Latest News

Thursday, May 4, 2017

မှတ်ဥာဏ်မှတ်အား လျော့နည်းလာခြင်း


"သားရေ၊ မနက်ဖြန်ဆေးရုံလာရင် ဘုရားခန်းထဲက ဗုဒ္ဒဝင် စာအုပ်ကလေး ဆွဲလာခဲ့စမ်းပါကွာ။ဖေဖေနည်းနည်း ပြန်ဖတ်ချင်လို့၊
တစ်ကယ်လို့ မင်းလေးနေမယ်ဆိုရင်တော့ စာမျက်နာ 385က အောက်ဖက်အပိုဒ်ကလေးပဲ ဖတ်လာပြီး၊ ဖေဖေကိုပြောပြစမ်းပါ။"
"စိတ်ချပါ ဖေဖေ။ သားယူလာခဲ့ပါ့မယ်။ မလေးပါဘူး။ မလေးပါဘူးဆိုတာထက် ဖေဖေက အခုအထိ စာအုပ်ထဲက အကြောင်းအရာတွေ မှတ်မိနေလို့ စာကြောင်းတွေ၊ စာပိုဒ်တွေကို ​ပြောနိုင်ပေမဲ့၊ သားကတော့ အိမ်မှာဖတ်လာလည်း ဆေးရုံပေါ်က ဖေဖေဆီ မရောက်ခင် လမ်းတွင်မေ့သွားမှာ။ ဖေဖေတို့ကတော့ အသက်ကြီးပေမဲ့ မှတ်ဥဏ်ကောင်းတာတော့ သားတော့ တစ်ကယ်ပဲ အားကျတယ် ဖေဖေရာ"

"ဟားဟားဟား။ ငါ့သားကတော့ ကိုယ်ငါးချဉ် ကိုယ်ချဉ်နေပြန်ပါပြီ။ ဖေဖေတို့က အနုပညာသမားမို့ ဇာတ်တော်​ကြီးတွေကို ဝါသနာအရ၊ အလုပ်သဘောအရ မှတ်မိနေတာပါကွယ်။ ဒီလိုသာ ပြောရရင် တို့ရဲ့ မင်းကွန်းဆရာတော်ကြီးဆို တိပိတကဋ်သုံးပုံကို ဘယ်သူကမှ မထောက်ပေးရပဲ အာဂုဏ်ဆောင်နိုင်တယ်"
"ဟုတ်တယ်နော်ဖေဖေ၊ ကမ္ဘာကတောင် အံသြမှတ်တမ်းတင်ရလောက်အောင် မှတ်ဥာဏ်အား ကြီးပါပေ့"
"အေး အဲ့တာက ဆရာတော်ဘုရားကြီးရဲ သီလ၊ သမာဓိတည်ကြည်မှူတွေကြောင့်ပေါ့ကွာ"

"ဟုတ်ပါတယ် ဖေဖေ။ ဘာသာရေးအရပြောရရင်​တော့ ဖေဖေပြောသလိုပဲပေါ့။ အခုခေတ် ကျမ်းမာရေး ဆောင်းပါးတစ်ချို့မှာတော့ ခန္တာကိုယ်ကြီးမှာ အမြဲနုပျိုနေအောင် ထိမ်းသိမ်းနိုင်တာကတော့ ဦးဏှောက်လို့တောင် ပြောကြပါတယ်။ အသားအရည်၊ ဆံခြည်နဲ့ အသွေးအသားတွေကတော့ အသက်အရွယ်နဲ့လိုက်ပြီး အိုမင်းသွားနိုင်တယ်တဲ့။ ဒါနဲ့ပါတ်​ပြီး​တော့ တစ်ခါက ဂျပန်က တီဗီအစီအစဉ် တစ်ခုမှာတောင် တစ်နေ့တစ်ကြိမ် စာဖတ်ပေးခြင်းဟာ ဦးဏှောက်ကို အလုပ်ပေး၊ ဦးဏှောက်လေ့ကျင့်ခန်းလုပ်တာလို့ ဆိုသလို၊ တစ်နေ့ကို စာလုံး အလုံး တစ်ထောင်ရေးခြင်းဟာ၊ ဦးဏှောက်ကို လေ့ကျင့်ခန်းပေးရင်းကနေ၊ လက်ချောင်းကလေးတွေ လှုပ်လျှားခြင်းကြောင့် သူနဲ့ဆက်သွယ်နေတဲ့ အကြောလေးတွေကနေ  တစ်ခြားသော အတွင်းကလီစာတွေကို လှုံဆွပေးနိုင်သတဲ့။ သူငယ်ြပန်ခြင်းကိုလည်း ကာကွယ်တားဆီးနိုင်သတဲ့"

[1998ခု မဟေသီမဂ(ဂ)ဇင်း မတ်လထုပ် "ဒီလောက်လေးတော့ လုပ်ပါ"ဆောင်းပါးမှ]
"တယ်ဟုတ်ပါလားကွ၊ သူငယ်ပြန်ပြီး မိသားစုကို စိုးရိမ်ပူပန်မှူ့ ပေးမှာဆိုရင်တော့၊ ဖေဖေက လူကြီးရောဂါနဲ့ပဲ ကုတင်ပေါ် လှဲနေချင်တော့ တာပဲကွာ"
"ဟာ...ဖေဖေကလည်း ပေါက်တတ်ကရတွေ ပြောနေပြန်ပြီ။ ကိုယ့်မိသားစုက ဘယ်လို ရောဂါဝေဒနာပဲ ခံစားခံစား၊ မိသားစုဆိုတာက စိုးရိမ်ပူပန်စမြဲပဲဖေဖေ။ ဒါကြောင့် ဖေဖေကျမ်းမာအောင်သာနေ။ မဆိုင်တာတွေ တွေးပြီး စိတ်သောက မရောက်နဲ့"
"အောင်မယ်လေးဗျ ၊ ငါ့သားက အခုမှ ဖေဖေ့ကို ဆရာဝန်ကြီးဆူသလို ဆူနေပြန်ပြီ။
ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ကဲကဲ..  သူငယ်ပြန်ရောဂါ အကြောင်းဆက်စမ်းပါဦးကွ"
"ကန်တော့နော်ဖေဖေ၊ ကန်တော့ ဖေဖေ။ သူငယ်ပြန်တဲ့ အ​ကြောင်းကို မဆက်ခင်၊ ဖေဖေသိပြီးသားဖြစ်မယ်လို့ ထင်ပေမဲ့ ဦးဏှောက်အကြောင်းကနေ စပြောပါရစေ"
"အေးအေး၊ကောင်းတာပေါ့ကွာ။ ကျမ်းမာ​ရေး သူငယ်တန်းက စတာပေါ့"
"ဖေဖေ့စကား ကြိုက်သွားပြီ၊ သားကလည်း လေးတန်းကျောင်းသားလောက်ဆိုတော့၊ မသိတဲ့သူကို၊ မတတ်တဲ့သူက ပညာပြတာပေါ့။ ဟိဟိ။
ဒီလိုဖေဖေရ၊ ဦးဏှောက်က လူ့တစ်ကိုယ်လုံးကို အမိန့်ပေး ဦးဆောင်နေတဲ့ ကလီစာကြီးလေ။ အကြောင်းကြောင်းကြောင့် သူက ​ကောင်း​​ကောင်းမွန်​မွန်​ အလုပ်မလုပ်နိုင်တဲ့အခါမှာ စိတ်ဓါတ်အရရော၊ လှုပ်လျှားမှူတွေပါ ပေါက်တတ်ကရတွေ ဖြစ်လာပါတယ်။
ဘန်းစကားနဲ့ သူငယ်ပြန်တယ်လို့ပြောတတ်​ကြတဲ့၊ မှတ်ဥဏ်မှတ်အား လျော့နည်းလာခြင်းရောဂါ dementia ဆိုတာက တစ်စုံတစ်ခုသော အကြောင်းကြောင့် ဦးဏှောက်ဆဲလ်လေးတွေဟာ သေသွားလို့ပဲဖြစ်ြဖစ်၊ အားနည်းသွားလို့ပဲဖြစ်ဖြစ်၊ တစ်ခုခုဖြစ်ခဲ့ရင်၊ လူသား​တွေအတွက်​ ​နေ့စဉ်လ်ုပ်ရှားနေထိုင်မှူကို တစ်နည်းမဟုတ်၊ တစ်နည်း၊ ဒုက္ခ​ပေးတဲ့ ရောဂါပဲ ဖေဖေ"
"သူတစ်ယောက်တည်းသာမက၊ ပါတ်ဝန်းကျင်ကိုပါ သက်ရောက်စေတာကတော့ အမှန်ပဲသားရေ။ အသက်အရွယ်ကြီးတဲ့ သူတွေမှာ အများဆုံးဖြစ်တယ်လို့ ထင်ပေမဲ့၊ ခုနောက်ပိုင်းမှာ လူလတ်ပိုင်းနဲ့ ငါးဆယ်ကျော်ကျော်သူတွေတောင် ဖြစ်​တယ်လို့လဲ ကြားဖူးတယ်"
"ဟုတ်တယ်ဖေဖေ၊ လောကကြီးက တိုးတက်လာလို့ပဲ ပြောရမလဲ၊ ဆုတ်ရုပ်လာတယ်လို့ပဲ တွေးရမလားမသိ၊ စိတ်ဖိစီးမှူတွေကတော့ အရင်ကထက် များလာတာကတော့ အမှန်ပါပဲ။ တိုးတက်တယ်ဆိုတဲ့ ဂျပန်ပြည်မှာတော့ ဒီလို ဖိစီးမှူတွေက အသက်65နှစ်အရွယ်လူကြီးတွေရဲ့ 25%လောက်ဟာ သူငယ်ပြန်တယ်လို့ပြောရမဲ့ မှတ်ဥဏ်မှတ်အား လျော့နည်းလာခြင်းရောဂါ ဖြစ်နိုင်စရာ ရှိတယ်လို့တောင် ပြောကြပါတယ်။
ထုံးစံအတိုင်းသားတို့လို သာမာန်သူတွေကတော့ အသက်ကြီးလို့ ကြောင်တောင်တောင် မူမမှန်တော့ဘူးဆိုရင်၊ သူငယ်ပြန်တယ်လို့ပြောပေမဲ့ သူတို့ဆီက ကျမ်းမာရေး သုသေတန စာစောင်တွေထဲမှာတော့ လေးမျိုးလေးစား ခွဲထားတာ ဖတ်ဖူးပါတယ်"
"ပြောစမ်းပါဦးသားရဲ့၊ ဘယ်လို တွေ ခွဲထားသလဲ"
"ပထမတစ်ခုကတော့ နာမည်ကြီးAlzheimer's disease、AD  လို့ဆိုပါတယ်။ 60ရာခိုင်နှုံးလောက်က ဒီအမျိုးအစားလို့ ပြောတယ်။  မြန်မာလိုတော့ ဘယ်လို ဘာသာပြန်ရမလဲမသိ"
