Latest News

Saturday, May 6, 2017

ဧရာဝတီတိုင်း အစိုးရအဖွဲ့ဟောင်း ရန်ပုံငွေ ကျပ်သိန်းပေါင်း ငါးသောင်းကျော် ပေးသွင်းရန်ကျန်ရှိ

ဧရာဝတီတိုင်း အစိုးရအဖွဲ့ဟောင်း ရန်ပုံငွေ ကျပ်သိန်းပေါင်း ငါးသောင်းကျော် ပေးသွင်းရန်ကျန်ရှိ


ရန်ကုန်၊ မေ ၆

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်းများမှ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်းပေါင်း ငါးသောင်းမှ ခုနစ်သောင်းထိ လွှဲပြောင်းပေးရန် ကျန်ရှိနေသေးကြောင်း လက်ရှိ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း၏ ရန်ပုံငွေက ပျောက်ဆုံးမှု ပေါ်ပေါက်ခဲ့ပြီးနောက် ယခင် ဧရာဝတီတိုင်းဒေသကြီးတွင်လည်း အစိုးရအဖွဲ့ဟောင်း၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများ လွှဲပြောင်းခြင်းမရှိသည့် ကိစ္စရပ် ထပ်မံ ပေါ်ထွက်လာခြင်းဖြစ်သည်။

အဆိုပါ ကျန်ရှိသည့် ရန်ပုံငွေများနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါတ်တာ လှမြတ်သွေးက “ကျပ်သိန်းပေါင်း ငါးသောင်းကနေ ခုနှစ်သောင်းကြားမှာ ရှိပါတယ်။ အဲဒါက အတိအကျ မဟုတ်ဘူး။ အဲဒီလောက် ရှိတယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။ အသေးစိတ်ကို နောက်ပိုင်းမှာ ထုတ်ပြန်ပေးသွားမယ်”ဟု ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး၏ ဖွံ့ဖြိုးရေး ရန်ပုံငွေကို လက်ရှိအစိုးရသို့ လွှဲပြောင်းပေးထားခြင်း ရှိ-မရှိကို ပြီးခဲ့သည့် ၂၀၁၆ ဇူလိုင်လက ပထမအကြိမ် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဖျာပုံမြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဇေယျာသိမ်းက လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ယင်းမေးခွန်းနှင့်ပတ်သတ်၍ တိုင်းဒေသကြီး အစိုးရသစ်လက်ထက်တွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ငွေကြေးများ ပြန်လည်ရရှိရန် အစိုးရအဖွဲ့၏ ဆောင်ရွက်နေသော ကိစ္စရပ်များနှင့် ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် ဧရာဝတီ တိုင်းဒေသကြီး အစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာ ဝန်ကြီး ဦးဝင်းဌေးက ဆောင်ရွက်လျှက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

“အသေးစိတ်တော့ ပြောလို့မရသေးဘူး”ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းဌေးက ပြောဆိုသည်။

ယခင်အစိုးရလက်ထက်၌ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့သည် တိုင်းဒေသကြီး ရန်ပုံငွေအဖြစ် တိုင်းဒေသကြီး၏ ဆောက်လုပ်ရေး လုပ်ငန်းများ တင်ဒါပေးရာ၌ တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်သူများသည် တစ်ရာခိုင်နှုန်းကို ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပေးသွင်းရကြောင်း ဖျာပုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးမင်းဇေယျာသိမ်းက ဆိုသည်။

“တိုင်းအစိုးရ ရန်ပုံငွေနဲ့ ပတ်သက်ပြီး အစိုးရ အကူးအပြောင်း အချိန်မှာကတည်းက ကျွန်တော် အဆိုတင်ခဲ့တယ်။ ယနေ့ထိ အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်တွေကို အသေးစိတ် မသိရသေးဘူး”ဟု ဦးမင်းဇေယျာသိမ်းက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် အပါအဝင် အစိုးရ အဖွဲ့ဝင်ဟောင်းများ ဦးဆောင်၍ “ဧရာဝတီ ပညာရေး၊ ကျန်းမာရေး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ဖောင်းဒေးရှင်း”ကို အဆိုပါ တိုင်းရန်ပုံငွေများဖြင့် ထူထောင်ခဲ့ကြောင်း ဧရာဝတီ တိုင်းဒေသရှိ ကြံ့ခိုင်ရေး ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးက အတည်ပြု ပြောဆိုခဲ့သည်။

ထိုသို့သော တိုင်းဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်၏ ငွေကြေး ကိစ္စရပ်များနှင့် ပတ်သက်၍ ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါတ်တာ နန္ဒာလှမြင့်က “ဦးသိန်းအောင် ဝန်ကြီးချုပ် တာဝန်ယူစဉ်ကာလမှ သူဆောင်ရွက်ခဲ့တဲ့ကိစ္စတွေက ကျွန်တော်တို့ ပါတီနဲ့ မဆိုင်ဘူး။ သူကိုယ်တိုင် ဖြေရှင်းရမှာ ဖြစ်တယ်”ဟု ပြောသည်။

ယခင် ဧရာဝတီ တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဝန်ကြီးချုပ် ဦးသိန်းအောင်သည် ဧရာဝတီ တိုင်းဒေသကြီး ကြံ့ခိုင်ရေး ပါတီဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။

အလားတူ ယခင်အစိုးရ လက်ထက်၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးဟောင်း ဦးဘုန်းမော်ရွှေသည် တိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရေနံလက်ယက်တွင်း ရန်ပုံငွေ ၇ ဘီလီယံခန့်ကို ပျောက်ဆုံးမှုနှင့် ပတ်သတ်၍ ပြည်ထဲရေးက စုံစမ်းစစ်ဆေးခဲ့သည်။

အဆိုပါ သုံးစွဲခဲ့သော ငွေကြေးများကို ဦးဘုန်းမော်ရွှေသည် လက်ရှိ အစိုးရအဖွဲ့သို့ မေလ ၄ ရက်နှင့် ၅ ရက်နေ့တွင် ငွေကျပ်သိန်း ၈၀ဝ၀ ပြန်လည် ပေးသွင်းခဲ့သည်။

The Voice

No comments:

Post a Comment