“အောင်မြင်ဖို့အတွက် ရှုံးနိမ့်ဘူးရတယ်“
မှားမှာကို ကြောက်တယ်၊ အရှုံးတွေကို ရင်မဆိုင်ရဲဘူး ….ဆိုတဲ့စကားမျိုးတွေကြားရတိုင်း ဒါဆို မင်းမအောင်မြင်နိုင်ဘူးနော်လို့ပဲ … ဆိုရပါလိမ့်မယ်။
တကယ်တော့ အမှားတို့ အရှုံးတို့ဆိုတာ ကို်ယ့်ကို ပေးလိုက်တဲ့ အတွေ့အကြုံကောင်းတစ်ခု၊ အောင်မြင်မှုရရှိစေဖို့အတွက် လှေခါးထစ်လေး တစ်ထစ်ပါ။
ဒီအဆင့်ကို မဖြတ်သန်းဘဲနဲ့ ထိတ်ကို မရောက်နိုင်သလို၊ ဒီအရှုံးမျိုး မကြုံဘူးဘဲနဲ့လည်း ကြီးကျယ်လှတဲ့အောင်မြင်မှုတွေကို မရရှိနိုင်ပါဘူး။
ကျွန်မတို့တွေက ကို်ယ်ရရှိလိုက်တဲ့အတွေ့အကြုံတွေ၊ လုပ်ရပ်တွေကနေ သင်ယူကြရပါတယ်။ အဲဒီ သင်ခန်းစာတွေက ကျောင်းစာအုပ်ထဲမှာလည်း မပါဝင်တဲ့အတွက် အလွတ်လည်း မကျက်ထားခဲ့မိပါဘူး။ ဒါကြောင့် ဘယ်ကျောင်းမှာမှ မသင်လိုက်ရတဲ့အတွက် မှားတဲ့အခါ ရှုံးတဲ့အခါ စိတ်ထိခိုက်ရသလို ခြေမကိုင်မိ လက်မကိုင်မိလောက်အောင်လည်း ဘာလုပ်လို့လုပ်ရမှန်းမသိအောင် ဖြစ်ရတတ်ပါသေးတယ်။
ဒါဆို ကျွန်မ အတွေ့အကြုံအရ အကောင်းဆုံးအကြံပေးရရင်တော့ မှားတယ်၊ ရှုံးတယ်ဆိုတာကို လက်ခံလိုက်ပါ။ မှားလျက်နဲ့ မမှားဘူး၊ ရှုံးလျက်နဲ့ မရှုံးဘူးလို့ ဟန်မဆောင်မိပါစေနဲ့..အဲဒီလို ဟန်ဆောင်လိုက်တာနဲ့ ကိုယ်ရမဲ့ အောင်မြင်မှုဟာ ဝေးသွားတယ်၊ ကိုယ်တက်ရမဲ့ ခြေတစ်လှမ်းဟာ နောက်ကျသွားတယ်။
ဒါကြောင့်မှားပြီ၊ရှုံးပြီ ဆိုတာနဲ့အဲဒါကို ချက်ခြင်း လက်ခံလိုက်ပါ၊ တောင်းပန်သင့်ရင် တောင်းပန်လိုက်ပါ။ ပြီးရင် ကို်ယ့်အမှားနဲ့ အရှုံးကို ပြန်မြင်အောင် ကြည့်ပါ၊ မြင်အောင် ကြည့်တဲ့နေရာမှာ ကိုယ့်ကိုယ်ကို ရိုးသားပါ၊ သစ္စာရှိပါ။
ကိုယ့်ကိုယ်ကို ရိုးသားတယ်ဆိုတာက အရှိကို အရှိတိုင်း မြင်တာပါ၊ ကိုယ်ရဲ့ အားနည်းချက်ကို မြင်အောင် ကြည့်ပြီးတဲ့အခါ အားသာချက်အဖြစ် မပြောင်းလဲနိုင်သေးတာကိုလည်း လက်ခံပါ။.
