေဦးမယ်ဆိုရင်တော့ လွှတ်တော်ထဲမှာ မေးခွန်းမေးတဲ့အထိ ဆောင်ရွက်ဖို့အစီအစဉ်ရှိပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး အမှတ်(၄)မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်ဝင်းက ပြောကြားသည်။
လောင်းကစားပြုလုပ်မှုများ တွင်ကျယ်လာမှုနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ထိရောက်စွာကြပ်မတ်အရေးယူရန် ရှိ၊ မရှိ မေးမြန်းနိုင်ရန် တိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီးခင်မောင်လတ်ထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသဖြင့် အဆက်အသွယ် မရရှိခဲ့ပေ။
အောင်ကျော်မျိုး(ဟင်္သာတ)
Wednesday, May 17, 2017
ဧရာဝတီတိုင်းဒေသကြီး၌ လောင်းကစားပြုလုပ်မှုများ ပြန်လည်တွင်ကျယ်လာသဖြင့် သက်ဆိုင်ရာမှ ထိရောက်စွာကြပ်မတ်အရေးယူရန် လိုအပ်လာ
ဧရာဝတီတိုင်းဒေသကြီး၌ လောင်းကစားပြုလုပ်မှုများ ပြန်လည်တွင်ကျယ်လာသဖြင့် သက်ဆိုင်ရာမှ ထိရောက်စွာကြပ်မတ်အရေးယူရန် လိုအပ်လာ
Reviewed by Ar Ti
on
9:24 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment