Latest News

Saturday, May 20, 2017

အများပြည်သူကြား ဆေးလိပ်သောက်ခြင်းကို ဖိလစ်ပိုင်မှာ တားမြစ်၊ ပြည်သူတွေကို အကူအညီတောင်း

အများပြည်သူကြား ဆေးလိပ်သောက်ခြင်းကို ဖိလစ်ပိုင်မှာ တားမြစ်၊ ပြည်သူတွေကို အကူအညီတောင်း

မေ ၂၀ - ပြီးခဲ့တဲ့နှစ်အတွင်း လူ ၇,၀၀၀ ကျော်သေဆုံးခဲ့တဲ့ မူးယစ်တိုက်ဖျက်ရေးစစ်ပွဲကိုဆင်နွှဲခဲ့သူ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂိုဒူတာတီက အများပြည်သူတွေအကြားမှာ ဆေးလိပ်သောက်သုံးမှုကို တားမြစ်လိုက်ပါတယ်။ အင်္ဂါနေ့က လက်မှတ်ရေးထိုးခဲ့ပြီး ကြာသပတေးနေ့က အများပြည်သူသိရှိအောင်ထုတ်ပြန်ကြေညာခဲ့တဲ့ အုပ်ချုပ်ရေးအမိန့်မှာ အဆောက်အဦအတွင်းမှာပဲဖြစ်ဖြစ်၊ အပြင်ဘက်မှာပဲဖြစ်ဖြစ် အများပြည်သူတွေ ရှိနေတဲ့နေရာတွေမှာ ဆေးရွက်ကြီးနဲ့လျှပ်စစ်ဆေးလိပ်သောက်သုံးမှုတွေကို တားမြစ်လိုက်ပါတယ်။

သူ့ရဲ့အသေအပျောက်များခဲ့တဲ့ မူးယစ်စစ်ပွဲဆင်နွှဲတုန်းကလိုပဲ ဒူတာတီက ဆေးလိပ်သောက်သုံးသူတွေကို နှိမ်နှင်းရေးမှာ ပြည်သူတွေအနေနဲ့ အာဏာပိုင်တွေကို ကူညီပေးကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ စည်းမျဉ်းချိုးဖောက်သူတွေအနေနဲ့ အမြင့်ဆုံးပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် ၄ လနဲ့ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၀၀ ချမှတ်ခံရမှာဖြစ်ပါတယ်။ သည်တားမြစ်ချက်ထဲမှာ ကလေးကစားကွင်းတွေ၊ အားကစားလုပ်တဲ့နေရာတွေ၊ လူသွားလမ်းတွေ၊ စာသင် ကျောင်းတွေ၊ လုပ်ငန်းခွင်တွေ၊ အစိုးရရုံးတွေ၊ စားသောက်ဆိုင်တွေနဲ့ အခြားစီးပွားရေးလုပ်ငန်းခွင်တွေထဲမှာ ဆေးလိပ်မသောက်သုံးရဘူးလို့တားမြစ်ထားကြောင်း အမှုဆောင်အတွင်းရေးမှူး ဆယ်ဗေးဒိုးမက်ဒီယယ်ဒီယာ ကပြောခဲ့ပါတယ်။ သည်တားမြစ်ချက်ထဲမှာ အသက် ၁၈ နှစ်အောက်ကလေးငယ်တွေ စီးကရက်နဲ့ဆေးရွက်ကြီးထွက်ကုန်တွေ ရောင်းချတာနဲ့ ဝယ်ယူတာကို တားမြစ်ထားသလိုဆေးလိပ်သောက်သုံးတဲ့နေရာလို့သတ်မှတ်ထားတဲ့နေရာတွေ မှာလည်း တင်းကျပ်တဲ့တားမြစ်ချက်တွေချမှတ်ထားပါတယ်။

“သည်စနစ်မှာ ဆေးလိပ်သောက်ဖို့သတ်မှတ်ထားတဲ့နေရာမှာ အလိုလျောက်တံခါးဖွင့်၊ ပိတ်စနစ်ပါတဲ့ တံခါး တစ်ချပ်ကလွဲလို့ ဆေးလိပ်သောက်လို့ရတဲ့ အခန်းထဲကနေဆေးလိပ်ငွေ့တွေ ပြင်ပက ဆေးလိပ်မသောက်ရတဲ့ နေရာတွေဆီ ရောက်သွားစေနိုင်မယ့် လေဝင်ပေါက်လုံးဝမထည့်သွင်းရဘူး” လို့လည်း ညွှန်ကြားချက်မှာ ပါရှိပါတယ်။ ကျန်းမာရေးချို့ယွင်းမှုကြောင့် ဆေးလိပ်ဖြတ်လိုက်တဲ့ ဒူတာတီဟာ ၂၀၀၂ ခုနှစ်က ဒါဗောင်မြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့စဉ်ကလည်း မြို့မှာ အလားတူတားမြစ်ချက်မျိုးအကောင်အထည်ဖော်ခဲ့ဖူးပါတယ်။ ၂၀၁၅ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အစီရင်ခံစာအရ အရွယ်မရောက်သေးသူ ၁၈ ရာခိုင်နှုန်းအပါအဝင် ဖိလစ်ပိုင်လူမျိုး ၂၅ ရာခိုင်နှုန်းကျော်ဟာ ဆေးလိပ်သောက်သုံးကြတယ်လို့တွေ့ရှိရပါတယ်။

 မအေးသီမွန်

[Ref:upi; 18 May 2017]

Kumudra

No comments:

Post a Comment