နောက်တစ်ခါ ဒီအားနည်းချက်ကြောင့် ထပ်မှားတာမျိုး မဖြစ်ရလေအောင် အဲဒီအားနည်းချက်ကို အသုံးပြုရမဲ့ အခြေအနေတွေကိုရှောင်လွဲပါ၊ အားသာချက်ကို များများအ သုံးပြုနိုင်အောင် ဆောင်ရွက်ပါ။
လူတိုင်းမှာ အားနည်းချက်ကိုယ်စီနဲ့ အားသာချက်ကိုယ်စီ ရှိကြပါတယ်။ အရင်ဆုံး ကိုယ့်ရဲ့အားနည်းချက်နဲ့အားသာချက်ကို သိဖို့လိုတယ်၊ ဒါတောင် မသိတဲ့သူတွေအများကြီးပါ။
အချို့ကကိုယ့်ရဲ့အားနည်းချက်ကို သိပြီးရင် အချို့က အဲဒီအားနည်းချက်ကို အားသာချက်ဖြစ်လာအောင် ပြောင်းလဲနိုင်ဖို့ ကြိုးစားကြပါတယ်။ ဒါကိုလည်း မှားတယ်လို့ မဆိုချင်ပါဘူး၊ ဒါပေမဲ့ ကိုယ့်ရဲ့အားနည်းချက်က အားသာချက်ဖြစ်လာဖို့ အချိန်တော်တော်ပေးရတယ်။ အချိန်ကုန်သွားပေမဲ့ အားနည်းချက်က အားသာချက်ဖြစ်မလာတတ်တာတွေလည်း ရှိပါတယ်။ ဒါကြောင့်ကျွန်မကတော့ကိုယ့်အားနည်းချက်ကို အားနည်းချက်အတို်င်း ထားလိုက်ပြီးတော့အားသာချက်ကို ပိုပြီး အားကောင်းလာအောင် လုပ်ဆောင်တဲ့ နည်းလမ်းကိုပဲ ပိုနှစ်သက်မိတယ်။
အားသာချက်ကို ပိုပြီး အားကောင်းအောင် လုပ်တာက မြန်တယ်၊ အားသာချက်ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုလည်း စိတ်ကျေနပ်မှု ရရှိစေတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်းပိုပြီးအားကောင်းလာစေပါတယ်။
ကို်ယ့်ကိုကိုယ် ယုံကြည်မှုအားကောင်းလာပြီဆိုရင် စိတ်ဓါတ်ကျတာ၊ စိုးရိမ်သောကရောက်တာတွေ မရှိတော့ဘူး။ ယုံကြည်ချက်အားကောင်းနေတဲ့အတွက် အပြုစိတ်လည်းပိုများလာတယ်။ သူများကိုလည်း အပြစ်တင်တာတွေ မရှိတော့ပြန်ဘူး။ ဒါကြောင့် အောင်မြင်မှုကို အဟန့်အတားဖြစ်စေတဲ့ အပျက်စိတ်၊ အပြစ်တင်စိတ်၊ စိတ်ဓါတ်ကျခြင်းနဲ့စိုးရိမ်ကြီးခြင်းတွေလည်း မရှိတော့ပြန်ဘူး။
ဒါဆို ကိုယ်သွားချင်တဲ့ လမ်းက ပိုပြီး ပြတ်သားလာပြီ၊ မရှုပ်ထွေးတော့ဘူး၊ ပိုပြီးတော့လည်း စိတ်ဝင်စားမှုလည်း အားကောင်းလာတဲ့အတွက် ကိုယ်လိုချင်တဲ့ အရာကို ရရှိလာတော့တာပါပဲ။
ဒါကြောင့်မှားတာက အရေးမကြီးပါဘူး၊ ရှုံးသွားတာကလည်း အရေးမကြီးဘူး၊ အရေးကြီးတာက ရပ်မပစ်ဖို့ပါပဲ။
မရည်ရွယ်ဘဲနဲက အမှားတွေ ဆက်လုပ်နေရင်လည်း အဲဒီကနေ သင်ယူပြီး အကောင်းဆုံးဘ၀တစ်ခု ရလာနို်င်တာပဲ။ အမှားနဲ့ အရှုံးဆိုတာကို ကြောက်ပြီး ဘာမှ မလုပ်ဘဲနဲ့ ရှေ့မဆက်ဘဲနဲ့ရပ်ပစ်လိုက်တာကမှ တကယ့်ကို ရှုံးသွားတာပါ။
ဒါကြောင့် ရပ်မပစ်ဖို့ပဲ လိုပါတယ်။ မှားပါစေ၊ ရှုံးပါစေ…အဲဒီကနေ သင်ယူပြီး ရှေ့ဆက်ပါ။
ကျွန်မလည်း မှားခဲ့တယ်၊ရှုံးခဲ့တယ် ဒီကနေ့မှာလည်း အမှားတွေရှိနေတုန်းပါပဲ၊ ဒါပေမဲ့ ရှေ့ဆက်နေတုန်းပါ။ သင်ယူနေတုန်းပါ၊အရှုံးတွေကိုလည်း ရိုးသားစွာ လက်ခံနေရတုန်းပါ။ ဒါပေမဲ့ စိတ်မပျက်ပါဘူး၊ အရှုံးမပေးပါဘူး၊ ရပ်မပစ်ပါဘူးနော်။
ကျွန်မ အရမ်းသဘောကျတဲ့စကားတစ်ခွန်းရှိပါတယ်။ အဲဒါကတော့
ဘ၀မှာ အရေးကြီးတာက အောင်မြင်မှုရဖို့ မဟုတ်ပါဘူး၊ ရုန်းကန် လှုပ်ရှားနိုင်ဖို့ပါ။
…တဲ့။
ကျေးဇူးတင်ပါတယ်၊ မတူတဲ့ အမြင်များရှိရင်လည်း ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်ရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment