Latest News

Friday, May 26, 2017

◾️ပါရမီဖြည့်မှာလား၊ ပြည့်တယ်ရှင်ရဲ့◾️

◾️ပါရမီဖြည့်မှာလား၊ ပြည့်တယ်ရှင်ရဲ့◾️

မြန်မာမှုမြန်မာ့ဓလေ့များအရတော့ အိမ်ထောင်ဖက်ဆိုတာ ကံဆုံလို့သာ မယ်နဲ့မောင် မေတ္တာထား ရှေးရေစက်အရ ပေါင်းသင်းထိမ်းမြားရတယ်ဆိုတာမျိုး မဟုတ်လား.. ဒါပေသိ အိမ်ထောင်ဖက်ဆိုတာမှ ပါရမီဖြည့်ဖက်ရယ်တင်မကဘဲ ဝဋ်ဖက်ရယ်လို့ကလည်း ရှိပါသေးတယ်..

ဒါဖြင့်မြန်မာအသိုင်းအဝိုင်းထဲ မြင်သာတဲ့ပါရမီဖြည့်ဖက်ပြစမ်းပါဆို ဒေါ်အောင်ဆန်းစုကြည်ရဲ့ခင်ပွန်း သွားလေသူကြီး မိုက်ကယ်အဲရစ်ကိုသာ ပြရမှာပဲ..

❤️မိုက်ကယ်အဲရစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်❤️
------------------------------------------
အခုလို အမြင်ကျယ်လှပါချည်ဆိုတဲ့ခေတ်မှာတောင် တချို့အမျိုးသမီးတွေခမျာ လက်ထပ်ပြီးတာနဲ့ မင်းဖြစ်ချင်တာတွေ၊ လုပ်ချင်၊လုပ်နိုင်တာတွေ အကုန်မေ့လိုက်တော့၊ ငါ့အနားမှာသာ နေစမ်းပါရယ်လို့ မဟာယောက်ျားကြီးဖိုဝါဒနဲ့ ခင်ပွန်းသည်က မိန်းမကို သူပိုင်ပစ္စည်းလို ကွပ်ညှပ်ဆက်ဆံခံရသေးကြတာမှာ လွန်ခဲ့တဲ့နှစ်ပေါင်းလေးဆယ်ကျော် ငါးဆယ်နီးပါးက လက်ထပ်ခဲ့ကြတဲ့ ဒီဇနီးမောင်နှံရဲ့ လက်မထပ်ခင်အကြိုကတိစကားက "နောင်တချိန် ကျမနိုင်ငံနဲ့ လူထုက ကျမကို လိုအပ်လာချိန်မှာ ပြန်ခွင့်ပြုပါ" ဆိုတဲ့ စကားပါ.. ဒါကို မိုက်ကယ်အဲရစ်ကလည်း သဘောတူလက်ခံခဲ့တယ်..

အဲ့ဒီအစောပိုင်း အိမ်ထောင်သက်(၁၆)နှစ်တာကာလမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မိုက်ကယ်အဲရစ်အတွက် တာဝန်ကျေတဲ့အိမ်ရှင်မကောင်းဖြစ်ခဲ့တာပါပဲ.. သူမရဲ့ အိမ်မှုကိစ္စနိုင်နင်းပုံတွေ၊ ခင်ပွန်းသည်သွားရာ ဘူတန်နိုင်ငံထိ လိုက်ပါ ပါရမီဖြည့်ခဲ့တာတွေ သူမဟာလည်း ခင်ပွန်းသည်အတွက် အထောက်အပံ့ကောင်းဖြစ်ခဲ့တာပါပဲ.. နောက်ပိုင်း မိခင်ဖြစ်သူဒေါ်ခင်ကြည်နေမကောင်းလို့ မြန်မာပြည်ပြန်ဖြစ်တာကနေ မြန်မာ့နိုင်ငံရေးအခင်းအကျင်းက တကယ့်ကို မိုးထဲလေထဲ ရောက်လာတော့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေအတွက် အားသွန်ခွန်စိုက်ကြိုးစားရင်း မပြန်ဖို့ ဆုံးဖြတ်ခဲ့တယ်..

 ဒီအပေါ်မှာ မိုက်ကယ်အဲရစ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အင်္ဂလန်ပြန်ဖို့ ဇွတ်အတင်းအကျပ်ပြောဆိုသိမ်းသွင်းတာမျိုးတွေကို ဒီနေ့အထိ ဘယ်မီဒီယာမှာမှ ရှာမတွေ့ခဲ့တာကလည်း တကယ်မကန့်ကွက်ခဲ့လိုသာ နေမှာပါပဲ.. မြင်ရတာ ဖတ်ရတာဆိုလို့ မိုက်ကယ်အဲရစ်ဟာ ဇနီးသည်နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာဖို့ အစိုးရကို တိုက်တွန်းတာ၊ ပုပ်ရဟန်းမင်းလိုလူကို ကြားဝင်ပေးဖို့ မေတ္တာရပ်ခံတာမျိုးတွေနဲ့သာ ကြိုးစားခဲ့တာပါ.. မြန်မာပြည်စစ်အစိုးရဆိုတာ မိုက်ကယ်အဲရစ်သာ ဒေါ်စုကို စိတ်ပြောင်းအောင် ခေါ်ထုတ်နိုင်ရင် အင်္ဂလန်ကို ဘင်သံနဲ့တောင် ပို့ပေးလိုက်ဦးမယ့်အစားဆိုတာ အကုန်လုံးသိသာမြင်သာခဲ့တာပဲ မဟုတ်လား.. ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျလို့ ဝေးကွာနေချိန်မှာတောင် မိုက်ကယ်အဲရစ်ဟာ DASSK မျက်နှာပျက်ရမယ့်အလုပ်၊ အဝေဖန်ခံရမယ့်အပြုအမူ အပြောအဆိုတွေ အကုန်ရှောင်နိုင်ခဲ့တာပါပဲ.. အသောက်အစားဖက်တာတွေ မိန်းမမှုပွေရှုပ်တာတွေ ဝေးလို့ မီဒီယာမှာတောင် DASSK အကျပ်ရိုက်စေမယ့်စကားမျိုး တစ်ခွန်းမဟခဲ့ပါဘူး.. ကင်နဲ့ အလက်စန်းဒါးဟာလည်း ဒီကိစ္စမှာတော့ သူတို့အဖေခြေရာ ထပ်တူထပ်မျှပါပဲ.. ဒါဟာမိုက်ကယ်အဲရစ်ရဲ့ ပါရမီဖြည့်ဖက်ကောင်း ပီသခဲ့တာတွေပါ..