"အေး ဟုတ်ပြီ၊ ဒါတော့ ငါကြားဘူးတယ်။ အမေရီကန် သမ္မတရေဂင် ဖြစ်တဲ့ ရောဂါမဟုတ်လား"
"ဟုတ်တယ်ဖေဖေ၊ ဟုတ်တယ်ဖေဖေ။ သူတို့ကတော့ ကိုယ်ရောဂါကို ကိုယ်သိအောင်လုပ်၊ ကိုယ်ကိုယ်တိုင်နားလည်ပြီး လာမဲ့ဘေးကို ပြေးတွေ့နိုင်တဲ့ စွမ်းအားတွေကတော့ အတုယူသင့်ပါတယ်။ သားတို့မှာက ကင်ဆာရောဂါ နောက်ဆုံးအဆင့် ရောက်နေတာတောင် လူနာကို ဖွင့်ပြောဖို့ တော်တော်ကြိုးစားနေရတယ်"
"ဒါကတော့သားရယ်၊ သူလူမျိုး၊ သူ့ဓလေ့မို့ ဘယ်အရာက မှန်တယ်ဆိုတာ တို့တစ်တွေ အပြင်လူက ဝင်ပြီး မပြောသင့်ပါဘူး။ ကိုယ့်ကြရင် ဘယ်လိုလုပ်မလဲလို့ပဲ ကြိုတွေးထားကြတာပေါ့။ ကဲဆက်စမ်းပါဦး၊ အသေးစိတ်ကလေး"
"ဟုတ်ကဲ့ဖေဖေ၊ ဒီအမျိုးအစားက အဖြစ်များဆုံးပဲ။ ပြီးတော့ အမျိုးသမီးတွေလည်း အဖြစ်များတယ်လို့ သိရတယ်။ အခုလည်း တိုးသထက်တိုးနေသတဲ့"
"ဩော်...စိတ်မကောင်းစရာပါကွယ်။ သတ္တဝါအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းနဲ့ ပြည့်စုံကြပါစေကွယ်"
"ဟုတ်တယ်နော်။ ဒီရောဂါဟာ စိတ်ရောကိုယ်ပါ သိပ်ပြီးသက်ဆိုင်တယ်နော်။ ဦးဏှောက်ထဲမှာ မလိုလားအပ်တဲ့ ပရိုးတိမ်းဓါတ် နှစ်​ခုလောက်က စုပြုံလာပြီး၊ အာရုံကြောလေးတွေကို ဖျက်စီးပြစ်လိုက်လို့ဖြစ်တာတဲ့။ ကြာလာတာနဲ့အမျှ မှတ်ဥာဏ်တွေ အားနည်းလာရုံသာမက၊ ကိုယ်ပိုင်းဆိုင်ရာတွေပါ ဆိုးကျိုးတွေ ပေးလာတယ်လို့ ဆိုပါတယ်"
"ကြောက်စရာကောင်းလိုက်တာကွယ်၊ ကုလို့ မရတော့ဘူးလား"
"ကုလို့ရမရကတော့ သူ့ကုသိုလ်ကံအပေါ်မှ မူတည်တာရယ်၊ ရောဂါအတိမ်အနက်ရယ်၊ သားကိုယ်တိုင်က ဆရာဝန်မဟုတ်တော့ ဘာမှ မပြောရဲပါဘူး။ဒါပေမဲ့ ဒီရောဂါဟာ အခုမှ နာမည်ကြီးလာပေမဲ ဟိုးတုံးထဲက ရှိခဲ့သလို၊ ရောဂါနုစဉ်မှာထဲက ကြိုပြီးသိနိုင်ပါတယ်။ ဒါ့ကြောင့် မြန်မြန်ဆန်ဆန် ဆရာဝန်၊ သမားတော်ကြီးတွေနဲ့ တိုင်ပင်ပြသရင် ရောဂါမတိုးအောင် ထိမ်းသိမ်းနိုင်တဲ့ ဆေးတွေ ရှိတယ်လို့တော့ ကြားဖူးပါတယ်"
"ဒီလိုဆို ဘယ်လိုလုပ်ပြီး ကြိုတင်သိနိုင်မလဲသား"
"တိတိကျကျကြီး မပြောနိုင်ပေမဲ့ တစ်ခုကတော့... မေ့တတ်ခြင်း ပဲဖေဖေ"
"သားကလဲ၊ မေ့တာနဲ့ ပဲ သူငယ်ပြန်ရောလားကွ"
"မဟုတ်ဘူးဖေဖေ။ လူတိုင်း မေ့တတ်ပါတယ်။ ဒါပေမဲ့ ဒီရောဂါမဟုတ်တဲ့ သူတွေကတော့ မေ့တာကို သတိရအောင် ပြောပြရင်၊ သတိရသွားသလို့.....အေးဟ ငါမေ့သွားတယ်။ အဲ့သည့်တုံးက ဘယ်ကဲ့သို့၊ ညာကဲ့သို့ဆိုပြီး သတိပြန်ရတယ်။
ဒါပေမဲ့ ရောဂါကြောင့် မေ့သွားသူတွေကတော့.
လုံးဝသတိကို မရတော့ပါဘူး။ ဥပမာ ဘယ်နေ့တွေ့ကြစို့လို့ ချိမ်းထားပြီးမှ မေ့နေရင်တောင်၊ သာမာန်သူတွေကတော့
ဩော်ဟုတ်တယ်။ တောင်းပန်ပါတယ်နော်...မေ့သွားလို့ပါ....
လို့ ဆိုပြီး သတိပြန်ရရင်တော့ အဲသည့် ရောဂါစဖြစ်နေသူတွေကတော့ အဲ့သလိုချိမ်းထားတဲ့ အကြောင်းက အစ ပြန်ပြီးသတိဖေါ်လို့ ကိုမရဘူးတဲ့။ အဲ့တာက မေ့ပုံမေ့နည်းရဲ့ ထူးခြားမှူ တစ်ခုပဲဖေဖေ"
"ဒီလို သိထားတော့လည်း မဆိုးဘူးကွ"
"နောက်တစ်ခုကတော့ Cerebrovascular dementia(မြန်မာလိုတော့ ဘယ်လိုခေါ်သလဲ မသိပါ။ ဒါပေမဲ့ ဦးဏှောက်ကြီးမှာရှိတဲ့ သွေးကြောနဲ့ဆိုင်သော ဝေဒနာ) လို့ခေါ်တယ် ဖေဖေ။ သူကတော့ ဒုတိယ အဖြစ်အများဆုံးပေါ့။ သားတို့တစ်တွေက lzheimer's disease ကိုသာ သူငယ်ပြန်တဲ့ ရောဂါသဘောမျိုး ပြောနေပေမဲ့၊ တစ်ခုနဲ့ တစ်ခုမတူပါဘူး။ အဲ့သလို မတူတာတွေကို သိထားပြီး၊ သင်တော်တဲ့ ပြုစုကုသမှုတွေကို ပေးကြရပါတယ်"
"အဲ့တာတော့ ဟုတ်သဟေ့။ တော်ကြာ အနာတစ်ခြား ဆေးတစ်ခြား ဖြစ်နေမှာ"
"ဟုတ်တယ်ဖေဖေ။ အထူးသဖြင့် သားတို့တစ်တွေက ရောဂါနာမည်ကို ခြုံခြုံပြီးပြော တတ်လွန်းတယ်။ ဒါနဲ့ စကားဆက်ရရင် ဒီရောဂါကြတော့ ဦးဏှောက်သွေးကြော ထိခိုက်မှူတွေကြောင့် ဖြစ်တာလို့ဆိုပါတယ်"
"ဩော်..ဒီလိုကိုး။ ဘယ်လိုထိခိုက်မှူ့တွေလဲကွ"
"ဦးဏှောက် သွေးကြောပိတ်၊ သွေးကြောပေါက်၊subarachnoid hemorrhage ပင့်ကူမြှေးအောက် သွေးထွက်ခြင်း အစရှိတဲ့ ရောါတွေကြောင့် ဦးဏှောက်ထဲကသွေးကြောလေးတွေ ပိတ်ဆိုပေါက်ပြဲပြီး၊ ဦးဏှောက် ဆဲလ်လေးတွေကို အောက်ဆီဂျင် မပို့နိုင်တော့လို့ ဦးဏှောက်ဆဲလ်လေးတွေ သေကုန်ပြီး သားတို့ လွယ်လွယ်ကူကူပြောတတ်တဲ့ သူငယ်ပြန်တာတွေ ဖြစ်လာတတ်သတဲ့"
"သူ့ကြတော့ ဘယ်လိုကုရသလဲကွ"
"သူ့ကြတော့ သူငယ်ပြန်လို့ ကုရတာဆိုတာထက်၊ အကြောင်းအရင်း ဇစ်မြစ်ဖြစ်တဲ့ ဦးဏှောက်သွေးကြော ထိခိုက်မှူတွေကို ပြန်ကောင်းအောင် လုပ်ဖို့က ပိုပြီးအရေးကြီးပါတယ် ဖေဖေ"
"ဒါပေါ့သားရယ်၊ ဒါမှ အထိရောက်ဆုံး ဖြစ်ပေမပေါ့"
"ဒီအမျိုးအစားကြတော့ အမျိုးသားတွေက ပိုပြီး အဖြစ်များသလို ငုတ်လိုက်ပေါ်လိုက်နဲ့ ရောဂါက တစ်ဖြည်းဖြည်း တိုးလာသတဲ့။ lzheimer's disease ကတော့ တစ်ဖြည်းဖြည်းခြင်း ဆိုးဝါးလာတာက များပါတယ်"
"ဒီလိုကိုး၊ ဒါ့ကြောင့်သူတို့က အမျိုးအစားတွေ ခွဲတာကိုး"
"မကြာခဏ ဦးဏှောက် သွေးကြောပိတ်ခြင်းကြောင့်  ဦးဏှောက်သွေးကြောကလေးတွေ သွေးမလျှောက်၊ သွေးပိတ်တဲ့အခါ ရောဂါဝေဒနာ လက္ခဏာက တိုးလာတတ်ပါတယ်။ ပြီးတော့ သွေးကြောပိတ်တဲ့နေရာ၊ သွေထွက်နေတဲ့ နေရာအပေါ်လိုက်ပြီးတော့ ရောဂါလက္ခဏာက ကွဲပြားတယ်လို့လည်း ဆိုပါတယ်။ သာမာန်အချိန်တွေမှာ အလုပ်လုပ်နေတဲ့ ဦးဏှောက်က ဆဲလ်တွေက သူ့နေရာနဲ့သူ့ ရှိပေမဲ့ သွေးကြောပိတ်ဆို့ပေါက်ပြဲတဲ့နေရာအပေါ်လိုက်ပြီး စွမ်းရည်က ကျဆင်းပြီး၊ lzheimer's disease လိုပဲ မေ့တတ်တာတို့ အတွက်အချက် မလုပ်​တတ်တာတို့ဖြစ်လာပေမဲ့၊ မှားယွင်း ဆုံးဖြတ်ချက်တွေမလုပ်သေးတော့ တစ်ကယ်ပဲ သူငယ်ပြန်နေတာလားလို့ မေးရမလောက်အောင်ဖြစ်တတ်ပါသတဲ့။ ပြီးတော့လည်း တစ်နေကုန် တစ်​​နေခန်း ဘာမှမလုပ် ငုတ်တုပ်ကြီးငေါင်နေသလို၊ တစ်ခါတစ်ခါ လူကောင်းနဲ့မခြား မလုပ်နိုင်ပါဘူးလို့ ထင်ထားတဲ့ အရာကိုတာငှ် အခက်အခဲမရှိလုပ်တတ်ကြလို့ မိသာစုတွေက ထင်ရောင်ထင်မှား ဖြစ်တတ်ကြရပါတယ်။
အလကား အပျင်းတတစ်နေတာ၊ မလုပ်ချင်လို မလုပ်တာပါကွာဆို အထင်ခံရတယ်"
"ပြုစုတဲ့ သားသမီးတွေခမျာ အကုသိုလ်ဖြစ်ရရှာတော့မှာပေါ့"
"ဟုတ်တယ်ဖေဖေ။ ပြီးတော့ ကာယကံရှင်အတွက် ကံဆိုးတာက lzheimer's disease နဲ့ရောဂါစုံသွားတတ်သူတွေပဲဖေဖေ။ အမှန်က ဒီအမျိုးအစားနှစ်ခုက မျိုးမတူတဲ့ အရာလို့ အရင်တုံးက သပ်မှတ်ခဲ့ပေမဲ့ ခုနောက်ပိုင်းမှာ ရောဂါနှစ်ခု စုံပြီးဖြစ်နေတာလို့ ကောက်ချက်ချနိုင်တဲ့ ဝေဒနာ အခြေအနေတွေ တွေ့လာကြရတယ်"
"သနားစရာကွယ်။ ဘူးလေးရာ ဖရုံဆင့် ဆိုသလိုဖြစ်နေရရှာပြီ"
"ဒါတင်ဘယ်ကမလဲဖေဖေ၊ ကိုယ့်စိတ်ကို ကိုယ်မနိုင်တာတွေလဲ ဖြစ်သတဲ့။ တစ်ခါတစ်ခါ မျက်နှာကလေးရွှင်နေလို့ သွားစကားပြောလိုက်ရင် ပြုံးတိုင်းကြီး စိတ်ဆိုးမာန်ဆိုးနဲ့ အော်ငေါက်တာတွေလည်း ရှိတတ်တယ်။တစ်ချို့ကြတော့လည်း ငိုချတတ်သူတွေလည်း ရှိတယ်"
"အဲ့တာတော့ ဟုတ်တယ်သားရေ၊ ဖေဖေဒီဆေးရုံတက်ခါစက ကုတင်ဘေးက လူမမာကို
ဒီနေ့တော့ မိုးတွေအုပ်နေတယ်၊မိုးရွာမလား မသိဘူးဗျာ
လို့ပြောရသေးတယ် ချုံးပွဲချ ငိုပါလေရော။
ဖေဖေက သူ့ကို ဝမ်းနည်းစရာ၊ သတိရစရာတွေများပြောမိလေသလားလို့ ထင်ပြီးတော်တေယ်လေး စိတ်မကောင်း ဖြစ်ခဲ့ရတယ်။
နောက်မှ သိရတာက သူငယ်ပြန်နေလို့ တစ်ခါတစ်ခါ ငိုလိုက်ရီလိုက် ဒီလိုပဲလုပ်တတ်သတဲ့"
"ဟုတ်တယ်ဖေဖေ။ သူတို့ခမျာ ငိုလိုက်ရီလိုက်၊ စိတ်ဓါတ်ကျလိုက်၊ အားကျိုးမာန်တက်ဖြစ်လိုက်နဲ့ ကာယကံရှင်ရော၊ မိသားစုပါ သနားစရာပါ"
"အေးကွယ် စိတ်မကောင်းစရာပါ။ ဒါပေမဲ့ သားပြောသလိုပဲ ရောဂါအကြောင်းကို သေသေချာချာနားလည်သဘောပေါက်မှ တို့တစ်တွေ လက်တွေ့ကျကျ ရင်ဆိုင်နေထိုင်နိုင်မှာမို့ ဆက်ပြောစမ်းပါဦး။
" နောက်တစ်ခုကတော့ lewy body dementia ဆိုတဲ့ အမျိုးအစားပါ ဖေဖေ။ သားတော့ ဘာသာမပြန်တတ်လို့ ဘယ်လို ရောဂါဆိုတာပဲ ပြောပြပါ့မယ်"
"ရပါတယ်ကွာ။ ဒို့ကလည်း ​ယေဘူယျလောက်ပဲ သိချင်တာပါ"
"ဟုတ်ကဲ့ပါဖေဖေ။ သားတတ်နိုင်သလောက် ရှင်းပြမယ်။ ဒီအမျိုးအစားကလည်း အမျိုးသားတွေမှာ အဖြစ်များသတဲ့။ ဘယ်လောက်အထိ များသလဲဆို နှစ်ဆလောက်တောင် များသတဲ့"
"ဒါဆို မင်းပြောတဲ့ ရေဂင်သမ္မတ ဖြစ်တဲ့ အမျိုးအစားနဲ့ ဆန့်ကျင်ဘက်ပေါ့"
"ဟုတ်တယ်ဖေဖေ၊ ဖေဖေကျတော့မှပဲ နာမည် အသစ်တတ်လိုက်တယ်။ ရေဂင်ရောဂါတဲ့။
ကောင်းတယ်ဖေဖေ။ အဲ့သလို ကိုယ်နားလည်သလို မှတ်လိုက်ပေါ့။ ဒီအမျိုးအစားကိုတော့ 1976ခုလောက်မှာ ယိုကိုဟားမားက ဆရာဝန်ကြီးက ရှာတွေ့တာလို့တော့ ပြောတာပဲဖေဖေ။ 1995ခုလောက်ကမှ ဒီအမျိုးအစားကို အမည်တတ်ကြတာတဲ့။
သူလည်းပဲ lewy body ဆိုတဲ့ ထူးခြားတဲ့ ပရိုတိမ်းဓါတ်တမျိုးကြောင့် နဗ်ကြော တစ်ခုနဲ့တစ်ခု သတင်းပို့ဆောင်မှုတွေ ပျက်ပြားရာက ဖြစ်လာတဲ့ ရောဂါလို့ပြောတာပဲ ဖေဖေ။ အဲ့သည့်ပရိုတိန်းတွေဟာ လူတွေက စဉ်းစားတဲ့အခါမှာ အသုံးချတဲ့ ကြားခံအရာ၊ အသက်ရှူတာတို့၊ သွေးလည်ပါတ်တို့စတဲ့ လည်ပါတ်မှူ့တွေအတွက် အရေးကြီးတဲ့ နေရာ တွေမှာ သွားစုပုံတော့ အဲ့သည့်နေရာက အာရုံကြောဆဲလ်လေးတွေဟာ ပျက်စီးပြီး အရေအတွက်တွေ နည်းကုန်တာပေါ့။ ဒီတော့ ဆဲလ်တစ်ခုကနေ တစ်ခု သတင်းပို့ဆောင်မှူတွေက ကောင်းကောင်းမွန်မွန် အလုပ်မဖြစ်လို့ ဝေဒနာတွေပြလာတာလို့လဲ ဆိုပါတယ်"
"အဆီဖုံးသလိုများလားမသိ"
"ဟုတ်မယ်ထင်တယ်ဖေဖေ။ အဆီလား ဘာလားတော့ မသိ။ တစ်စုံတစ်ခုသော အရာက ဖုံးအုပ်နေလို့ အလုပ်ကောင်းကောင်း မလုပ်တော့ဘူးဆိုတဲ့ သဘောပေါ့။ မျက်မှန် အနက်ကြီးတတ်ထားလို့ မြင်သင့်တာတွေ သိပ်မမြင်တော့ဘူးလို့ ပြောရမယ်နဲ့တူတယ်။ ဝေဒနာလက္ခဏာတွေ မပြခင်၊ အချိန်တော်တော် စောစောထဲက ဦးဏှောက်က ပြောင်းလဲမှူတွေကို ပြသတဲ့"
"ဘယ်လို ပြသလဲသားရဲ့"
"ဦးဏှောက်ထဲမှာ၊ မျက်စေ့ထဲမှာ ဟိုလိုလို၊ ဒီလိုလို။ဟိုမြင်ဒီမြင်ဖြစ်တတ်သတဲ့။ ပထမပိုင်းမှာတော့
အခန်းထဲမှာ ယင်ကောင်ရှိနေတယ်တို့
လူစိမ်းတစ်ယောက် ရောက်နေတယ်တို့
အနီးအနားမှာ မနေတဲ့၊ ဟိုအ​ဝေးကြီးက သားသမီး၊ မြေးတွေက ပြန်လာတယ်လို့ ပြောလို့ပြောတာတွေလည်း ရှိသတဲ့"
"မင်းတို့လို လူငယ်တွေစကားနဲ့ ပြောရင်တော့ ပေါက်သွားပြီပေါ့"
"ဟုတ်တယ်ဖေဖေ။ဘာလို့လဲဆိုတော့ သားတို့က သူငယ်ပြန်တယ်လို့ပြောရင် မေ့တတ်တယ်ဆိုတာကိုပဲ သိနေတော့၊ အဲ့သလို ဟိုမြင်ဒီမြင်တဲ့သူတွေကို သူငယ်ပြန်တာထက် ပေါက်သွားပြီလို့ ပြောမိခဲ့ပါတယ်"
"အေး..နှတ်ကြောင့်ကြေ၊ လက်ကြောင့်သေ ဆိုသလို ဝစီကံကြောင့် အကုသိုလ်လည်းဖြစ်တတ်တယ်ကွဲ့"
"ဟုတ်ကဲ့ဖေဖေ။ ဒါ့ကြောင့်လည်း သားတတ်နိုင်သလောက် ကျမ်းမာရေးဗဟုသုတတွေကို ကိုယ်တိုင်လည်း လေ့လာသလို၊ သူများတွေကိုလည်း ဖြန့်နေတာပါ"
"သာဓုကွယ်၊ သာဓု။ ဒါနဲ့ အဲ့သလို ဝေဒနာတွေကို ဘယ်လို လုပ်ရမလဲလည်း ပြောစမ်းပါဦးကွဲ့"
"အဲ့သလို မဟုတ်​က ၊ ဟုတ်​က​ပြောလာရင်​၊ ဥပမာ အသက်ကြီးလို့ ပင်စင်စားကြီးဖြစ်နေရဲ့နဲ့ အလုပ်သွားဦးမှ ဆိုပြီး အပြင်ထွက်သွာတာမျိုး။
ကိုယ့်ကိုယ်ကို ကလေးငယ်ကလေးတွေရှိတဲ့ လူလတ်ပိုင်း မိဘအရွယ်​ပဲလို့ ထင်နေတတ်တာမျိုး။
ကိုယ့်မိသားစုကို ကိုယ်မမှတ်မိတော့ပဲ၊ လူစိမ်းတွေ ရှိနေတယ်လို့ ပြောတာမျိုးတွေ ရှိလာတဲ့အခါ အလိုက်သင့်ပြောဆိုပြီး၊
စိတ်အေးအောင် လုပ်ပေးရပါမယ်။
ယင်ကောင်တွေရှိတယ်လို့ ပြောနေရင်၊ အလိုက်သင့် ရိုက်ပုတ်မောင်းထုပ်ပြပြီး၊ မရှိတော့ဘူးလို့ စိတ်ချအောင် ပြောပေးရတယ်တဲ့။
လူစိမ်းတွေ ရောက်နေတယ်လို့ပြောလည်း..... ဟုတ်တယ်။ အခုပြန်သွားပြီလို့ စိတ်အေးသွားအောင် ပြောတာတွေ လုပ်သင့်တယ်လို့လည်း သတိပေးကြပါတယ်"
"သနားစရာပါလားကွယ်"
"အဲ့သလို စိတ်ဖေါက်ပြန်သလို ဖြစ်လာတာ တင်မကဘူး Parkinson ရောဂါလို ခြေလက်တွေတုန်တာတို့၊ ကြွက်သားတွေ မာကြောတာတွေလည်း ဖြစ်တတ်သေးတယ်။ ​ဒေနာသည်​က တုံ့နှေးတုံ့နှေးဖြစ်နေရင်လည်း မလောရဘူးတဲ့။ ပြီးတော့ ကုတင်ပေါ်က ပြုတ်မကျအောင်၊ ချော်မလဲအောင်လို့လည်း သတိထားသင့်တယ်။ အိမ်ထဲမှာလည်း ချော်မလဲအောင်လို့ လက်ကိုင်တန်းတို့၊ တံခါးတွေကို တတ်ပေးသင့်သလို၊ အဲ့သလို ပြင်​ဆင်​မှူ​တွေကိုလည်း ရုတ်တစ်ရက်ကြီး မလုပ်သင့်ဘူးတဲ့။ ဝေဒနာရှင်က သူ့အိမ်  မဟုတ်ဘူးလို့ ထင်ပြီး၊ အပြင်ထွက်သွား တတ်တာတွေလည်းရှိသတဲ့။ တစ်ချို့ကြတော့ အိမ်ထဲမှာပဲ ပိတ်လှောင်ထားလို့ဆိုပြီး ရုတ်တစ်ရက် ကုန်တိုက်တွေ၊ ဈေးကြီးတွေခေါ်သွားပြန်​​တော့လည်း အသံအကျယ်ကြီး အော်ဟစ်သောင်းကြမ်းတတ်တဲ့ ဝေဒနာရှင်တွေလည်းရှိတယ်။ ဒါ့ကြောင့် မယုတ်မလွန် စောင်းကြိုးကလေးလို  အလျော့အတင်းကလေး လုပ်ပေးနေရမယ်ဆိုတာတော့ ပြုစုတဲ့ မိသားစုတွေလည်း သိထားရမယ်ဖေဖေ"
"အေးကွယ်၊ စိတ်ထဲ မကောင်းလို့ ဒီထက်ပိုပြီး မသိချင်တော့ပါဘူး။ နောက်ဆုံး ကျန်တဲ့ တစ်ခုကတော့ ဘာတဲ့လဲကွ"
"နောက်ဆုံးတစ်ခုကတော့Frontotemporal lobe dementia (FTD) ရှေ့ဘက်၊ နှဖူးဘက်နဲ့ဆိုင်တဲ့ သူငယ်ပြန်ခြင်းတစ်မျိုးပါ။ သူကတော့ ထူးထူးခြားခြား ငယ်ရွယ်သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ လွယ်လွယ်ကူကူပြောရင်တော့ ဦးဏှောက်ကျုံ့သွားလို့ ဖြစ်တာပါ။ သာမာန်အားဖြင့်တော့ အသက်ကြီးသူတွေက ဖြစ်တတ်တယ်လို့ ထင်နေပေမဲ့ လူငယ်တွေလည်း ဖြစ်တတ်လို့ပါတဲ့။
ဦးခေါင်းရှေ့ပိုင်းက ဦးဏှောက်က စဉ်းစားတဲ့အလုပ်၊ နားလည်သဘောပေါက်၊ အစီအစဉ်များတွေးခေါ်ရာမှာနဲ့ ဝေါ်ဟာရမှတ်ဥာဏ်၊ နားလည်မှူများကိုလည်း ပြုလုပ်ပါတယ်။ တစ်ခြား အသံ၊အနံ့အာရုံတွေကိုလည်း ခံစားတယ်လို့ ပြောပါတယ်။
"ဩော် တော်တော်တါဝန်ယူထားရရှာပါလားကွယ်"
"ဟုတ်တယ်ဖေဖေ။ ဒါ့ကြောင့်လားမသိ။ အဲ့သလို ရောဂါတွေ ရလာတဲ့အခါ ပြောပြီးသားစကားကို ထပ်ခါထပ်ခါ ပြောတတ်ကြတယ်။
ပြီးတော့ သပ်မှတ်ထားသလိုပဲ၊ သူ့ရောဂါဖေါက်ချိန်မှာ ဝေဒနာရှင်တွေဟာ လက်ခုတ်တီးတာတို့၊ အိမ်ထဲ၊ အိမ်ပြင်ကို လမ်းလျှောက်ထွက်တာတို့ လုပ်တတ်ပါတယ်။ အဲ့သလို မလုပ်အောင် တားတဲ့အခါမှာလည်း အလွန်စိတ်ဆိုးပြီး၊ သောင်းကြမ်းတတ်လို့ သတိထားပြီး ဆက်ဆံတတ်ဖို့တော့ လိုပါတယ်။ ကိုယ်အိမ်ကိုမှတ်မိပေမဲ့ ယဉ်တိုက်မှူ့တွေ ဖြစ်နိုင်လို့ တစ်ယောက်တည်းတော့ လွှတ်မထားသင့်ပါဘူး။ တစ်ချို့ကြတော့ လည်း အပြင်​သွားရင်းနဲ့ မျက်စေ့ထဲတွေ့တာကို ကလေးငယ်တစ်ယောက်လိုပဲ ယူပြီးပြန်လာတတ်လို့ သတိထားသင့်ပြန်တယ်။
အိမ်ထဲမှာဆိုရင်တော့ လမ်းလျှောက်တာက ကျမ်းမာရေးနဲ့ ညီညွတ်တာမို့ ဘေးကနေ ဖေးဖေးမမ စောင့်ကြည့်တာမျိုးကြတော့ ပြုစုသူရော၊ ဝေဒနာရှင်အတွင်ပါ သင်သာတာပေါ့"
"မိသားစုဆိုတော့လည်း စိတ်ပူရှာပေမပေါ့"
" ကာယကံရှင်တွေလည်း သနားဖို့ကောင်းပါတယ်ဖေဖေ။ အခုအထိ စိတ်ဝင်စားတဲ့ တီဗီတွေ၊ ရုပ်ရှင်တွေ၊ အစားအသောက်တွေကိုလည်း စိတ်မဝင်စားတော့ဘူး။ ဘာမေးမေးလည်း မသိဘူး၊ မသိဘူးလို့ပဲ တွင်တွင်ပြောတတ်တယ်။
အဲ့သလို အပိုစကားတွေ သိပ်မပြောပေမဲ့ သူများလုပ်တာတွေကျ​တော့ လိုက်လုပ်တတ်ပြန်သတဲ့။ သူများထရင်ထ၊ သူများထိုင်ရင်ထိုင်  လိုက်ပြီးလုပ်တတ်ရုံသာမက၊ သူများပြောတဲ့စကားကိုလည်း နောက်ကနေ ထပ်ခါတစ်လဲလဲ ပြောတတ်ပြန်တယ်"

"ဒါထက်စကားမစပ် ဖေဖေအသိတစ်ယောက်ကတော့ နေ့နဲ့ည လွဲတာလား၊ ဘာလားတော့ မသိ ညဘက်ရောက်တဲ့အခါ ကြောင်အိမ်တွေ၊ ရေခဲသေတ္တာ​တွေ ဖွင့်ပြီးတော့ စားစရာတွေ ရှာစားတတ်တယ်တဲ့"
"ဟုတ်တယ်ဖေဖေ။ နေ့ညလွဲသလားဆိုတာတော့ မသိပေမဲ့၊ ဦးဏှောက်က အချိုဓါတ်ကို တောင်းဆိုတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ မရပ်မနား စားတာကြောင့် ထမင်းစားပွဲပေါ်မှာ စားစရာတွေ မတင်ထားမိအောင် သတိထားရပါမယ်။ ထမင်းစားပွဲပေါ်က သကြား၊ ဆားတွေကို ထမင်းပုဂံထဲ မရပ်မနား ထည့်ပြီး အချိုလွန်၊ အငံလွန်း ဟင်းတွေကို စားတတ်ပါတယ်။ ဒါကြောင့် အချို မှုန့်တွေကိုလည်း သော့ခတ်သိမ်းဆည်းထားသင့်တယ်။ အချိုစားချင်​နေတာကို မကြွေးပဲထားတာက သနားစရာပါ။ ဒါပေမဲ့ အချိုတွေစားလွန်းပြီး ဆီးချိုရောဂါလို အသက်တိုစေမဲ့ရောဂါတွေ မဖြစ်အောင်လည်း စောင့်ရှောက်သင့်သလို၊ အချိုတွေကို လုံးဝ မကျွေးရဘူးဆိုတဲ့ သဘောလည်း မဟုတ်ဘူးဆိုတာတော့ သိထားစေလိုပါတယ်"
"ဒါ့ပေါ့ကွာ  တန်ဆေးလွန်ဘေးလေ"
"နောက်ဆုံးတော့ ဖေဖေရယ်၊ လူရယ်လို့ ဖြစ်လာမှတော့ ရောဂါတစ်ခုမဟုတ်၊ တစ်ခုကတော့ဖြစ်မှာပဲ။ ကိုယ်တစ်ယောက်ထဲ ကိုယ့်မိသားစုပဲဖြစ်တာမဟုတ်။ ဒါ့ကြောင့် ပါတ်ဝန်းကျင်နဲ့ တိုင်ပင်သင့်တယ်။ ဒီလိုခက်ခဲ နက်နဲတဲ့ ရောဂါတွေဆို ပိုပြီး ပြုလုပ်သင့်တာပေါ့"
"ဒါ့ပေါ့ကွယ်။ လူဆိုတာ တစ်ဦးနဲ့ တစ်ဦး ကူညီရိုင်းပင်းတတ်ကြတာ သဘာဝပဲလေ"
"ဟုတ်ပါတယ်ဖေဖေ။ ဒါကြောင့် သူငယ်ပြန်တဲ့ မိသားစုကို ဖုံးအုပ်မထားပဲ ကျမ်းမာရေး ဝန်ထမ်းတွေနဲ့ တိုင်ပင်သင့်တယ်။ ဒီရောဂါက လွယ်လွယ်ကူကူနဲ့ မပျောက် နိုင်ပေမဲ့ ဒီ့ထက်ပိုပြီး မဆိုးဝါးသွားရလေအောင် ဆေးဝါးတွေ သုံးဆောင်လို့ ရပါတယ်။ အကယ်၍ သိပ်ပြီး ရောဂါတက်နေရင်တော့ ယာယီဆေးရုံတက် ကုသလိုက်ရင်တော့၊ အိမ်ပြန်ရောက်တဲ့အခါ  မိသားစုလည်း ပြုစုစောင့်ရှောက်ရ လွယ်သွားတာပေါ့"
"အေး၊ တစ်ကယ်တန်း မိသားစုထဲမှာ ရောဂါသည်ရှိလာတဲ့အခါ စိုးရိမ်ပူပန်၊ အတွေ့အကြုံမရှိရင် သိပ်ပြီး စိတ်ညစ်ကြရရှာသပေါ့ကွယ်"
"တစ်ခါ ဒီအမျိုးအစားက သူတွေက ကိုယ့်ဝေဒနာ ကိုယ်သတိမပြုမိလေတော့၊ ဆေးရုံဆေးခနိးသွားဖို့ ငြင်းဆန်တတ်ကြတယ်။ ဒါ့ကြောင့် သာမာန်ကျမ်းမာရေး ဆေးစစ်ဖို့ သွားသလို ပြောပြီး ခေါ်ဆောင်သွားသင့်တယ်။ ဒါပေမဲ့ သိပ်ပြီးရောဂါသောင်းကြမ်းနေရင်တော့ မိသားစုပဲ ဆေးရုံဆေးခန်းမှာ အကြံဥာဏ်တောင်းကြရတာပေါ့"

သုခ(သား)

No comments:

Post a Comment