Latest News

Saturday, May 13, 2017

ဝိုင်ဘီအက်စ်၊ ကျောင်းကား၊ ရေပေါ်တက္ကစီနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ

ဝိုင်ဘီအက်စ်၊ ကျောင်းကား၊ ရေပေါ်တက္ကစီနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ


ရန်ကုန်မြို့ကို မြန်မာနိုင်ငံ၏ မြို့တော်အဖြစ်မှ ဒုတိယမြို့တော်အဖြစ် ပြောင်းလဲသတ်မှတ်စေကာမူ၊ ရန်ကုန်၏ အရေးပါမှု ရန်ကုန်၏အချက်အချာကျမှုကို ပယ်ဖျက်၍မရပေ။ ထို့ပြင် ရန်ကုန်သည် မြန်မာနိုင်ငံ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကူးသန်းရောင်း ၀ယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် လုပ်ငန်း အားလုံး ဗဟိုပြုရသည့်မြို့လည်း ဖြစ်ပါသည်။

ထို့ကြောင့် ဗဟိုအစိုးရရုံးစိုက်ရာ နေပြည်တော် ပြီးလျှင် အရေးပါဆုံးနှင့် လုပ်ငန်းတာဝန်အများဆုံးသည် ရန်ကုန်မြို့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဖြစ်ပါသည်။ မြန်မာလူထုသည် အင်အယ်လ်ဒီအစိုးရအပေါ် ကြီးမားစွာမျှော်လင့်ခဲ့ကြပါသည်။ အနှစ်နှစ် အလလခံစားခဲ့ရသည့် လူမှုပြဿနာအ၀၀ကို ပြုပြင် ပြောင်းလဲပေးမည့် အစိုးရအဖြစ် မျှော်လင့်ခဲ့ကြပေသည်။ အစကနဦး ရန်ကုန်သင်္ကြန်ကိစ္စကို ၂၀၁၆ တွင် တက်လာသည့် ပူပူနွေးနွေး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြတ်ပြတ်သားသားကိုင်တွယ်ခဲ့သည်ကို ၀မ်းသာအားရကြိုဆိုခဲ့ကြပါသည်။

သို့သော် ရန်ကုန်တိုင်းအစိုးရသည် အစကနဦးရထားသည့် ရန်ကုန်ဒေသလူထု၏ ကျေနပ်အားရမှုကို အရှိန်မြှင့်မတင်နိုင်ဘဲ၊ အချိန်ကြာလာလေ လူထုစိတ်ပျက်လာလေဖြစ်စေသည့် စီမံခန့်ခွဲမှုများ ပြောဆိုမှုများကို လုပ်ကိုင်လာကြပြောဆိုလာကြပါသည်။ ထို့ပြင် လွှတ်တော်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က လွှတ်တော်တာဝန်မထမ်းဆောင်နိုင်စေရန် ရန်ကုန်တိုင်းအစိုးရက ဆန္ဒရှိနေသလောဟုပင် လူထုက တွေးတောထင်မြင်လာကြပါသည်။

အထူးသဖြင့် ယခင်အစိုးရအဆက်ဆက် ကျင့်သုံးခဲ့သည့် မထသ (မော်တော်ယာဉ်လိုင်းပေါင်းစုံ) စနစ်ကို ဖျက်သိမ်းပြီး ရန်ကုန်ဘတ်စ်ကားစနစ် (၀ိုင်ဘီအက်စ်) နှင့် အစားထိုးခဲ့သည့်ကိစ္စ ဖြစ်သည်။ ယနေ့ဆိုလျှင် ၂၀၁၇ ဇန်န၀ါရီ ၁၆ ရက်က စတင်ခဲ့သည့် ၀ိုင်ဘီအက်စ် သက်တမ်းလေးလတွင်းဝင်ခဲ့ပါပြီ။ လူထုနေ့စဉ် သွားလာ ရေးကား အဆင်မပြေသေးပါ။ ထိုသို့အဆင်မပြေသည်ကို ထောက်ပြဝေဖန်ခြင်းအပေါ် ရိုးရိုးသားသား လက်ခံမတုံ့ပြန်ဘဲ ဆင်ခြေဆင်လက်ပေး ကာကွယ်နေခြင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ပုံရိပ်ကို ပိုမိုကျဆင်းစေပါသည်။

ဝိုင်ဘီအက်စ်စနစ် ဘာကြောင့် မအောင်မြင်သနည်း။ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ စီမံခန့်ခွဲပုံ ထောင့်မစေ့မှု၊ လေ့လာခြင်းအားနည်းမှု၊ နေ့စဉ်ကြပ်မတ်မှုအားနည်းမှုနှင့် မူဝါဒကို တိတိကျကျမကိုင်တွယ်မှုများကြောင့် ဖြစ်ပါသည်။ ၀ိုင်ဘီအက်စ်စနစ်ပြောင်း ပြီးနောက် အစိုးရအတွက် ယခင် မထသထက်ဝင်ငွေ ပိုရှာပေးနိုင် သည်ကို လူထုက လိုချင်သည်မဟုတ်ပါ။ နေ့စဉ်သွားလာရသည့် ခရီးများအဆင်ပြေချောမွေ့မှုကို လိုချင်ကြခြင်းဖြစ်ပါသည်။ မထသကို ပြတ်ပြတ်သားသားဖျက်သိမ်းခြင်း မဟုတ်ဘဲ၊ ပြည်သူအများ မလိုလားသည့် မထသခေါင်းဆောင်များကို နေရာပြန်ပေးပြီး ၀ိုင်ဘီအက်စ်အမည်တပ်လိုက်ခြင်း၊ နေ့စဉ်ဝင်ငွေ များကို အများပိုင်စနစ်အရခွဲဝေမည်ဟု ကြေညာသော်လည်း၊ ၀ိုင်ဘီအက်စ်ပြေးဆွဲသည့် ဒုတိယမြောက်နေ့ (၁၇-၁-၂၀၁၇)တွင် ဘတ်စ်ကားမောင်း- ရောင်းများက ဆန္ဒပြသည့်အခါ ယခင်အတိုင်း ကိုယ်ရကိုယ်ယူ (အုံနာ၊ မောင်း၊ ရောင်း)ခွဲဝေယူသည့်စနစ်သို့ ချက်ချင်းပြန်ပေးလိုက်ခြင်းများသည် အစိုးရတရပ်၏တိကျပြတ်သား မှုမရှိခြင်း။ ပြောထားသည့်စည်းမျဉ်းစည်းကမ်းကို ထုတ်ပြန်သည့်အစိုးရကိုယ်တိုင်က မလိုက်နာခြင်းဖြစ်ပါ သည်။

ဦးဖြိုးမင်းသိန်း၏ ပျော့ကွက်ဟာကွက်ကို ကုန်ကားများ၊ တွဲကားများ ရန်ကုန်မြို့တွင်းသို့ နေ့ဘက် မမောင်းရ သတ်မှတ်ချိန်ကပင် ကုန်သည်များက သိရှိနေကြပေသည်။ ဤသို့ တွဲကားများ ဆယ်ဘီးကားများ ကုန်ကားများ ရန်ကုန်မြို့တွင်းသို့ ည ၉ နာရီမှ နံနက် ၆ နာရီထိသာ ၀င်ရောက်မောင်းနှင်ခွင့်ရှိသည်ဟု သတ်မှတ်ပြီး နောက်ဒုတိယနေ့၌ပင် ကုန်ကားများက မော်တင်လမ်းမှ ဘုရင့်နောင်လမ်းထိ တန်းစီရပ်ထား ခြင်းပြုလုပ်ခဲ့သည်။ ကုန်ကားမောင်းသူများဘက်က မောင်းနေစဉ် အချိန်စေ့သွား၍ ရောက်ရာနေရာတွင် ထိုးရပ် လိုက်ရသည်။ ဆန္ဒပြခြင်းမဟုတ်ဟု အကြောင်းပြသည်ကို ဘာမှအရေးမယူဘဲ လက်ပိုက်ကြည့်ခဲ့သည်။ သည်နောက်လိုအပ်ပါက လိုအပ်သည့် ကုန်ကားကို ကုန်ကားများမ၀င်ရ သတ်မှတ်ချိန်အတွင်း မောင်းနှင် ခွင့်ပေးပါမည်။ မိမိချမှတ်ထားသော စည်းမျဉ်းကို လိုအပ်ပါက လျှော့ပေးပါမည်ဟု ဦးဖြိုးမင်းသိန်းကိုယ်တိုင်က ဆိုခဲ့သည်။

ဦးဖြိုးမင်းသိန်း ဤသို့ပြောပြီး နောက်ရက်မှစ၍ ယနေ့ထိ ကုန်ကားတချို့ကို သတ်မှတ်ချိန်အတွင်း မောင်းနှင် နေသည်ကို ပြန်တွေ့ခဲ့ရ၏။ ထို့နောက် ကုန်ကားများ၏ ၀င်ထွက်ချိန်ကို ည ၇ သို့ ထပ်မံ လျှော့ချပေးလိုက် သည်။ ယခုအခါ တနေကုန် အချိန်မရွေးပြန်မောင်းနေကြသော ကုန်ကားများ၊ တွဲကားများကို ရန်ကုန်မြို့ပေါ်တွင် နေ့စဉ်ပြန်မြင်နေကြရပြီ ဖြစ်ပါသည်။ ည ၇ နာရီမှ စမောင်းရမည်ဆိုသော ကုန်ကားများ သည် ညနေ ၆ နာရီနှင့် ၇ နာရီကြား ဆိုလျှင် အင်းစိန်ပေါက်တောဝ မီးပွိုင့်၌ တသီတတန်း စီတန်းရောက် နေကြပြီဖြစ်ပါသည်။ ပေါက်တောဝ မီးပွိုင့်သည် ယာဉ်ထိန်းရဲမရှိ ၀င်ရန်ထွက်ရန် စည်းကမ်းမဲ့တိုးဝှေ့နေသော ကားပေါင်းစုံကို လူထုက ငေးကြည့်နေရုံသာ။ သည်မြင်ကွင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တဦးတယောက်ကမျှ မမြင်ကြလေရော့သလား။ မည်သည့် လွှတ်တော်ကိုယ်စားလှယ်ကမျှ မမြင်ကြ လေရော့သလား။

ပြဿနာတခုကို မကိုင်တွယ်မီ ထောင့်စေ့အောင် စဉ်းစားလေ့လာပြီး ကိုင်တွယ်ပြီဆိုပါက မိမိထုတ်ပြန်သည့် စည်းမျဉ်းစည်းကမ်းကို မိမိကိုယ်တိုင်က တိတိကျကျ လိုက်နာရမည်ဖြစ်ပါသည်။ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၏ စည်းမျဉ်းစည်းကမ်းကိုင်တွယ်ပုံသည် ငိုတတ်သည့်ကလေး နို့စို့ရသည် ဟူသောစကားနှင့် တူနေပါသည်။ အင်အားရှိသော ကုန်သည်ကြီးများက ငိုပြလိုက်၊ အစိုးရက စည်းကမ်းလျှော့ပေးလိုက်၊ ဘတ်စ် ကား မောင်း/ရောင်းများက အကျပ်ကိုင်လိုက်၊ အစိုးရက အလျှော့ပေးလိုက် လုပ်နေလေရာ နောက်ဆုံး ထိုဒဏ် ကိုခံရသူများက ပြည်သူသာဖြစ်ပါသည်။

အစိုးရ၏ နောက်ထပ်အားနည်းမှုမှာ မိမိပြောင်းလဲလုပ်ဆောင်သည့်လုပ်ငန်းအပေါ် ကွင်းဆင်းလေ့လာ စောင့်ကြည့်မှုမရှိခြင်း ဖြစ်ပါသည်။ စာရေးသူသည် ၀ိုင်ဘီအက်စ်စနစ်ပြောင်းခါစက ကားလိုင်းတလိုင်း ကိုစီးနင်းခဲ့ပါသည်။ သခင်မြပန်းခြံရောက်သော် စာရေးသူစီးလာသည့် လိုင်းကားက ဆက်မသွားတော့ပါ။ သခင်မြပန်းခြံတွင် ဂိတ်ထိုးထားသည့် မီနီဘတ်စ်ကို ပြောင်းစီးပြီး မြို့ထဲဝင်ရမည်ဖြစ်ပါသည်။ ကားဂိတ်တွင် စေတနာ့ဝန်ထမ်း ဗော်လန်တီယာ လူငယ်လေး၊ ငါးယောက်ထိုင်နေကြသည်။ နိုင်ငံတကာတွင်တွေ့ရသည့် ဗော်လန်တီယာပုံစံမျိုး မဟုတ်။ လက်ဖက်ရည်ဆိုင်ထိုင်နေသည့်ပုံစံအတိုင်း စားပွဲတလုံးကို အလယ်တွင် ချကာဝိုင်းဖွဲ့ထိုင်စကားပြောနေကြသည်။ ခရီးသည်က သူတို့ထံသွားပြီး ဘယ်လိုင်းကားသည် ရန်ကုန်မြို့တွင်း သို့ အပေါ်လမ်း(မဟာဗန္ဓုလလမ်း)မှ သွားမည်။ မည်သည့်ကားသည် အောက်လမ်း(ကမ်းနားလမ်း)မှ သွား ပါမည်နည်း သွားမေးရသည်။

တကယ်အလုပ်လုပ်မည်ဆိုပါက ဗော်လန်တီယာများသည် ဗော်လန်တီယာအမှတ်တံဆိပ် တခုခု လက်မောင်းတွင် သို့မဟုတ် ရင်ဘတ်တွင် တပ်ဆင်ထားရမည်။ ကားတကားဆိုက်လာလျှင် မည်သည့်ကားက အပေါ်လမ်းသို့ရောက်မည်။ မည်သည့်ကားက အောက်လမ်းသို့ရောက်မည် လမ်းညွှန်ပေးရမည်။ သူတို့သည် ၀ိုင်းဖွဲ့ထိုင်နေသူများမဟုတ်ဘဲ အလုပ်လုပ်ရန် ခရီးသွားများကိုကူညီရန် အသင့်အနေအထားဖြင့် တက်ကြွနေရမည်။ ဗော်လန်တီယာများကို မမေးမီ ယခုထွက်မည့်ကားဟူသည့် စာတန်းချိတ်ထားသည့် နေရာတွင်ရပ်ထားသည့် ကားပေါ်မှ ဒရိုင်ဘာကို ဦးစွာမေးသော်လည်း ဒရိုင်ဘာက သူ့အလှည့်ဟုတ်၊ မဟုတ်မသိ။ သူ့ကားသည် အပေါ်လမ်းမှမောင်းရမည့် ကားလား။ အောက်လမ်းမှ မောင်းရမည့်ကားလား မသိဟု ပြန်ဖြေသည်။ ဤအဖြေကလည်း မဖြစ်သင့်ပါ။ ဒရိုင်ဘာ၏တာဝန်မဲ့မှု ခရီးသည်အပေါ်အလေးမထားမှု ကို ဖော်ပြနေပါသည်။ ထို့ပြင် မြို့ထဲဝင်ရန် လမ်းနှစ်သွယ်သာရှိသည်ကို အဘယ်ကြောင့် အပေါ်လမ်းသွားမည့် ကားများ၊ အောက်လမ်းမှသွားမည့်ကားများ ခွဲခြားမထားပေးပါသနည်း။ လမ်းညွှန်စာများ ဘာကြောင့် မထား ပေးပါသနည်း။ စကတည်းက ယဉ်သကိုနှင့် ကခဲ့သည့် ၀ိုင်ဘီအက်စ်ပါ။

ဝိုင်ဘီအက်စ်ပြဿနာလွှတ်တော်ထဲရောက်လာချိန်တွင် စာရေးသူ နောက်တခေါက် ၀ိုင်ဘီအက်စ် ထပ်စီးပါ သည်။ ဗိုလ်တထောင်မှ မြို့ထဲသို့ ၀ိုင်ဘီအက်စ်စီးရန် ဗိုလ်တထောင် ရဲစခန်းနားရှိ ကားမှတ်တိုင်တွင် မတ်တတ် ရပ်စောင့်ပါသည်။ သည်လမ်းက တလမ်းမောင်းဖြစ်ပါသည်။ စာရေးသူစီးရမည်ကားနံပါတ်က ၂၀။ နံပါတ် ၂၀ အ၀င်ကား၏ဂိတ်ဆုံးကလည်း သည်မှတ်တိုင်ပင်ဖြစ်ပါသည်။ ထို့ကြောင့် လာသမျှ နံပါတ် ၂၀ ကားများသည် ကားမှတ်တိုင်သို့ လာမရပ်ဘဲ၊ မှတ်တိုင်နှင့် မျက်နှာချင်းဆိုင် တဖက်လမ်းကြောတွင်သာ ရပ်ကြပါသည်။ အကယ်၍ မှတ်တိုင်တွင် ရပ်ချင်ဦးတော့ နေရာမရှိ။ အဘယ်ကြောင့်ဆိုသော် ၅၆ လား ၆၅ လား မမှတ်မိသည့်မီနီဘတ်စ်က ကျောက်ချရပ်ပြီး လူစောင့်တင်နေသည်။ သို့ဖြင့် စာရေးသူက လမ်းတဖက်သို့ ကူးရပါသည်။ အမှတ် ၂၀ ကားပေါ်ရောက်သော် စပယ်ယာက ကားခမယူ။ တမှတ်တိုင်မောင်းပြီးသော် ရှေ့တွင်ရပ်ထားသည့် နံပါတ် ၂၀ ကားပေါ်သို့ ပြောင်းစီးခိုင်းသည်။ ကားနှစ်စီးစလုံး အရွယ်တူ ဘတ်စ်ကားကြီးများ ဖြစ်ကြသည်။ ပထမဆုံးဝိုင်ဘီ အက်စ်စီးတုန်းက မြို့ပြင်မှစီးလာသော ကားက ကား ကြီးဖြစ်ပြီး သခင်မြပန်းခြံတွင် ပြောင်းစီးရသည့်ကားက မီနီဘတ်စ်ကားငယ် ဖြစ်ပါသည်။

ယခု ဗိုလ်တထောင်တွင် မြို့ပြင်မှစီးလာသည့် နံပါတ် ၂၀ နှင့် မြို့ထဲသွားရန်ပြောင်းစီးရသည့် နံပါတ် ၂၀ ကား တရွယ်တည်း။ ဘာကြောင့်အရွယ်တူကားချင်းဖြစ်ပါလျက် သည်ကားပေါ်ကဆင်း ဟိုကားပေါ် တက်လုပ်ခိုင်း ပါသနည်း။ ထို့ပြင် ဘယ်မှတ်တိုင်စီးစီး ကားခနှစ်ရာကျပ်။ မြို့ပြင်မှ ရန်ကုန်ထဲသို့ နေ့စဉ် အလုပ်လာလုပ်ရသည့် တပည့်လေးတယောက်က အရင်တုန်းက ''ကားခ တထောင်ပဲကုန်တာ။ အခုတော့ နှစ်ထောင်လောက်ကုန် တယ်''ဟု ညည်းတွားရှာပါသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ လွှတ်တော်ကိုယ်စားလှယ်များ ပင်နီအင်္ကျီတကားကား မ၀တ်ဘဲ သူလိုကိုယ်လိုပုံစံဖြင့် ၀ိုင်ဘီအက်စ်ကို တခေါက်လောက်သာစီးကြည့်ကြပါဟု အကြံပေးလိုပါသည်။ သို့မှ မိမိတို့ လုပ်ဆောင်နေသည့်လုပ်ငန်းကို လက်တွေ့မြည်းစမ်းမိမည် ဖြစ်ပါသည်။

မကြာမီ ကျောင်းများ ပြန်ဖွင့်ပါတော့မည်။ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ကျောင်းကားများကိုလည်း စနစ်ပြောင်း မည်။ နိုင်ငံတကာမှာ ကျောင်းကားတွေက အ၀ါရောင်တွေဟု ဆိုလိုက်ပြန်ပါသည်။ သည်တွင် အမေရိက၌ နှစ်ရှည်လများနေလာသည့် အသိတယောက်က ဦးဖြိုးမင်းသိန်းကို ''ဒီလူ ပုံတူကူးလို့ မရဘူးဆိုတာ နားလည်ပုံ မရဘူး''ဟု မှတ်ချက်ချပါသည်။ ထိုမိတ်ဆွေက ဆက်ပြောပါသည်။

''နိုင်ငံတကာမှာ လမ်းစည်းကမ်းယာဉ်စည်းကမ်း တွေကို တိတိကျကျချမှတ်ထားတယ်။ ချမှတ်ထားတဲ့အတိုင်း လူတိုင်းလိုက်နာရတယ်။ ပြီးတော့သူတို့ဆီကလမ်းတွေက ကျယ်လည်းကျယ်တယ်။ စနစ်တကျလည်း ဖောက်လုပ်ထားတယ်။ ဥပမာ- ကျောင်းကားဆိုပါတော့။ ရှေ့ကသွားနေတဲ့ ကျောင်းကားကို ဘယ်ကားကမှ ကျော်မတက်ရဘူး။ ကျောင်းကားကလည်း ကလေးတွေကို အတင်အချလုပ်ရမယ့် နေရာကလွဲပြီး ဘယ်မှာမှ မရပ်ရဘူး။ အမေရိကန်မှာ သမ္မတရော်နယ် ရီဂင်လက်ထက်က ရီဂင်ကားက ကျောင်းကားဥပဒေနဲ့ငြိဘူးတယ်။ ဒီ့နောက် ရီဂင်က မြို့တွင်းခရီးဆိုရင် ဟယ်လီကော် ပတာနဲ့ပဲ သွားတော့တယ်''

