Latest News

Wednesday, May 10, 2017

လိုအပ်လျှင် မြောက်ကိုရီးယားထိ သွားရောက် ညှိနှိုင်းရန် ဆန္ဒရှိဟု တောင်ကိုရီးယား သမ္မတသစ်ပြောကြား

လိုအပ်လျှင် မြောက်ကိုရီးယားထိ သွားရောက် ညှိနှိုင်းရန် ဆန္ဒရှိဟု တောင်ကိုရီးယား သမ္မတသစ်ပြောကြား

လိုအပ်လာပါက မြောက်ကိုရီးယားထိ သွားရောက်ညှိနှိုင်းရန် ဆန္ဒရှိကြောင်း ရွေးကောက်ပွဲ အနိုင်ရ တောင်ကိုရီးယား သမ္မတသစ်က ပြောကြားခဲ့သည်။

မေ ၉ ရက်တွင် ရွေးကောက်ပွဲ တောင်ကိုရီးယား ရွေးကောက်ပွဲ ရလဒ်များကို အတည်ပြု ထုတ်ပြန် ကြေညာခဲ့ရာတွင် အများကြိုတင် ခန့်မှန်းထားသည့်အတိုင်း မွန်းဂျေအင်းက အနိုင်ရခဲ့သည်။ ထို့ကြောင့် မွန်းသည် အရှုပ်အထွေး ပြဿနာများဖြင့် ရာထူးစွန့်ခဲ့ရသည့် သမ္မတ ပက်ခ်ဂွမ်ဟေး၏ ရာထူးကို ဆက်ခံနိုင်တော့မည် ဖြစ်သည်။

မွန်းသည် ရွေးကောက်ပွဲကြို မဲဆွယ်မှုများ အတွင်းကတည်းက မြောက်ကိုရီးယားနှင့် စေ့စပ်ညှိနှိုင်းမှုကို ပိုမို မြှင့်တင် လုပ်ဆောင်သွားလိုကြောင်း အတည်ပြု ကြေညာခဲ့သူ ဖြစ်သည်။ ၎င်းသည် မေ ၁၀ ရက်တွင် သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားရာ၌ ပြုံယမ်းသို့ သွားရောက် လည်ပတ်ရန် လိုလားကြောင်း ထည့်သွင်း အတည်ပြုသွားခဲ့သည်။

ဆိုးလ်မြို့တော်ရှိ အမျိုးသား ညီလာခံ အဆောက်အအုံရှေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် လူ့အခွင့်အရေး ရှေ့နေဟောင်း မွန်းက မိမိသည် သင့်တော်မှန်ကန်သည့် အခြေအနေ တစ်ရပ်တွင် မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းနှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးနိုင်ရန် မျှော်လင့်ထားကြောင်း ဆိုသည်။

မွန်းသည် မြောက်ကိုရီးယားမှ ထွက်ပြေးခိုလှုံလာသူ တစ်ဦး၏ သားဖြစ်ပြီး လစ်ဘရယ်လ်ဆန်သော အတွေးအမြင်ကို ဆုပ်ကိုင်ထားသူဟု လူသိများသည်။

ကိုရီးယား ကျွန်းဆွယ်တွင် အမေရိကန်နှင့် မြောက်ကိုရီးယားတို့ကြား တင်းမာမှုများ အမြင့်ဆုံး ရောက်ရှိနေချိန်၌ စေ့စပ်ညှိနှိုင်းရေးကို လိုလားသည့် မွန်းက တောင်ကိုရီးယား သမ္မတ ဖြစ်လာသောကြောင့် အခြေအနေ အပြောင်းအလဲများ ရှိလာမည်ဟု ယူဆရသည်။

သမ္မတအဖြစ် ပထမဆုံး မိန့်ခွန်းပြောချိန်၌ “ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေး ဖြစ်ထွန်း အကောင်အထည် ပေါ်လာစေဖို့ ကျွန်တော် အစွမ်းရှိသမျှ တည်ဆောက်သွားပါမယ်။ လိုအပ်လာရင် ဝါရှင်တန်ကို ကျွန်တော် ချက်ချင်းသွားပါမယ်။ ဘေဂျင်းနဲ့ တိုကျိုကိုလည်း သွားပါမယ်။ သင့်တော်တဲ့ အခြေအနေ တစ်ခုမှာ ပြုံယမ်းကိုလည်း ကျွန်တော် သွားမှာပါပဲ”ဟု မွန်းက ဆိုသည်။

၎င်းက တောင်ကိုရီးယားတွင် ဖြန့်ကျက်ထားသည့် အမေရိကန်၏ THAAD ဒုံးခွင်းဒုံး စနစ်နှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲစရာ အခြေအနေများအတွက် အမေရိကန်နှင့် တရုတ်အစိုးရများကြားတွင် အလေးအနက် ဆွေးနွေးမှုများ အကောင်အထည် ပေါ်လာအောင် အားထုတ်မည်ဟုလည်း ကတိပြုခဲ့သည်။

တောင်ကိုရီးယား ရွေးကောက်ပွဲတွင် မွန်းအောင်ပွဲခံခဲ့ခြင်းနှင့် ပတ်သက်ပြီး မြောက်ကိုရီးယားက မည်သည့် တရားဝင် မှတ်ချက်မျှ မပေးသေးချေ။ မြောက်ကိုရီးယား အစိုးရသည် ယခင်က မွန်းမှာ ၎င်းတို့ အလိုလားဆုံး တောင်ကိုရီးယား သမ္မတလောင်းအဖြစ် အရိပ်အမြွက် မှတ်ချက် ပေးခဲ့ဖူးကြောင်း သိရသည်။


7Day News Journal

No comments:

Post a Comment