Latest News

Monday, May 1, 2017

အသစ်ပြန်လည် ဖော်ဆောင်မည့် မန်းသီတာဥယျာဉ် နေရာအား ကျုံးတောင်ဘက် ၆၆ လမ်းမှ လမ်း ၈၀ အထိ ဆောင်ရွက်မည်

အသစ်ပြန်လည် ဖော်ဆောင်မည့် မန်းသီတာဥယျာဉ် နေရာအား ကျုံးတောင်ဘက် ၆၆ လမ်းမှ လမ်း ၈၀ အထိ ဆောင်ရွက်မည်

ကျုံးတောင်ဘက် (၂၆ ဘီ လမ်း) တွင် အသစ်ပြန်လည် ဖော်ဆောင်မည့် မန်းသီတာ ဥယျာဉ်နေရာအား ၆၆ လမ်း မှ လမ်း ၈၀ အထိ တိုးချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ယခင်က ကျုံးတောင်ဘက် (၂၆ ဘီ လမ်း) ပေါ်ရှိ မန်းသီတာဥယျာဉ် နေရာသည် ၇၃ လမ်းမှ လမ်း ၈၀ အထိသာ ရှိခဲ့သော်လည်း ယခုပြန်လည် ဖော်ဆောင်ရန် ဆောင်ရွက်သည့်အခါ ၆၆ လမ်းအထိ ပါဝင်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ထံမှ သိရသည်။
မန်းသီတာဥယျာဉ်အတွက် ဒီဇိုင်းပုံကြမ်းကို ပြင်သစ် Archetype Company မှ ရေးဆွဲပေးခြင်းဖြစ်ပြီး အဆိုပါ ဥယျာဉ်ပါဝင်သော မန္တလေးမြို့တော်ပန်းခြံ တည်ဆောက်ခြင်းနှင့် သာယာလှပရေးတွင် သုံးစွဲရန် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက် ကျပ်သိန်း ၃၄၅၀ ကို မြို့တော်ဝန်က လွှတ်တော်တွင် တောင်းခံရာ ခွင့်ပြုခဲ့ကြောင်း သိရသည်။

“အခု လောလောဆယ်တော့ ပြင်သစ်က ကူညီရေးဆွဲပေးတဲ့ ဒီဇိုင်းအကြမ်းရပါပြီ။ အသေးစိတ်တော့ ညှိနှိုင်းရပါဦးမယ်။ ဒီဇိုင်းအတွက် ဒေါ်လာရှစ်သောင်း ကျသင့်တာကို ပြင်သစ်သံအမတ်ကြီး တင်ပြတဲ့အခါ အခမဲ့ ခွင့်ပြုပေးလိုက်တယ်။ အသစ်ပြန်လည် ဖော်ဆောင်မယ့် ဥယျာဉ်ကို ၆၆ လမ်းကနေ လမ်း ၈၀ အထိဖြစ်လို့ ယခင်ကထက် နှစ်ဆကျယ်သွားပါမယ်။ ကျုံးရေပြင်ကိုပါ အသုံးပြု၊ မပြု ဆိုတာတော့ ထပ်ပြီးတင်ပြ ဆောင်ရွက်ရပါဦးမယ်” ဟု မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က ဥယျာဉ်နှင့် ပတ်သက်၍ ပြောကြားသည်။

၁၉၅၉ ခုနှစ်က မန္တလေးကျုံးမြို့ရိုးနှင့် ကျုံးရေပြင်ကြားတွင် မန်းသီတာဥယျာဉ်ကို စစ်တပ်နှင့် မြူနီစပယ်တို့က ပူးပေါင်းတည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ကလေးကစားကွင်း၊ သမိုင်းစာကြည့်တိုက်၊ လျှောက်လမ်း၊ ပြန်ကြားရေး စာကြည့်ခန်း၊ သက်တမ်းရှည် သစ်ပင်များ၊ မိုးပျံတံတား စသည်တို့ဖြင့် လူထုအပန်းဖြေ ဥယျာဉ်အဖြစ် အကောင်အထည် ဖော်ပေးခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်စေမည့် မီးခိုးများ၊ စွန့်ပစ်မှုများ မရှိစေရန် တရားဝင် စားသောက်ဆိုင် တစ်ဆိုင်သာ ဖွင့်ခွင့်ပြုခဲ့ကြောင်း သိရသည်။

မန်းသီတာဥယျာဉ်ကို ကနဦးစတင်ဖွင့်စဉ်က ၀င်ခွင့်အခမဲ့ ဖြစ်သော်လည်း နောက်ပိုင်းတွင် ၀င်ကြေးကောက်ခံခဲ့ကြောင်း၊ မန္တလေးမြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တည်ရှိသဖြင့် အပူပိုင်းတွင် နေထိုင်သည့် မြို့သူမြို့သားများအတွက် စိမ်းစိုသည့် အပန်းဖြေဥယျာဉ်အား အကောင်အထည် ဖော်ပေးခဲ့ခြင်းဖြစ်ပြီး ၁၉၉၃ ခုနှစ်တွင် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

ယဉ်မျိုးသွယ်

Eleven Media Group

No comments:

Post a Comment