''မြန်မာပြည်က လမ်းတွေက ပြီးစလွယ်လုပ်ထားတာ တွေများတယ်။ ခရီးသွားတွေရော ယာဉ်မောင်းတွေပါ လမ်းစည်းကမ်းယာဉ်စည်းကမ်း လိုက်နာတာ အားနည်းတယ်။ ဥပမာ- အမေရိကန်မှာ သမ္မတကတောင် ဥပဒေကို လေးစားရပေမဲ့၊ မြန်မာ ပြည်မှာက ပါးစပ်ပြောသာ ဥပဒေ စိုးမိုးနေတာ လက်တွေ့မစိုးမိုးဘူး။ ဦးဖြိုးမင်းသိန်းက ကုန်ကားအ၀င်အထွက် စည်းကမ်း၊ ၀ိုင်ဘီအက်စ်ကိစ္စတွေ ကိုင်တွယ်ပုံလျော့ရဲတယ်။ တင်းလိုက်လျှော့လိုက်လုပ်တယ်။ ဒါကြောင့် သူ့စီမံမှုကို လူထုကလည်း အထင်သေးလာတယ်။ ကုန်သည်ကား သမားတွေဘက်ကလည်း အထင်သေးလာတယ်။ လေးစားမှု အားနည်းလာတယ်။ ဒါက ရန်ကုန် တိုင်းဒေသကြီးအစိုးရအတွက် မကောင်းဘူး''

''အန်ကယ်လ်တို့လည်း နိုင်ငံခြားမှာ ခေတ်မီတိုးတက်နေတာတွေ၊ စည်းကမ်းရှိတာတွေ၊ သန့်ရှင်းတာတွေ တွေ့ရင် အားကျတာပေါ့။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ဒီလိုဖြစ်စေချင်တာပေါ့။ ဒါပေမဲ့ ဒီလိုဖြစ်ဖို့ ပုံတူကူးလို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာအစိုးရ အဆက်ဆက် လူထုကိုပညာပေးတာ သိပ်အားနည်းတယ်။ အင်အယ်လ်ဒီအစိုးရလည်း ပညာပေးမှုအပိုင်း အားနည်းတယ်။ အခုဆို အမှိုက်ကိစ္စပဲကြည့်ပါ။ လူတဦးချင်း အမှိုက်ကို စနစ်တကျပစ်အောင် ဘာပညာပေးမှုမှ မရှိဘဲ၊ ရေမြောင်းထဲကအမှိုက်တွေ ဖော်တယ်။ ရှေ့ကဖော် နောက်ကပစ်တယ်''

''အမှိုက်နဲ့ပတ်သက်ပြီး ချပေးထားတဲ့ အမှိုက်ပုံးတွေကလည်း နိုင်ငံတကာစံ မဟုတ်ဘူး။ အမှိုက်ခွဲ ခြားပစ်တတ်အောင်လည်း လေ့ကျင့်မပေးဘူး။ အမှိုက်ပုံးထားမပေးဘူး။ ပြန်သုံးလို့ရတဲ့အမှိုက် ပြန်သုံးလို့မရတဲ့ အမှိုက်ခွဲပစ်ဖို့ မြန်မာတွေ နားမလည်ဘူး။ ခွဲပစ်တတ် သူတချို့အတွက် ခွဲပစ်စရာအမှိုက်ပုံးလည်း မရှိဘူး။ အန်ကယ်လ်သာ ဦးဖြိုးမင်းသိန်းနေရာကိုင်တွယ်ရရင် အပြလှဖို့ မြေနီကုန်းခုံးကျော်အောက်ကို အလှဆင်တာမျိုး မလုပ်ဘူး။ လူထုအမှိုက်ပစ်တတ်လာအောင်၊ ပစ်စရာအမှိုက်ပုံး တူတူတန်တန်ရှိအောင် လုပ်ပေးမယ်။ အခု လှည်းတန်းခုံးကျော်ပေါ်တက်ကြည့်ပါ။ အမှိုက်ပုံးတွေက ပုံစံမကျဟောင်းလောင်းတွေ။ နေ့စဉ်အမှိုက် မသိမ်းတော့ နံစော်ညစ်ပတ်နေ။ လှေကားကလည်း အမှိုက်ဗရပွနဲ့ ဖုန်မှုန့်၊ သဲမှုန့် ဗရပွနဲ့ပါ။ ဒီအနေအထားကို ရန်ကုန်က ရှိရှိသမျှ ခုံးကျော်တံတားတွေပေါ်တွေ့နိုင်ပါတယ်။ ဘယ်အစိုးရအဖွဲ့ဝင်မှ ဒီလိုနေရာတွေကို မလေ့ လာတော့ သူတို့တဖြည်းဖြည်းလက်တွေ့ဘ၀နဲ့ ကင်းလာကြပြီ။

နိုင်ငံခြားက ကျောင်းကားပုံစံ ပုံတူကူးမယ်ဆိုရင် နိုင်ငံခြားက စည်းကမ်းလိုက်နာမှုကို အရင်ပုံတူကူးရမှာ။ ပြည်သူမှာ စည်းကမ်းလိုက်နာစိတ်၊ သည်းခံစောင့်ဆိုင်းနိုင်စိတ်တွေ ထည့်မပေးဘဲ၊ လေ့ကျင့်မပေးဘဲ စင်ကာပူ လို လိုက်လုပ်လို့မရဘူး။ အမေရိကလို လိုက်လုပ်လို့မရဘူး။ စည်းကမ်းဖောက်ဖျက်လာရင်လည်း ငနီ၊ ငဖြူမခွဲခြားဘဲ ချက်ချင်းထိထိရောက်ရောက် တပြေးညီ အရေးယူပြနိုင်ရမယ်။

''အခုရက်ပိုင်းရောက်မှ ရေပေါ်တက္ကစီတွေ ဆွဲတော့မယ်လို့ ပြည်သူကို အခုမှအသိပေးတယ်။ ဒါမျိုး မလုပ်သင့်ဘူး။ ပြည်သူကို ကြိုတင်ချပြရမယ်။ လွှတ်တော်ကို ကြိုတင်ချပြရမယ်။ ကိုယ်ကရိုးရိုးသားသား ပြည်သူအတွက် အလုပ်လုပ်တာကို ကိုယ့်တပါတီထဲက အမတ်တွေကြီးစိုးနေတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုချပြဖို့ ဘာကြောင့်ဝန်လေးတာလဲ။ ပြည်သူကို ဘာကြောင့် ကြိုတင်အသိမပေးရဲတာလဲ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ နောက်ထပ်အားနည်းချက်က အရေမထူတာပဲ။ ဘယ်အစိုးရဖြစ်ဖြစ် ဘယ်လောက်ကောင်းအောင်လုပ်လုပ် ဝေဖန်ချင်သူက ဝေဖန်မှာပဲ။ ဝေဖန်တာကို ခံနိုင်ရည်ရှိတာ အစိုးရ ကောင်းရဲ့ အရည်အချင်းတရပ်ပါ။ ဥပမာ- ၀ိုင်ဘီ အက်စ်ကို လွှတ်တော်က ဘယ်လိုပဲဝေဖန် ဝေဖန် ၀ိုင်ဘီ အက်စ်စနစ် မှန်ကန်ကောင်းမွန်တယ်ဆိုရင် ပြည်သူက ထွက်ပြောလာမှာပါ။ လူထုမှတ်ချက်က အကောင်းဆုံး အဆုံးအဖြတ်ပါ။ ဒါပေမဲ့ ကိုယ့်လုပ်ငန်းအခြေအနေမှန်ကို ကိုယ်တိုင်သိအောင် အားထုတ်ရပါတယ်။ ဒါဆိုရင် ပြုပြင်စရာရှိလည်း ပြုပြင်လိုက်ရုံပါပဲ။ မျက်စိမှိတ်ဆင်ခြေပေးနေတာက ပိုမှားတယ်။ အခုဆို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ၀ိုင်ဘီအက်စ်နဲ့ပတ်သက်တာကို မီဒီယာတွေကမေးရင် ဘာမှမဖြေရဘူးလို့ ညွှန်ကြားထားတယ်လို့ သတင်းတွေထွက်နေတယ်။ မမှန်ပါစေနဲ့ ဆုတောင်းပါတယ်။ ဒီစကားမှန်ရင် ရန်ကုန်တိုင်းအစိုးရ အမှားတခု ထပ်ကျူးလွန်လိုက်တာပဲ''

''အခု မကြာခင် ရေပေါ်တက္ကစီလာတော့မယ်။ ဒီရေကြောင်းခရီးတလျှောက် သမားရိုးကျ လုပ်ကိုင်စားနေသူ တွေဘ၀ကို ထည့်တွက်ခဲ့ရဲ့လား စိတ်ပူမိတယ်။ ပြီးတော့ ရန်ကုန်အစိုးရလုပ်သမျှ ဘာတခုမှအမျိုးသားရေး လက္ခဏာ မတွေ့ရဘူး။ စစ်အစိုးရကတောင် မထသခေါ်တာကို သူတို့က ဘာကြောင့် ရဘသ ဒါမှ မဟုတ် ရဘဖ မခေါ်နိုင်တာလဲ။ YBS ခေါ်နေတယ်။ လာပြန်ပြီ Water Taxi တဲ့။ ရေကြောင်းယာဉ် ဒါမှမဟုတ် ကူးတို့စတဲ့ သင့်တော်တဲ့မြန်မာအသုံးမရှိတော့ဘူးလား။ ဒီနေရာမှာ ထိုင်းတို့၊ တရုတ်တို့ကို သိပ်အတုယူဖို့ ကောင်းတယ်။ လူအများနဲ့သက်ဆိုင်တာအားလုံး တိုင်းရင်းဘာသာစကား တွင်တွင်သုံးပေးတယ်။ တချို့ ထိုင်းကလာတဲ့ လူသုံးကုန်တွေဆို အညွှန်းဖတ်ချင်ပေမဲ့ အားလုံး ထိုင်းလိုရေးထားလို့ ဘာမှဖတ်မရဘူး''”

''ရန်ကုန်တိုင်းအစိုးရကိုယ်စား အန်ကယ်လ် စိတ်ပူတယ်။ ၀ိုင်ဘီအက်စ် မပြတ်သေးဘူး။ ကျောင်းကားကို ကိုင်ရင်ထပ်လာဦးမယ် ပြဿနာတွေ။ နောက်ထပ် ရေပေါ်တက္ကစီက ဘာပြဿနာပေါ်ဦးမယ်မဆိုနိုင်ဘူး။ အများနဲ့ဆိုင်တာတွေကို အများကိုမချပြဘဲ၊ လွှတ်တော်ကို ဆွေးနွေးခွင့်မပေးဘဲလုပ်တာ အဆင်ပြေရင် ကောင်းပါတယ်။ တခုခုဖြစ်လာရင် ပြဿနာ ပေါင်းစုံပေါ်လာနိုင်တယ်။ အပြောင်းအလဲကိုလုပ်ရင် စီမံချက်ခိုင်မာ ဖို့ လိုတယ်။ လက်တွေ့ကျဖို့လိုတယ်။ လုပ်ဆောင်တဲ့ အပြောင်းအလဲကို ချထားတဲ့မူဝါဒအတိုင်း တိတိကျကျ လိုက်နာစေအောင် ထိန်းကျောင်းပေးနိုင်ရမယ်။ ရလဒ်ကို နောက်ကြောင်းပြန် စစ်ဆေးနေရမယ်။
လက်တွေ့ကွင်းဆင်းပြီး ပြီးမြောက်မှု အတိုင်းအတာကို အကဲဖြတ်ရတယ်။ ဒီလို မဟုတ်ဘဲ၊ ဟိုဟာလုပ် တိုးလို့တန်းလန်း၊ ဒါလုပ် ပြဿနာဗရပွဆိုရင်တော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အခက်တွေ့လိမ့်မယ်။ ၀ိုင်ဘီအက်စ်၊ ကျောင်းကားကိစ္စနဲ့ ရေပေါ်တက္ကစီ သုံးခုပေါင်းရလဒ် မကောင်းခဲ့ရင်တော့ ဦးဖြိုးမင်းသိန်း ရာထူးက နုတ်ထွက်ပေးရတဲ့ထိ ဖြစ်လာနိုင်တယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဒီတနှစ်အတွင်း အရှိန်ကောင်းကောင်း အလုပ်မလုပ်နိုင်ရင် ရှေ့အလားအလာမကောင်းပါဘူး။ လုပ်နိုင်ပါစေ ဆုတောင်းနေပါ တယ်။ အန်ကယ်လ်ကိုယ်တိုင် အင်အယ်လ်ဒီကိုမဲပေး ခဲ့တာကိုး''

ခင်နှင်းဦး(News Watch)

No comments:

Post a Comment