♥️အိုဘားမားနဲ့ မီရှဲလ်♥️
------------------------------------------
နောက်ထပ်သိသာတဲ့ပါရမီဖြည့်ဖက်ပြပါဆိုရင် (၄၄)ယောက်မြောက် အမေရိကန်သမ္မတဖြစ်ခဲ့သူ ဘားရတ်အိုဘားမားရဲ့ ဇနီးသည် မီရှဲလ်အိုဘားမားကို ညွှန်းရပါလိမ့်မယ်.. လူပြောများတဲ့အဖြစ်အပျက်က တခါသားမှာ အိုဘားမားတို့စုံတွဲဟာ နယ်လှည့်စည်းရုံးရေးဆင်းရင်း စားသောက်ဆိုင်တစ်ဆိုင်ကို ရောက်ပါတယ်.. စားသောက်ဆိုင်ရောက်တော့ ဆိုင်ပိုင်ရှင်အမျိုးသားကြီးက မီရှဲလ်နဲ့ စကားပြောခွင့်တောင်းတယ်.. သူတို့ချင်း နှုတ်ဆက်စကားပြောအပြီးမှာ မီရှဲလ်က အိုဘားမားကို ဘာပြန်ပြောလဲဆို "ဒီစားသောက်ဆိုင်ပိုင်ရှင်က ဆယ်ကျော်သက်တုန်းက ကျမကို ပိုးပန်းခဲ့သူပေါ့" လို့ ပြောပါတယ်.. အိုဘားမားကလည်း အားကျမခံ "ဒါဖြင့် မင်း သူ့ကိုသာ ယူလိုက်ရင် ခုနေဆိုင်ပိုင်ရှင်သူဌေးမကြီး ဖြစ်နေမှာနော်" ဆိုတော့ မီရှဲလ်က ရယ်ပါတယ်.. "ဘယ်ဟုတ်ပါ့မလဲရှင်ရယ်.. ဒီလူသာ ကျမနဲ့ လက်ထပ်ဖြစ်ခဲ့ရင် ခုနေ သူ သမ္မတဖြစ်နေရောပေါ့" တဲ့.. လူတွေကြား ရေပန်းစားလှတဲ့ ဒီအဖြစ်အပျက်က မှန်ချင်မှလည်း မှန်ပါလိမ့်မယ်.. ဒါပေမယ့် မငြင်းနိုင်တဲ့အမှန်တရားက မီရှဲလ်ဟာ အိုဘားမားသမ္မတဖြစ်ရေးမှာ တကယ်ကိုစွမ်းစွမ်းတမံ ပံ့ပိုးခဲ့တယ်ဆိုတာပါပဲ..

ပထမဦးဆုံးသော လူမည်းသမ္မတဖြစ်ရေးလမ်းခရီးဟာ ထင်ထားတာထက် အများကြီးခက်ခဲကြမ်းတမ်းပါတယ်.. လူတွေကို စည်းရုံးရတယ်.. တဖက်က ဝေဖန်တာတွေ အောက်လုံးထိုးတာတွေအပေါ် ပညာသားပါပါတုံ့ပြန်ပြောဆိုရတယ်.. ကမ္ဘာပတ်ပြီး အမေရိကန်ကိုယ်စားပြု မိန့်ခွန်းတွေလည်း သမ္မတကတော်တစ်ယောက်အနေနဲ့ ပြောရပါသေးတယ်.. မီရှဲလ်ဟာ ဟားဗတ်တက္ကသိုလ်ကျောင်းဆင်း ဥပဒေပညာရှင်တစ်ယောက်အနေနဲ့ သူမရဲ့ ဉာဏ်ပညာကြီးမှုတွေကိုရော သူမရဲ့စိတ်ရင်းဖြစ်တဲ့ လူသားဆန်မှုတွေ ပေါင်းသင်းဆက်ဆံရေး နှုတ်မှုစွမ်းရည်တွေဟာ သူမခင်ပွန်းကို အများကြီး အထောက်အပံ့ကောင်းဖြစ်စေခဲ့တာမှ တချို့များဆို ဟီလာရီကလင်တန်ရဲ့အလွန်မှာ အမျိုးသမီးသမ္မတဖြစ်နိုင်တာဟာ မီရှဲလ်ပါရယ်လို့ ပြည်သူတွေနှုတ်က ဖော်ထုတ်ပြောရတဲ့အထိပါပဲ.. ဒါတွေဟာ ပါရမီဖြည့်ဖက်ကောင်းတွေပေါ့..

❗️ဝဋ်ဖက်ဆိုတာ ဘယ်လိုပါလိမ့်❗️
------------------------------------------

ပါရမီဖြည့်တွေ ညွှန်းအပြီးကျ ဝဋ်ဖက်တွေအကြောင်း ပြောချင်မိတယ်ဆိုပေမယ့် တော်ရုံတော့ လက်ညှိုးမညွှန်ရဲပါလေ.. ကိုယ်တွေအမေက သူ့အမတ်တွေတောင် "မဟုတ်တာလုပ်တာတွေ ကျမ မလိုချင်ဘူးနော်.. ဖြစ်လာခဲ့ရင် ကျမတို့ပါတီဖက်က လုပ်ပေးနိုင်တာ ထောင်ဝင်စာတွေ့ပေးနိုင်တာတွေပဲ ရှိတယ်" ရယ်လို့ အတိအလင်း ပြောထားတော့ ကိုယ့်မယ် ကျောတွန့်ရတယ်..

ပညာတတ်ပြီး ဘက်မလိုက် မျှတတဲ့အပြင် ဥပဒေကို အလေးထားတဲ့သူမို့ "အမေရယ်.. NLD ဟာ သမီး နှလုံးသည်းပွတ်ပါ၊ သမီးမှာ နေ့တိုင်း အမေ့ကို လော်ဘီလုပ်ထားရတာ၊ သမီးမှ မလော်ရင် NLD ဟာ ၂၀၁၅ ရွေးကောက်ပွဲတောင် နိုင်ဖို့မလွယ်တာ အမေသိရဲ့လား.." တွေ အူယားဖားယား မပြောရဲပါဘူး.. ဥပဒေနဲ့ ညိရင် မင်းကံကောင်းပါစေအသာထားလို့ သူကချည်း အရင်ဆူလွှတ်မှာမို့ အနေအထိုင်က ဆင်ခြင်ရတယ်.. ဖာသည်မဆိုပြီး တခြားသူသွားဆဲမိလို့ကတော့ သူများမိသားစုတွေလို ကာပေးဖို့နေနေသာသာ နှုတ်ကြမ်းတမ်းဟာ မဖြစ်သင့်ဘူးအစချီလို့ ကမ္ဘေကမ္ဘာ အဆုံးမခံရမှာမျိုး မဟုတ်လား.. ဒီတော့ကာ ဝဋ်ဖက်ဆိုတာအကြောင်း ကိုယ့်ဘာသာသာ ဖြည့်နားလည်ကြတာပေါ့..

ဟိုးငယ်ငယ် အဖိုးတွေအဖွားတွေ ဆုံးမခဲ့ဖူးတာများကိုသာ ပြန်ပြောင်းပြောရရင် "အိမ်ထောင်ရက်သားများကျကြတဲ့အခါ ကိုယ့်လင်သား၊ ကိုယ့်ဇနီးမယားအပေါ် ပါရမီဖြည့်ဖက် မဖြစ်နိုင်ရင်တောင် ဝဋ်ဖက်တော့ မဖြစ်ကြစေနဲ့ ငါ့မြေးတို့ရဲ့၊ အိမ်ထောင်ဖက်မယ် တစ်ယောက်ကတော့ ကောင်းနေရင် တော်သေး" လို့ ရှေးလူကြီးများပီပီ ပြောကြတာပါပဲ.. ဒီတော့ကာ ကိုယ့်အိမ်သားကို လူတွေ ချဉ်နေချိန် ကိုယ်က အချစ်တိုးအောင် ကြံမပေးနိုင်ရင်တောင် ကြားထဲက လှော်တက်နဲ့ ရိုက်မချဖို့တော့ လိုတာပေါ့.. ဟုတ်ဘူးလား..

🔺ဟီလာရီနဲ့ ဘီလ်ကလင်တန်🔺
------------------------------------------
နမူနာဆို ဘီလ်ကလင်တန်ကြီး သိရဲ့ ဟုတ်..အမေရိကရဲ့ (၄၂)ယောက်မြောက် သမ္မတ.. လူပုံက ချောက ချောပါဘိနဲ့.. ဒါပေမယ့် မိန်းမရှုပ်တာမှ သူ့အတွင်းရေးမှုးမနဲ့ ရှုပ်တာ.. အလုပ်ချိန်တွေမှာ လိင်ဆက်ဆံခဲ့တာမို့ ရပ်တွေရွာတွေတင်မကဘူး "လူဝင်စကီးအရှုပ်တော်ပုံ" ရယ်လို့ ကမ္ဘာပါ ကျော်ပါရောလား.. အစပိုင်း ငြင်းပေမယ့် နောက်ပိုင်းကျ အမှုမှန်ပေါ်တော့ ဘီလ်ကလင်တန်ရဲ့ ရှေ့နေလိုင်စင်ကြီးပါ အသိမ်းခံရထင်ပါရဲ့.. အဲ့သလိုမဟာအရှက်တော်ဗြန်းဗြန်းကွဲခဲ့တာမို့ တော်ရုံဆို ဒီလူဟာ ဘယ်လိုအကြောင်းပြချက်နဲ့မှ နိုင်ငံရေးစင်မြင့်ပေါ်ပြန်တက်လာစရာမရှိသလို ပရိတ်သတ်လက်ခုပ်သံ ရစရာလည်း မရှိဘူး.. ဒါပေမယ့် ဒီနေ့ဒီအချိန်မှာ ဘီလ်ကလင်တန်လို့ ပြောလိုက်ရင် မော်နီကာလူဝင်စကီးနဲ့ ရှုပ်ခဲ့တဲ့သမ္မတဆိုတာထက် လူတွေရဲ့စိတ်ထဲမှာ "အော်.. ဒီဘဲကြီး.. ဟီလာရီကလင်တန်ရဲ့ယောက်ျားပါလား" လို့သာ ပြေးမြင်မိအောင် သူ့မိန်းမက စွမ်းခဲ့တာပါ..

ကိုယ့်အမြင်မှာတော့ ဟီလာရီကလင်တန်ဟာ တော်ရုံမိန်းမ ခွင့်မလွှတ်နိုင်တဲ့အမှုကို ခွင့်လွှတ်နိုင်ခဲ့လို့ အထင်ကြီးမိတာမျိုးလုံးဝမဟုတ်ဘဲ ပျက်စီးပြိုကွဲတော့မယ့် အိမ်ထောင်တစ်ခုကို ပြန်ထူထောင်နိုင်ခဲ့ရုံတင်မကဘဲ အတိတ်က ဖြစ်ရပ်ဆိုးတွေကို လူတွေ ဂရုမစိုက်လောက်မိတဲ့အထိ တွန်းလှန်ပစ်နိုင်တဲ့ စွမ်းရည်ရှိတဲ့ မိန်းမတစ်ယောက်လို့ မြင်တယ်.. သူက အမေရိကန်နိုင်ငံရေးမှာလည်း လွှတ်တော်အမတ်ရာထူးရော၊ နိုင်ငံခြားရေးဝန်ကြီးရာထူးရော ရအောင်ယူနိုင်ခဲ့ရုံမကဘဲ ပထမဆုံးသော အမျိုးသမီးသမ္မတလောင်းလည်း ဖြစ်ခဲ့သေးတာကိုး.. သူ့အရည်အချင်းတွေက သူ့တစ်ယောက်အတွက်မဟုတ်ဘဲ သူ့အမျိုးသားကိုပါ လူတွေ ပြန်နေရာပေး လေးစားလာအောင် လုပ်နိုင်ခဲ့တဲ့ အမျိုးသမီးကောင်းပါပဲ..

♦️ဟောဒီကဗမှားပြည်♦️
------------------------------------------
ကိုယ်တွေနိုင်ငံများမယ်တော့ဖြင့် အစကတည်းက စစ်တပ်က ထိပ်တန်းခေါင်းဆောင်တွေကို ထောက်ခံသူတွေရော သဘောမကျသူတွေပါ အပြိုင်းအရိုင်း အပြိုင်အဆိုင်ရှိကြတာ.. တချို့လည်း သဘောကျတယ်တော့ မဟုတ်ပေမယ့် လုံးဝတော့ခါးခါးသီးသီး မဟုတ်ဘဲ ဘယ်နားက ဘယ်လိုအမှတ်ပေးရပါ့လို့ ကြံဖန်အကောင်းမြင်ချင်တဲ့ ကိုယ့်လိုလူတွေလည်း ရှိသပေါ့..

အဲ့ဒါကိုမှ ကာချုပ်ကတော် ဒေါ်ကြူကြူလှက သူ့လင်သားရဲ့ လုပ်ဖော်ကိုင်ဖက်၊ ငြိမ်းချမ်းရေးအတွက် အတူလက်တွဲ အလုပ်လုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်လိုလူမျိုးကို မိုက်မိုက်ရိုင်းရိုင်း သရော်မော်ကားရေးသား စော်ကားတဲ့ စန္ဒီမြင့်အောင်ကို ဒီအမှုမှာ "Best of Luck" တွေ ဘာတွေ သွားပြောတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်တဲ့ဒီဘက်ကသူတွေစိတ်ထဲ အင်မတန်မှ ခိုးလို့ခုလု ဖြစ်ရပါတယ်.. ဒီကြားထဲ အဲ့ဒီကလေးမက Thanks Mom (ကျေးဇူးတင်ပါတယ်အမေ) လို့တောင် ပြန်ဖြေသွားသေးတော့ အကောင့်တုတော့ ဟုတ်ဟန်မတူဘူးလို့.. ခုတော့ ကွန်းမန့်ရော စတေးတပ်စ်ပါ ဖျက်သွားတယ် ပြောတယ်.. ကောင်းပါလေ့ပေါ့နော်..

ကိုယ်တွေကတော့ အမြင်မတူတာကို လက်ခံတယ်.. လွတ်လပ်စွာ ကွဲပြားခွင့်ရှိတယ်.. ဒါပေမယ့် ဆဲရေးတာ၊ မိုက်ရိုင်းစော်ကားတာနဲ့ ဒါဟာ မတူဘူး.. ဒေါ်အောင်ဆန်းစုကြည်ကို ချက်ကျလက်ကျ ပညာရှင်လို ဝေဖန်တာကို ထောက်ခံရင် စိတ်ထဲ ဘယ်လိုမှတောင် သဘောထားမိမှာမဟုတ်ပေမယ့် အောက်တန်းတကျ ပုဂ္ဂိုလ်တိုက်ခိုက်တာကိုတော့ သွားအားပေးရင် ထောက်ခံရင် အဲ့သည့်လူ ဘယ်သူ့ဖြစ်ဖြစ် ငြိုငြင်မိမှာပါ.. ဒါဟာ ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးကိုလည်း ထိခိုက်တယ်လို့ ယုံတယ်လေ.. လက်ဆွဲနှုတ်ဆက်ဖို့ဆိုတာ တစ်ဘက်က ဘယ်လောက်လက်ဝါးဖြန့်ဖြန့် နောက်တစ်ဘက်က လက်သီးဆုပ်ထားရင် ဘယ်နည်းနဲ့မှ မအောင်မြင်ဘူး မဟုတ်လား..

ခုလည်း ပြည်သူတွေက ရင်ကြားစေ့ဖို့ မျှော်နေတာပါ.. အထောက်အပံ့ကောင်းမဖြစ်ရင်တောင် ထိခိုက်ပွန်းပဲ့မယ့်အပြုအမူတွေဆို ဘယ်ဘက်ကပဲဖြစ်ဖြစ် ရှောင်စေချင်ပါရဲ့.. ကိုယ့်အိမ်ထောင်ဘက်အပေါ်၊ ကိုယ့်တိုင်းပြည်အပေါ် ပါရမီဖြည့်ဖက်ဖြစ်တဲ့ လာခြင်းကောင်းသော လူတွေပဲ ဖြစ်စေချင်မိတယ်..

Written by Poe Phyu Thant (မယ်ပိုး)

(လွတ်လပ်စွာ share နိုင်ပါတယ်၊ Credit ပေးပြီးလည်း ပြန်ကူးတင်နိုင်ပါတယ်)

No comments:

Post a Comment