Latest News

Wednesday, May 24, 2017

အခွန်ရှောင်မှုကြောင့် မက်ဆီကိုချမှတ်ထားတဲ့ထောင်ဒဏ် စပိန်တရားရုံးချုပ် အတည်ပြု

အခွန်ရှောင်မှုကြောင့် မက်ဆီကိုချမှတ်ထားတဲ့ထောင်ဒဏ် စပိန်တရားရုံးချုပ် အတည်ပြု

စပိန်အစိုးရထံ ပေးသွင်းရမယ့် ဝင်ငွေခွန် အမေရိကန်ဒေါ်လာ ၄.၆ သန်းကို လိမ်လည်တိမ်းရှောင်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ဘာစီလိုနာနဲ့ အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ်မက်ဆီကို အခွန်တိမ်းရှောင်မှုဖြင့် ယမန်နှစ်အတွင်း ချမှတ်ထားခဲ့တဲ့ ပြစ်ဒဏ်ကို စပိန်တရားရုံးချုပ်က အတည်ပြုလိုက်ကြောင်း သိရပါတယ်။ မက်ဆီနဲ့ ၎င်းရဲ့ဖခင် ဂျော်ဂီတို့ကို ၂၀၁၆ ခုနှစ်က စပိန်အစိုးရထံ ပေးသွင်းရမယ့် ဝင်ငွေခွန် အမေရိကန်ဒေါ်လာ ၄.၆ သန်းကို လိမ်လည်တိမ်းရှောင်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီရဲ့ဖခင် ဂျော်ဂီမက်ဆီက ၎င်းအတွက် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲသူအဖြစ် ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။ ဂျော်ဂီရဲ့ပြစ်ဒဏ်ကို အခွန်ငွေအချို့ ပေးဆောင်ခဲ့မှုကြောင့် လျော့ပေါ့ပေးခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းတို့နှစ်ဦးလုံးကို အခွန်တိမ်းရှောင်မှုဖြင့် ထောင်ဒဏ် ၂၁ လစီချမှတ်ခဲ့တာ ဖြစ်ပါတယ်။

စပိန်တရားရုံးချုပ်က မက်ဆီရဲ့ပြစ်ဒဏ်ကို အတည်ပြုခဲ့ပေမဲ့ မက်ဆီဟာ အကျဉ်းထောင်အတွင်း နေထိုင်ရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ စပိန်ဥပဒေအရ ထောင်ဒဏ် ၂ နှစ်အောက် ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ ခံဝန်ချုပ်ဖြင့် အကျဉ်းထောင်ပြင်ပမှာ နေထိုင်နိုင်ကြောင်း သိရပါတယ်။ မက်ဆီရဲ့ အခွန်တိမ်းရှောင်တဲ့အမှုကို စပိန်တရားရုံးချုပ်ကနေ မူလပြစ်ဒဏ်ချမှတ်ခဲ့တဲ့ ဘာစီလိုနာရှိ တရားရုံးသို့ ပြန်လွှဲပေးလိုက်ပြီ ဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမားဆု ၅ ကြိမ်ရရှိထားတဲ့ တိုက်စစ်မှူးမက်ဆီကတော့ အခွန်တိမ်းရှောင်တဲ့ကိစ္စမှာ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိကြောင်း ၂၀၁၆ ခုနှစ်က တရားရုံးမှာ ငြင်းဆိုခဲ့ပါတယ်။ "ကျွန်တော်က ဘောလုံးကစားဖို့ကိုပဲ စိတ်ထဲမှာရှိသူတစ်ယောက်ပါ" လို့ မက်ဆီက ဆိုပါတယ်။

ယနေ့ (မေလ ၂၄ ရက်) ချမှတ်ခဲ့တဲ့ တရားရုံးချုပ် ဆုံးဖြတ်ချက်မှာတော့ ဝင်ငွေမြောက်မြားစွာ ရရှိနေသူတစ်ဦးက ၎င်း အခွန်ပေးဆောင်ရမယ်လို့ မသိဘူးဆိုခြင်းဟာ ယုတ္တိမရှိကြောင်း ဖော်ပြထားပါတယ်။ မက်ဆီရဲ့ဖခင်ကို မူလချမှတ်ထားတဲ့ ထောင်ဒဏ် ၂၁ လ ပြစ်ဒဏ်မှ ၁၅ လသို့ လျှော့ပေါ့ပေးခဲ့ကြောင်း သိရပါတယ်။

မက်ဆီနဲ့ ၎င်းရဲ့ဖခင်တို့ဟာ ဘီလစ်ဇ်နဲ့ ဥရုဂွေးတို့မှာလည်း ၂၀၀၇ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်အတွင်း အခွန်တိမ်းရှောင်မှုတို့ဖြင့် ကြီးမားတဲ့ ဒဏ်ကြေးငွေ ချမှတ်ခံခဲ့ရပါတယ်။ ၎င်းတို့ဟာ မက်ဆီရဲ့ပုံရိပ်အသုံးပြုမှုမှ ရရှိလာတဲ့ဝင်ငွေအပေါ် စပိန်မှာ အခွန်တိမ်းရှောင်ရန်အတွက် အမှန်တစ်ကယ်မရှိတဲ့ ကုမ္ပဏီများ လုပ်ကြံဖန်တီးထားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

မက်ဆီရဲ့ အောင်မြင်မှုမှတ်တမ်းအချို့
၂၀၁၇ ခုနှစ် ဧပြီလမှာ ဘာစီလိုနာအတွက် ဂိုး ၅၀၀ ပြည့်မြောက်ခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမားဆုကို ၅ ကြိမ် ရရှိထားပါတယ်။
ယူအီးအက်ဖ်အေရဲ့ အကောင်းဆုံး ဘောလုံးကစားသမားဆုကို ၃ ကြိမ် ရရှိထားပါတယ်။
ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါဆုဖလား ၈ ကြိမ် ရရှိခဲ့ပါတယ်။
စပိန်လာလီဂါမှာ ဂိုးအများဆုံးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အာဂျင်တီးနားနဲ့အတူ ၂၀၀၈ ခုနှစ်က အိုလံပစ် ရွှေတံဆိပ်ဆု ရခဲ့ပါတယ်။
အာဂျင်တီးနားအသင်းအတွက် ၅၅ ဂိုးသွင်းခဲ့ပြီး ဂိုးအများဆုံးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
Source Duwun

No comments:

Post a Comment