ဝေဖန်ခံနိုင်တာ စွမ်းရည်တစ်မျိုးပါပဲ
အရင်တုန်းကတော့ မဟုတ်တာအပြောခံရတဲ့အခါတိုင်း စိတ်တိုပြီး ချက်ခြင်း တုန့်ပြန်တတ်ခဲ့တယ်။ တပင်တကာကို ဝေဖန်တိုက်ခိုက်ခံရတဲ့အခါ စိတ်တိုပြီး ဆတ်ဆတ်ထိမခံနိုင်အောင် ဖြစ်ခဲ့ရဘူးတယ်။
အဲဒီလိုတွေ ဖြစ်ခဲ့တာကို ပြန်မြင်ကြည့်တော့ ကျွန်မဟာ ပူလောင်လိုက်တာ၊ ကိုယ့်စွမ်းအင်ကို တလွဲမှာ သုံးခဲ့တာပဲ၊ ဒါကြောင့် တိုးတက်သင့်သလောက်မတိုးတက်ခဲ့တာပါလား၊ အောင်မြင်မှုမှာ နှောင့်နှေးစေခဲ့တာလို့ ကိုယ့်ကိုယ်ကို မြင်ခဲ့ပြီး သုံးသပ်ခဲ့မိပါတယ်။
ဝေဖန်တာကို မခံနိုင်ရင် ကိုယ့်ရဲ့ တိုးတက်မှုကို ထိခိုက်စေတယ်ဆိုတာ ခုတော့ ကျွန်မသိပါပြီ။ဝေဖန်ခံရတိုင်း စိတ်တို၊ဒေါသထွက်နဲ့ အဲဒီစိတ်ကကျွန်မကို ဖိစီးလိုက်တယ်။စိတ်ပိုင်းဆိုင်ရာ မထိန်းချုပ်နိုင်တော့ သူပြောတာကို ပြန်ကြားပြီး စိတ်တိုတာနဲ့ လုပ်ငန်းခွင်မှာ စိတ်အေးချမ်းတည်ငြိမ်မှု မရှိတော့ ဆုံးဖြတ်ချက်အမှားတွေ ကို ချမိတတ်တယ်။ အချိန်တွေကုန်တယ်။ ကိုယ့်ရဲ့လုပ်အားနဲ့ဦးနှောက်စွမ်းရည်တွေကိုလည်း ထိခိုက်စေတယ်လေ။
အဲလို ဖြစ်လိုက်တာ ဘယ်သူ့အပြစ်လဲ....။ ကို်ယ့်ကို အခြားတစ်ဦးက ရည်ရွယ်ချက်ရှိရှိနဲ့ ပြောလိုက်မှန်းသိလျက်နဲ့ ကျွန်မက အဲလောက်ထိ ခံစားနေရသလား။ဘာပဲပြောပြော အဲဒီအချိန်တုန်းကတော့ တကယ့်ကို ထိခိုက်ခဲ့ရတာပါပဲ။
ဒါပေမဲ့ ဝေဖန်ခံရတာ၊ တိုက်ခိုက်ခံရတိုင်း ယိုင်လဲလဲသွားတာဟာ ကိုယ့်အတွက်မကောင်းဘူးဆိုတာ ပိုပိုသိလာရတော့ ကိုယ့်ကိုယ်ကို ဘယ်လိုပြောင်းလဲရမလဲဆိုတာကိုလည်း စဉ်းစားလာမိတယ်။ ပြောင်းလဲနိုင်ဖို့လည်း ကိုယ့်ကိုယ်ကို ကြိုးစားရပါတယ်။
အဲဒီအချိန်မှာ facebook မှာ ဦးရဲထွဋ်နဲ့ မိတ်ဆွေဖြစ်နေတဲ့အတွက်သူ့ရဲ့ wall ကို မြင်ခွင့်ရတယ်။ ဦးရဲထွဋ်ကို ဝေဖန်လိုက်တာများ သိတဲ့အတိုင်းပဲ။ အဲဒီအပေါ်မှာ သူ့ရဲ့ တုန်ပြန်မှုကို ကျွန်မ လေ့လာကြည့်မိတယ်။ ရိုင်းစိုင်း စုတ်ပဲ့တဲ့ သူတွေကို သူ့ကို ရည်ရွယ်ချက်တစ်ခုနဲ့ ဆဲရေးပြီး ပြောနေတဲ့သူတွေကို သူကတော့ လူကြီးလူကောင်းဆန်ဆန် အေးအေးဆေးဆေးပဲ ရှင်းပြတယ်။ ရုပ်ပျက်ဆင်းပျက် ဆဲနေတဲ့ အကောင့်တွေကိုလည်း ဒီအတိုင်း ထားထားတယ်။
ဒီလို တုန့်ပြန်မှုကို ကျွန်မသဘောကျသွားတယ်။တစ်ချိန်တည်းမှာပဲ ကိုယ့်ကို ဝေဖန်လာရင် ဘယ်လိုသဘောထားရမလဲ ကျွန်မအနေနဲ့ ကိုယ့်ကိုယ်ကို ဘယ်လို ပြောင်းလဲရမလဲဆိုတာကိုပါ နားလည်လာမိတယ်။
ဝေဖန်ပြောဆိုတာတွေကို စိတ်တိုတဲ့စိတ်နဲ့မဟုတ်ဘဲနဲ့၊ သည်းခံပြီး သုံးသပ်ကြည့်လိုက်တော့ အချို့ကတော့ အမြင်မတူလို့ တန်ဖိုးထားတာခြင်းမတူလို့ ဝေဖန်ကြတယ်ဆိုတာ မြင်လာရတယ်။
အဲလို ဝေဖန်တာမျိုးကိုလည်း ကြိုဆိုသင့််တယ်လို့ မြင်မိပါတယ်။ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ မတူတဲ့ အမြင်ကို ကိုယ်က လေ့လာလို့ ရတယ်။ သူ့နဲ့ ဆွေးနွေးပြောဆိုခြင်းအားဖြင့် အမြင်အမျိုးမျိုးအပေါ်မှာ ဖြန့်ကျက်တွေးခေါ်နိုင်တယ်လေ။ ဒါလည်း အကျိုးရှိတဲ့ ဝေဖန်မှု ဆိုတာကို နားလည်သဘောပေါက်ရပါတယ်။
နိုင်ငံတကာက သူဋ္ဌေးတွေ စီအီးအိုတွေနဲ့နိုင်ငံရေးသမားတွေဟာ သူတို့ကို အဘက်ဘက်ကနေ ပြောဆိုဝေဖန်တိုက်ခိုက်တာ ခံနိုင်ရည်ရှိဖို့အတွက် အထူးလေ့ကျင့်ထားတဲ့ သူတွေကို ငှားရမ်းပြီးတော့တောင်မှ လေ့ကျင့်ရတာ။ ကိုယ်နဲ့ အမြင်မတူတဲ့သူတွေရဲ့ဝေဖန်ချက်တွေ၊ တိုက်ခိုက်မှုတွေက ကိုယ့်အတွက်အကျိုးရှိအောင် အသုံးချလို့တောင် ရနိုင်သေးတယ်လို့စဉ်းစားမိပါတယ်။
ကောင်းစေချင်တဲ့စေတနာနဲ့ပဲ ဝေဖန်ဝေဖန်၊ အရှက်ခွဲစေချင်လို့ပဲ ဆိုဆို၊ ဆရာကြီးလုပ်ပြချင်လို့ပဲ ပြောပါစေ ကိုယ့်ကို ဝေဖန်တဲ့အခါ ကိုယ်မမြင်မိတဲ့ ကိုယ့်အားနည်းချက်၊ ဟာကွက်ကို မြင်လိုက်ရတယ်။ ကိုယ့်အားနည်းချက်ကို မြင်ပြီး ပြင်လိုက်ရင် ပိုကောင်းသွားတော့ သူ့အပေါ် စိတ်မတိုမိတော့ဘူး။ ကိုယ့်ရဲ့အမြင်လေး ပြောင်းသွားတာနဲ့ သူ့အပေါ်ထားတဲ့စိတ်ဟာလည်း ပြောင်းသွားပါတယ်။ ဒေါသနဲ့ မတုန့်ပြန်မိတော့ဘူး။
အချို့ကတော့တမင်တကာကို ဝေဖန်နိုင်တဲ့စွမ်းရည်တောင်မရှိပါပဲနဲ့အောက်လမ်းနည်းနဲ့ရိုင်းစိုင်းစွာပြောဆိုတာ၊ ဒါမျိုးဆိုရင်တော့ဘယ်လိုမှ ဘာမှ ဘာမှ မတုန့်ပြန်နဲ့ ဒီအတိုင်း ထားပစ်လိုက်တယ်။ အမှိုက်ဆိုတာ နေရာတိုင်းမှာ ရှိတတ်တာပါပဲ။ အားလုံးကို တုန့်ပြန်ပြောဆိုနေမဖို့ ကျွန်မမှာ အချိန်အကန့်အသတ်ရှိတယ်လေ။
နောက်အချို့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု ဆန်တဲ့ တိုက်ခိုက်မှုတွေဆိုရင်လည်း ဘာမှ မတုန့်ပြန်တော့ဘူး။ ကိုယ်တုန့်ပြန်လောက်တဲ့အဆင့်မျိုးမဟုတ်ဘူးလို့ သဘောထားလိုက်တယ်။ အဲလိုတွေးလိုက်တော့အရင်ကလို ဒေါသစိတ်မဖြစ်တော့ဘူး။ သူတို့က ဒေါသထွက်စေချင်လို့ ဒီလိုရေးတာလေ။ သူတို့ ဒီလိုရေးတိုင်း ကျွန်မက အဲဒီလို ဖြစ်သွားတာမှ မဟုတ်တာ။ အဲဒါကြောင့် ပြန်လည်း မရှင်းဘူး၊ ဒီအတိုင်းပဲ ထားလိုက်တယ်။
လောကမှာ ကိုယ်ဘာပဲလုပ်လုပ် လက်ခုပ်တီးသံပဲ ကြားနေရရင် ကိုယ့်အားနည်းချက်ကိုတောင် မမြင်နိုင်တော့ဘူး ဖြစ်သွားတတ်ပါတယ်။ အဲဒီလိုနည်းလမ်းနဲ့ပဲ အာဏာရှင်တွေ ဖြစ်ဖြစ်သွားကြတာပါ။
အဲဒါကြောင့် ဝေဖန်သံကို နားထောင်တာ ၊ ဝေဖန်သံနဲ့ကိုယ့်ကိုယ်ကို သုံးသပ်တာက အကျိုးမနည်းဘူးဆိုတာလည်း မြင်လာမိတယ်။ အဲဒီအချိန်ကစပြီး အခြားသူတွေရဲ့အပြောအဆိုတွေကြောင့် ကိုယ့်ရဲ့စိတ်ထဲမှာ ထိခိုက်ခံစားတာမျိုးတွေ၊ အလုပ်ပျက်အကိုင်ပျက် ဖြစ်ရတာတွေ သိပ်မရှိတော့ဘူး။ ဒေါသနဲ့လည်း မတုန့်ပြန်ဖြစ်တော့ဘူး။
ဝေဖန်ခြင်းအပေါ်မှာ အမျိုးအစားခွဲခြားကြည့်ပြီး ကိုယ့်အတွက်တောင် အသုံးချလိုက်နိုင်ပါသေးတယ်။ဒါလေးကို တိုက်ဆိုင်လို့ပြန်မျှဝေလိုက်တာပါ။
မတူတဲ့အမြင်မျိုးရှိရင်လည်း ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။
ကျေးဇူးတင်ပါတယ်။.
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
မေသင်္ကြန်ဟိန်(မြစ်မခ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment