Latest News

Friday, May 5, 2017

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေကျပ်သိန်း ၈ဝဝဝ လက်ခံရရှိ ကျပ်သန်း ၄ဝဝဝ ကိစ္စမေးမြန်းထားဆဲ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေကျပ်သိန်း ၈ဝဝဝ လက်ခံရရှိ
ကျပ်သန်း ၄ဝဝဝ ကိစ္စမေးမြန်းထားဆဲ

မကွေး မေ ၅

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ၊ ဖျက်သိမ်းပြီးဖြစ်သော မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် ရွှေသုခအသေးစား ငွေရေးကြေး ရေးလုပ်ငန်း ဥက္ကဋ္ဌဖြစ်သူဦးကြည်ထွန်းတို့ထံ ငွေကြေးနှင့် ယာဉ်၊စက်ယန္တရားများ ပြန်လည်အပ်နှံရန်ကိစ္စအား သမ္မတရုံးမှ ညွှန်ကြားပြီးနောက်ပိုင်း ဧပြီ ၂၉ ရက်တွင် ယာဉ်နှင့် စက်ယန္တရားများ ပြန်လည်ရရှိခဲ့ပြီး မေ ၄ ၇က်တွင် ငွေကျပ်သိန်း ၃ဝဝဝ ၊ မေ ၅ ရက်တွင် ငွေကျပ်သိန်း ၅ဝဝဝ တို့အား လက်ခံရရှိခဲ့ကြောင်း သိရသည်။

''မနေ့တုန်းက ကြံ့ခိုင်ရေးကိုပေးခဲ့တဲ့ ငွေကျပ်သန်း ၁၇ဝဝ အနက်က ကျပ်သိန်း ၃ဝဝဝ ကို မနေ့တုန်းကရပြီ။ ဒီနေ့တစ်ခါ ကျပ်သိန်း ၅ဝဝဝ ထပ်ရတယ်''ဟု ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောသည်။

ပြည်ထောင်စုအစိုးရညွှန်ကြားချက် အပိုဒ်(က)ပါ ကြံ့ခိုင်ရေးပါတီသို့လှူဒါန်းခဲ့သည့် မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းပိုင် ငွေကျပ် ၁ ဒသမ ၇ ဘီလီယံမှ ပထမရစ်အဖြစ် ငွေကျပ်သိန်း ၃ဝဝဝ အား မြန်မာ့ စီးပွားရေးဘဏ်ငွေစာရင်းအမှတ် MD-021907 သို့ မေ ၄ ရက်က ပေးသွင်းပြီးဖြစ်ကာ အဆိုပါ ငွေကျပ် ၁ ဒသမ ၇ ဘီလီယံမှ ထပ်မံလွှဲပြောင်းပေးအပ်ရန် ငွေကျပ် ၁ ဒသမ ၄ ဘီလီယံကျန်ရှိကြောင်း ဝန်ကြီးချုပ်ထံမှ သိရသည်။

ထို့အတူ အကြောင်းကြားချက်အပိုဒ်(ဂ)ပါ ရွှေသုခ အသေးစား ငွေရေးကြေးရေးလုပ်ငန်းသို့ လွှဲပြောင်းပေး ခဲ့သည့် ငွေကျပ် ၁ ဒသမ ၅၇ ဘီလီယံကျော်မှ လက်ရှိ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပြန်လည်လွှဲပြောင်း ပေးအပ်သည့် ငွေကျပ် သိန်း ၅ဝဝဝ အား MD-021907 သို့ မေ ၅ ရက်က ပေးသွင်းပြီးဖြစ်ကာ အဆိုပါငွေကျပ် ၁ ဒသမ ၅၇ ဘီလီယံမှ ထပ်မံလွှဲပြောင်းပေးအပ်ရန် ငွေကျပ် ၁ ဒသမ ဝ၇ ဘီလီယံကျန်ရှိကြောင်း သိရသည်။

လတ်တလော လွှဲပြောင်းအပ်နှံငွေကြေးကိစ္စများအား ငွေရပြေစာ၊ငွေသွင်းချလန်များနှင့်အတူ ပြည်ထောင်စု အစိုးရထံ တင်ပြထားသည်ဆို၏။

''နှစ်ရက်ပေါင်း သူတို့ကတိပေးထားတဲ့အတိုင်းပဲ သိန်း ၅ဝဝဝ တောင်မကပါဘူး။ သိန်း ၈ဝဝဝ ပြန်ရပြီ။ ရဖို့ရှိတဲ့ ပမာဏစုစုပေါင်းကတော့ ပြည်ထောင်စုအစိုးရညွှန်ကြားတဲ့အတိုင်းဆို ငွေကျပ်သန်း ၃ဝဝဝ ကျော်ပါ။ သိန်းပေါင်း သုံးသောင်းကျော်ရရမှာပါ။ စည်းမျဉ်း စည်းကမ်းနဲ့အညီ ဘဏ်မှာထည့်ထားတယ်။ ထည့်ထားပြီးတော့ နှစ်ကုန်ခါနီးလို့ ဖြည့်စွက်ရန်ပုံငွေအတွက် သုံးစွဲဖို့ ကိစ္စတွေပေါ်တဲ့အခါမှာတော့ ဒါတွေကို စည်းမျဉ်း စည်းကမ်းနဲ့အညီ ဆက်သုံးမှာပါ''ဟု ရှေ့လုပ်ငန်းစဉ်အား ဝန်ကြီးချုပ်က ရှင်းပြသည်။

ပြည်သူလူထုက သန်း ၇၄၅၉ ကျော်အနက် ကျန်သန်း ၄ဝဝဝ ကို မည်သို့သုံးသည် ၊ မည်သည့်ဖွံ့ဖြိုးရေး လုပ်ငန်းတွင် သုံးသည်ဆိုသည်ကို သိချင်နေကြောင်း၊ ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်းချပြနိုင်စေရန်အတွက် တိုင်းဒေသကြီး စသုံးလုံးကို မေးထားကြောင်း သိရသည်။

''ပြည်ထောင်စုအစိုးရကစုံစမ်းစစ်ဆေးခိုင်းလို့ အထူး စုံစမ်းစစ်ဆေးရေးကစစ်ဆေးတဲ့အခါမှာ စစ်ဆေးချက်အစီ ရင်ခံစာကို ပြည်ထောင်စုအစိုးရကို တိုက်ရိုက်အစီရင်ခံ တာဖြစ်တယ်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီအစီရင်ခံစာထဲမှာ ဘာတွေပါတယ်ဆိုတာကို မသိဘူး။ ဘာတွေသုံးသလဲ သန်းလေးထောင်နဲ့ပတ်သက်ပြီးတော့ စသုံးလုံးကိုမေးမြန်းဖို့ တိုင်းအစိုးရအဖွဲ့က ဆုံးဖြတ်ပြီးတော့ တိုင်းဒေသကြီးစသုံးလုံးကိုမေးထားပါတယ်''ဟု ဝန်ကြီးချုပ် က ဆိုသည်။

နည်းမျိုးစုံဝေဖန်ခံနေရသည့်ကြားထဲမှ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသရွှေ့ ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ပြောင်းလဲချက်တစ်ခုကို ဥပမာအဖြစ်ဆိုရလျှင် စည်ပင် အရပ်ရပ်ဆိုင်ရာ လိုင်စင်ကြေးများ ယမန်နှစ်ကထက် ငွေကျပ် သိန်းပေါင်း ၁၉ဝဝဝ ကျော်လောက်ပိုရအောင် ကောက်နိုင်ခဲ့ကြောင်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားခဲ့သည်။

ဇေယျတု(မကွေး)

No comments:

Post a Comment