မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး တရုတ်ပညာရှင်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေ
မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင် သွင်းနိုင်ရေး လိုအပ်သည့်အချက်အလက်များရယူနိုင်ရန် ဘုရားစေတီများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ပုံရိပ်ဖော်ခြင်းနှင့် ယဉ်ကျေးမှုနယ်မြေအတွင်း အိမ်ခြေစာရင်းများ ကောက်ယူနိုင်ရန် တရုတ်နိုင်ငံမှ ပညာရှင်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဇုန်)မှ သတင်းရရှိသည်။
‘‘တရုတ်က ပညာရှင်အဖွဲ့ နဲ့ ပူးပေါင်းပြီး ကျန်နေသေးတဲ့ ဘုရားတွေကို တစ်ဆူချင်းဆီ Digital စနစ်နဲ့ Scan ဖတ်တာတွေ လုပ်နေပါတယ်။ ပြီးတော့ မြောက်ဦးကို A, B, C, D အပိုင်းလေးပိုင်း ခွဲလိုက်ပြီး အဲဒီလေးခုစလုံးကဘုရားတွေကို စာရင်းကောက်တာ နဲ့ လူနေထိုင်မှု စာရင်းတွေလည်း ကောက်ယူသွားဖို့အတွက် လုပ်နေပါတယ်’’ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဇုန်) ညွှန်ကြားရေးမှူး ဦးငြိမ်းလွင်က ပြောကြားသည်။
တရုတ်ပညာရှင်အဖွဲ့အနေ ဖြင့် ယခုနှစ် ဇန်န၀ါရီမှ မတ် လအတွင်း ဘုရားစေတီပုထိုးတစ် ရာခန့်ကို ဒရုန်းများဖြင့် 3D ပုံရိပ်များရိုက်ကူးကာ မြေပုံများထုတ်ပေးခဲ့ပြီး ဧပြီ ၃၀ ရက်တွင် ကျန်ရှိနေသည့် ဘုရားစေတီများကို Digital Scanning ပြုလုပ်ရန်နှင့် လူနေအိမ်ခြေစာရင်းများကောက်ယူရန် ဒုတိယအကြိမ် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
‘‘ဒါတွေက သရေခေတ္တရာ မှာတုန်းကလည်း လုပ်ခဲ့တယ်။ အခုသူတို့လုပ်တာက ပိုပြီးတော့ စနစ်တကျနဲ့ အပေါ်စီးကနေ အကုန်လုံးကို ဓာတ်ပုံရိုက်ပြီး ဘယ်အပိုင်းမှာတော့ လူနေအိမ်ခြေဘယ်လောက်ရှိတယ်ဆိုတာကိုရော မိသားစုဘယ်လောက်ရှိတယ်ဆိုတာကိုပါ စာရင်းကောက်ယူသွားမှာ ဖြစ်ပါတယ်’’ဟု ဦးငြိမ်းလွင်က ဆိုသည်။
ပျူမြို့ဟောင်း သုံးခုဖြစ် သော သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းဒေသတို့ရှိ ယဉ်ကျေးမှု ဇုန်များကို ကမ္ဘာ့အမွေအနှစ်စာ ရင်းဒေသများအဖြစ် ယူနက်စကို က သတ်မှတ်ခဲ့ပြီးနောက် ၂၀၁၇ တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်၊ ၂၀၁၈ တွင် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်နှင့် ၂၀၁၉ တွင် ရွှေတိဂုံ စေတီတော်တို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ရေး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆောင်ရွက်နေသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment