Latest News

Sunday, May 7, 2017

ကောင်းကျိုးဆိုးကျိုးများ


ကောင်းကျိုးဆိုးကျိုးများ

"ဆေးတွေကလည်း သောက်ရတာ များလိုက်တာကွာ။ အသက်ပဲ ကြီးလာလို့လား။ ရောဂါပဲ ထူလာလို့လားတော့ မသိ၊ အခုနောက်ပိုင်း ဆရာဝန်တွေကလည်း ဆေးတွေများပေးနိုင်လွန်းသကွာ"
"ဟားဟားဟား ဖေဖေကတော့ ပြောတော့မယ်။ ဆရာဝန်ကြီးတွေက လိုမှပေးတာပါ။ တစ်ခါတစ်ခါမှာတော့ ရောဂါအတွက် ဆေးတွေက ပြင်းလွန်းတော့ အစာအိမ်ဆေးတွေ၊ တစ်ခြားဖြေဆေးတွေပါ ရောပေးတတ်လို့ အရေအတွက် များသွားတတ်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့ ဖေဖေ။ သားတို့မြန်မာပြည်သာမက တိုးတက်ဖွံ့ ဖြိုးဆဲနိုင်ငံတွေမှာတော့ အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် လိုအပ်တာထက် ဆေးတွေကို ပိုပေးနေတတ်ကြပါတယ်"
"အေးကွယ် ဆင်းရဲမှူ့က လူ့အကျင့်စာရိတ္တကိုပါ ပြောင်းလဲစေသကိုး"
"ဟုတ်တယ်ဖေဖေ။ ဒါ့ကြောင့် ကိုယ်ရောဂါ ကိုယ်ကောင်းကောင်းနားလည်ပြီး၊ ကိုယ်သုံးစွဲတဲ့ ဆေးရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို သိပြီးမှ သုံးဆွဲတာကတော့ အကောင်းဆုံးပေါ့ ဖေဖေ"
"အေးဟုတ်ပါတယ် သားရယ်၊ ဒါပေမဲ့ ဆေးရုံက ဆရာဝန်ကြီးတွေက ပေးတဲ့ ဆေးမှာက ဆိုးကျိုးဆိုတာ ရှိလို့လား"
"ဆိုးကျိုး လုံးဝ မရှိဘူးဆိုတဲ့ ဆေးကတော့ တော်တော်ရှားတယ်ဖေဖေ။ ဒါပေမဲ့ ဆရာဝန်ကြီးတွေက ဆေးရဲ့ဆိုးကျိုးကိုလည်း သိထားတော့ ဆေးကို အတိုင်းအတာနဲ့ ချင့်ချိမ်ပြီး ပေးတတ်ကြပါတယ်။ ဂျပန်ပြည်က ဗိုက်နာပျောက်ဆေးလို ဆေးကြော်ငြာတစ်ခုတောင်မှ ဆေးကို ပမာဏ၊ အချိန်သောက်ပုံသောက်နည်းကို ဆေးညွှန်းအတိုင်း သောက်ပါလို့ ပြောကြတယ်”
“အေးအေး။ တာဝန်ယူတတ်တယ်လို့ပဲ ပြောရမလား၊ ဆူးနဲ့ထွင်းရမဲ့နေရာမှာ ဆောက်နဲ့ မထွင်းရလေအောင် ကြိုတင် ပြင်ဆင်တာလား ဆိုတာတော့ မသိပေမဲ့ အင်မတန် သတိထားသင့်တဲ့ အရာလေးပဲ့ကွဲ့၊ တို့ဆီမှာတော့ ဗဟုသတနည်းပါးလေတော့ ဆေးကို ပဲကြီးလှော် ၀ါးစားသလို များများသောက်ရင်၊ မြန်မြန်ပျောက်တယ်လို့ ထင်နေသူများလည်း ရှိသကွယ်”
“ဟုတ်ပါတယ်ဖေဖေ။ ဒါ့ကြောင့်သားကလည်း ကိုယ့်မြန်မာတွေကို ပိုသိ၊ ပိုနားလည်စေချင်လို့ ဒီဘာသာ လိုင်းကနေ စာရေးနေတာပါ ဖေဖေ”
“သာဓုကွယ်၊ သာဓု၊ ကဲကဲ ဆက်စမ်းပါဦး။ မင်းပြောတဲ့ ဆေးရဲ့ ကောင်ကျိုးနဲ့ ဆိုးကျိုး”
“ဟုတ်ကဲ့ပါဖေဖေ။ သားဖတ်ထားဖူးတာလောက်တော့ ဖေါက်သယ်ချပါ့မယ်။ အကုန်လုံးတော့ မဟုတ်ဘူးပေါ့”
“ရပါတယ်ကွယ်။ ဖေဖေကလည်း သာမာန်ဗဟုသုတ တစ်ခုအနေလောက်သိချင်တာပါ။ ဥပမာ အအေးမိဆေးတို့ အကိုက်အခဲပျောက်ဆေးတို့လောက်ပေါ့”
“ကောင်းတယ်ဖေဖေ။ အဲ့သလို ကောက်ကြောင်းကလေးပေးတော့ သားလည်း ရှင်းပြရတာ လွယ်သွားတာပေါ့။ ဒီလိုဆို ပထမဆုံး အအေးမိပျောက်ဆေးအကြောင်းနဲ့ ပါတ်သက်ပြီး ပြောပြမယ်။ အအေးမိပျောက်ဆေးကို ဖေါ်စပ်တာက ကိုယ်ပူချိန်အဖျားရော့ဖို့နဲ့ နာရည်တွေ ရပ်ဖို့လေ။ ဒီဆေးသောက်လို့ အဖျားကျမယ်။ နှာရည်ယိုတာရပ်မယ်၊ ဒါမှမဟုတ် နည်းပါးသွားရင် ဆေးရဲ့ အာနိသင် သက်ရောက်တယ်လို့ ဆိုရမှာပေါ့။ ဒါပေမဲ့ ဆေးဖေါ်တုံးက ဆေးသောက်ပြီးရင် မရည်ရွယ်ခဲ့တဲ့ အိပ်ငိုက်တာမျိုးကတော့ ဆေးရဲ့ ဆိုးကျိုး အာနိသင်လို့ ခေါ်ရမယ်လို့ ထင်ပါတယ်။ သားပေးတဲ့ အမည်က နည်းနည်းများရင့်သီးနေမလား မသိ။ ခွင့်လွှတ်ပါနော်”
“ရပါတယ်သားရယ်။ ဖေဖေပြောပြီးပြီပဲ။ တို့က သာမာန်ဗဟုသုတလောက်ပဲ သိချင်တာဆိုတော့။ စကားလုံး၊ အသုံးအနှံးတွေမှားလည်း သိပ်ဂရုမစိုက်ပါဘူးကွယ်။ လိုရင်းကို သိရရင် ကျေနပ်ပါပြီ။”
“ဒါဆိုရင်တော့ ပြောအားရှိတာပေါ့ဖေဖေ။ အဲ့သလိုဆိုးကျိုးတွေက တစ်ခါတစ်ခါမှာ အသက်အန္တာရယ်ကို ထိခိုက်နိုင်တာမို့ ကိုယ်ကိုယ်ကို ဆေးသောက်ပြီးတဲ့အခါမှာ သာမာန်နဲ့ မတူ၊ ထူးခြားမှူတွေ ရှိနေတယ်လို့ ထင်ရင် အမြန်ဆုံး ဆေးရုံ၊ ဆေးခန်းတွေကို သွားသင့်ပါတယ်”
“တိတိကျကျ ဥပမာလေးပေးပါလားသားရယ်”
“ဆေးသောက်ပြီးတဲ့အခါ အာခေါင်တွေခြောက်ကပ်လာတယ်။ ယားယံတယ်။ အပိန့်အဖုတွေထွက်တယ်၊ ဗိုက်နာ ၀မ်းလျှောတာမျိုးတို့၊ ရင်တုန်ပန်းတုံဖြစ်ရင်တော့ အမြန်ဆုံး ဆေးရုံဆေးခန်းတွေကို သွားသင့်ပါတယ် ဖေဖေ။ ဒါမှလည်း ဆေးပမာဏကိုလျှော့တာတို့ ဆေးပြောင်းတာတို့ လုပ်နိုင်မှာလေ”
“ဟုတ်တာပေါ့၊ ဟုတ်တာပေါ့”
“တစ်ခါပြောရမယ်ဆိုရင် ဆေးသောက်ရာမှာလည်း စောစောက သားပြောတဲ့ ဆေးကြောငြာထဲကလို ဆေးသောက်ပုံသောက်နည်း၊ ဆေးပမာဏကို ဆေးညွှန်းအတိုင်း တိတိကျကျ လိုက်နာသင့်ပါတယ်။ အဆိုးဆုံးကတော့ ကိုယ်သဘောနဲ့ကိုယ် ဟိုတစ်ခါကလိုဖြစ်တာမျိုးမို့ ဒီဆေးပဲသောက်လိုက်မယ်တို့၊ သူ့ဖြစ်ပုံနဲ့ တူလို့၊ သူရလာတဲ့ ဟိုဆေးပဲသောက်လိုက်မယ်။ ဒီဆေးကတော့ တော်တော်တဲ့လို့ တစ်လုံးလောက်ပိုသောက်လိုက်မယ်။ အဖျားလည်းပျောက်ပြီ၊ ဆေးတွေရပ်ပစ်လိုက်တော့မယ်လို့ တွေးတောလုပ်ဆောင်တာဟာ တစ်ခါတစ်ရံမှာ မမျှော်လင့်တဲ့ အဖြစ်ဆိုးကြီး တွေဖြစ်နိုင်တယ် ဆိုတာ သိထားစေချင်တယ်။ ပြီးတော့လည်း ရေမရှိလို့ဆိုပြီး တံတွေးနဲ့ မျိုချတာတို့၊ ကော်ဖီလက်ဘက်ရည်နဲ့ သောက်တာမျိုးတွေလည်း လုံးဝ မလုပ်သင့်ပါဘူးဖေဖေ”
“ဒါပေါ့ကွ။ ဆေးမကုအပ်သော လူနာအင်္ဂါငါးပါးမှာရော၊ လူနာများ လိုက်နာရန် အင်္ဂါငါးပါးမှာရော ရေးထားတာပေါ့ကွ”
“ဘယ်လိုရေထား သလဲဖေဖေ”
“ဟားဟားဟား။ မင်းက ဖေဖေ့ကို ပြန်ပွဲတောင်းနေပြန်ပြီ”
“ဒါပေါ့ဖေဖေရဲ့ သက်ကြီးစကား သက်ငယ်ကြားရမယ်လေ”
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ဒီလိုကွဲ့”
“ဆေးမကုအပ်သော လူနာအင်္ဂါငါးပါး
အကျင့်အနေ အစားအစာ မရှောင်သူ
သင့်မြတ်သော အစားအစာကို တိုင်းထွာ၍ မစားသူ
ဆရာပေးသော ဆေးဝါးကို မှန်ကန်စွာ မစားသူ
သူနာပြုတို့အား ရောဂါအခြေအနေကို မှန်ကန်စွာ မပြောသူ
ရောက်အပ်သော ဝေဒနာကို သည်းမခံနိုင်ခြင်း……

လူနာများ လိုက်နာရန် အင်္ဂါငါးပါး
သင့်တင့်သော နေရာတွင် နေထိုင်ရခြင်း
မှီဝဲသင့်သော ဆေးကိုသာ သုံးဆောင်မှီဝဲခြင်း
မသင့်သော အဟာရကို ရှောင်ကြဉ်ရခြင်း
ဝေဒနာ အဖြစ်မှန်ကို မှန်ကန်စွာ ပြောပြခြင်း
ဝေဒနာ နှိပ်ဆက်မှုကို သည်းခံရခြင်း

တဲ့သား”
“ဟုတ်ကဲ့ပါဖေဖေ။ ဆရာသမား၊ ခေါင်းဆောင်ပြောတာကို မှန်မှန်ကန်ကန် နောက်ကနေ ဆောင်ရွက်သင့်တာကတော့ ကျမ်းမာရေးသာမက၊ နိုင်ငံရေး၊ စီးပွားရေးရော တူတူပါပဲဖေဖေ”
“ဟုတ်လိုက်လေကွယ်”
“ပြီးတော့ နောက်တစ်ခု အရေးကြီးတာလည်း ရှိသေးတယ် ဖေဖေ”
“ဘာများလည်း သားရဲ့”
“ဆရာဝန် သမားတော်ကြီးတွေက ရောဂါအကြောင်းကို ကောင်းကောင်းသိပေမဲ့၊ ကိုယ့်အကြောင်းကိုယ်အသိဆုံးမို့ ဆရာဝန်ကြီးတွေကို ကိုယ်သိတာတွေကြိုပြောသင့်ပါတယ်။ ကိုယ်နဲ့ ဘယ်ဆေးကဖြင့် မတည့်ပါ။ ဒီဆေးသောက်ရင် ဒီလိုဖြစ်တတ်ပါတယ် ဆိုတာ ပြောပြသင့်ပါတယ်”
“အေး ဒါတော့ဟုတ်တယ်သားရေ။ မင်းငယ်ငယ်က ဖေဖေက သွားသွားနှုတ်တော့၊ ဆရာဝန်က ဆာလဖါ ပါတဲ့ဆေးကို ပေးလိုက်တာ။ ဆေးလဲသောက်ပြီးရော သတိလစ်သွားတာ ဆေးရုံကို ဘယ်လို ရောက်သွားမှန်းတောင် မသိလိုက်ဘူး”
“ဟုတ်ပါတယ်ဖေဖေ။ အဖြစ်မှန်ကို ဆရာဝန်တွေကို ပြောသင့်သလို၊ လူနာများလို့ဆိုပြီး၊ လူနာစကားနားမထောင်တာတွေကို မလုပ်ရဘူးလို့ ဆေးကျောင်းတွေမှာ သင်ပြတာကိုလည်း သားကြားဖူးပါတယ်ဖေဖေ”
“ကောင်းလိုက်တာကွယ်။ ကဲဆက်စမ်းပါဦး။ အကိုက်အခဲ ပျောက်ဆေးအကြောင်းလေး”
“အဲ့တာကတော့ သားအပြောချင်ဆုံး အရာပဲဖေဖေ။ ဖေဖေစောစောက ပြောသလို ဆေးကို ပဲကြီးလှော်ဝါးသလို စားကြတဲ့ ဆေးထဲမှာ အကိုက်အခဲပျောက်ဆေးက ထိပ်ဆုံးထဲမှာများ ပါမလား မသိ။ ဝေဒနာကို မခံစားနိုင်လို့ပဲလား မသိ၊ ကာယကံရှင်ကရော၊ ဘေးကသူတွေကပါ တစ်ခုခုဖြစ်ရင် အကိုက်အခဲ သောက်ဆေးကို သောက်ခိုင်းတတ်ကြတယ်။ ကံကောင်းသလား၊ ကံဆိုးသလားတော့ မသိ၊ အဲ့သည့် အကိုက်အခဲပျောက်ဆေးကလည်း ဂျပန်လို နိုင်ငံကြီးတွေမှာတောင် လွယ်လွယ်နဲ့ ၀ယ်လို့ ရနေတယ်”
“ဒါကတော့ သားရေ ဝေဒနာကို မခံနိုင်တော့လည်း ရေနစ်တဲ့ သူလိုပဲ မြက်ပင်ကလေး တစ်ပင်ကအစ၊ တွေ့ရာ လှမ်းဆွဲရှာပေမပေါ့ကွယ်”
“ဟုတ်ပါတယ်ဖေဖေ။ ဒါပေမဲ့ သားဆိုလိုချင်တာက ဆေးရဲ့ ဆိုးကျိုးတွေကို အသာထားပြီး၊ ဝေဒနာ အရင်းအမြစ်ကို သိပြီးမှ သောက်စေချင်လို့ပါဖေဖေ။ ဥပမာဖေဖေရယ် ကျောက်ကပ်ကြောင့် ခါးနေတာကို အကိုက်အခဲပျောက်ဆေးနဲ့ ကိုယ်ကိုပယ်ကို လှဲဖျားသလို အကိုက်အခဲပျောက်ဆေးလေးနဲ့ မှေးနေခဲ့ရင် ဖေဖေပြောတဲ့ ဆူးနဲ့ထွင်းရာမှာကို ပေါက်ဆိန်နဲ့ ပေါက်နေရလိမ့်မယ်။ ဝေဒနာ အကြောင်းအရင်း သိနေတာတောင် အကိုက်အခဲပျောက်ဆေးကို မပေးတဲ့ ကေ့စ်ကလေးတစ်ခုကို တစ်လက်စတည်း တစ်ခါက ဘာသာပြန်လုပ်ရင်း ကြုံဘူးတာလေး ဖေဖေကို ပြောပြဦးမယ်”
“ဆိုစမ်းပါဦးကွဲ့”
“အူပိတ်စပြုနေတဲ့ ဝေဒနာရှင်တစ်ယောက်က ဆေးရုံရောက်လာတယ်။ အတွေ့အကြုံရှိတဲ့ ဆရာဝန်ကြီးက အကြောင်းမသင့်ရင် ခွဲစိတ်ရမယ်ဆိုတာ သိနေတယ်။ ဒါပေမဲ့ တတ်နိုင်သလောက် မခွဲမစိတ်ရပဲ ဒီအဆိုးဆုံး အခြေအနေကလေးကို ကျော်လွှားချင်တယ်။ ဒီတော့ အကိုက်အခဲပျောက်ဆေး မပေးပဲ အခြေအနေ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ လူနာကိုလည်း သေသေချာချာ ရှင်းပြတယ်။ ယခုလက်ရှိအခြေအနေထက် တစ်ဖြည်းဖြည်းသက်သာသွားရင် သောက်ဆေးနဲ့ တစ်ဖြည်းဖြည်ခြင်း ကုသသွားမယ်။ ဒါပေမဲ့ အကိုက်အခဲပျောက်ဆေးကြောင့် သက်သာသွားရင် ခွဲသင့်မခွဲသင့်ဆုံးဖြတ်ရ ခက်မှာမို့ ဆေးမသောက်ပဲ ခဏစောင့်ကြည့်ပါရစေပေါ့”
“ကောင်းလိုက်တာကွာ။ ကိုယ့်ဝေဒနာကိုယ်သိတော့ ကုသရ လွယ်သပေါ့။ ဒါနဲ့ မောက်ဆုံး ဘယ်လိုဖြစ်သွားလဲ”
“ကံကောင်းစွာ အဲ့သည့် ကလေးမလေးဟာ သုံးလေးရက်နေတော့ မခွဲမစိတ်ပဲ ဆေးရုံက ဆင်းခွင့်ရသွားပါတယ်”
“၀မ်းသာလိုက်တာကွယ်”
“ဒါပေမဲ့ သားဆယ်တန်းလောက်က သားသူငယ်ချင်းရဲ့ အဖေက ထားဝယ်ဘက်ကို အသွား၊ အကိုက်အခဲပျောက်ဆေးကို ရေမရှိလို့ အသင့်ဖျော်ထားတဲ့ နက်စ်ကာဖေးနဲ့ သဘောင်္ပေါ်မှာ သောက်မိလို့ အသက်ဆုံးသွားခဲ့ရသတဲ့”
“အော်…ဖြစ်မှဖြစ်ရလေကွယ်”
“သေနေ့စေ့လို့လား၊ တစ်ခြားအကြောင်းကြောင့်လားတော့ မသိပေမဲ့၊ ဒီလို အဖြစ်အပျက်မျိုးကို မကြာခဏတော့ ကြားခဲ့ဘူးတယ်ဖေဖေ”
“ဒါကတော့ ကံအကြောင်းတရားတွေပါ ပါမှာပေါ့သားရယ်။ ကဲ အကိုက်အခဲပျောက်ဆေးကို ဆေးညွှန်းအတိုင်းသောက်ပေမဲ့ ဆေးရဲ့ ဆိုးကျိုးလေးတွေဆက်ပါဦး”
“ဟုတ်ကဲ့ဖေဖေ။ ဆိုးကျိုးကို မပြောခင် ဘာကြောင့် ခန္တာကိုယ်က နာကျဉ်ကိုက်ခဲတာလဲဆိုတာကို တိတိကျကျ သိစေချင်တယ်။ ကိုက်ခဲတယ်ဆိုတာ တစ်ကယ်တော့ ခန္တာကိုယ်က ကယ်ပါယူပါလို့ အော်နေတာဖေဖေ။ ဒါကို သားတို့က အကိုက်အခဲပျောက်ဆေးလေးနဲ့ မသိချင်ယောင်ဆောင်နေခဲ့ရင်၊ အင်မတန်မှ နှလုံးသား မရှိသူတွေ ဖြစ်တော့မပေါ့ ”
“အောင်မလေးလေး… ငါ့သားကလည်းကွယ်။ အကိုက်အခဲ ပျောက်ဆေးလေးသောက်မိတာနဲ့ပဲ အကြင်နာ နှလုံးသား မရှိဘူးရယ်လို့”
“ခ်ခ်။ ဒီလိုပါဖေဖေ။
ကျွန်တော်တော့ ဒီထက်ပိုပြီး ကွေးလို့မရတော့ဘူး
ကျွန်မတော့ ဘယ်ညာဟန်ချက်မညီဖြစ်နေပြီ။ တစ်ဆိပ်လောက် စစ်ကြည့်ပါဦးနော်
လို့ မိမိကိုယ်က အစိတ်အပိုင်းတွေက အော်ဟစ်နေတာကို အထူးအလေးပေး ရှာဖွေသင့်ပါတယ်။ တစ်ခါတစ်ခါကျတော့လည်း ဆေးရုံဆေးခန်းတွေ ဆေးစစ်မှုတွေ လုပ်တာတောင် မတွေ့နိုင်တဲ့ ရောဂါတွေ ရှိတတ်ပါတယ်။ ဒီလိုအခါမှတော့ ဆရာဝန်ပေးထားတဲ့ အကိုက်အခဲပျောက်ဆေးကို ယတြာလိုလို၊ အဆောင်လိုလို သဘောလောက်နဲ့ သုံးရတာပေါ့ဖေဖေ”
“မင်းကတော့ ပြောရော့မယ်။ ကဲပြောမှသာ ပြောပါ။ အကိုက်အခဲပျောက်ဆေးရဲ့ ဆိုးကျိုးတွေ”
“ကန်တော့နော်ဖေဖေ။ ကန်တော့။ ပြောရင်းပြောရင်း လေရှည်သွားလို့နော်။ ဆိုးကျိုးတွေက ပြပေမဲ့ တော်တော်များများက သတိထား သတိမပြုမိကြဘူး။ မသိဆို…. တိုက်ရိုက် ဆိုးကျိုးနဲ့ သွယ်ဝိုက် ဆိုကျိုးဆိုပြီး ရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တိုက်ရိုက်ဆိုးကျိုးကတော့ သိသာလွယ်ပါတယ်။ ဆေးသောက်ပြီးတဲ့ အခါမှာ စိတ်နှလုံးမကြည်လင်ခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အစာအိမ်၊ ၀မ်းပိုင်းဆိုင်ရာ မူမမှန်ခြင်း။ နားလည်လွယ်အောင် ပြောရရင်တော့ အစာမကျေ၊ ဗိုက်အောင့်၊ ၀မ်းလျှောတာတွေ ဖြစ်တတ်တယ်ဆိုတဲ့ သဘောပေါ့”
“သွယ်ဝိုက်တဲ့ ဆိုးကျိုးတွေကရော သားရဲ့”
“ဒါကတော့ ခေါင်းကိုက်တာတို့၊ အာခေါင်တွင်း အနာပေါက်ခြင်း၊ ခံတွင်းနံခြင်း၊ အကြားအာရုံ လျော့ကျခြင်းတို့ပေါ့”
“အေးပေါ့ကွယ်။ အသောက်မဖြစ်လို့ သောက်ရတဲ့အခါကျတော့လည်း အဲ့သည့်ဆိုးကျိုးတွေကို အနည်းနဲ့ အများကြုံကြရမပေါ့”
“ဟုတ်တယ်ဖေဖေ။ မဖြစ်မနေလို့ သောက်ရတော့မယ်ဆိုရင်တော့ အခုလို သောက်သင့်တယ်လို့ အင်တာနက်တစ်ခုမှာ ဖတ်ဖူးပါတယ်။ စိတ်နဲ့များ ဆိုင်မလားတော့မသိ”
“ဘယ်လိုလဲကွဲ့၊ ဆိုစမ်းပါဦး”
“သိပ်နာကျဉ်ရင်တော့ သောက်ပါတဲ့။ သောက်တဲ့နောက်တော့ ဆေးအာနိသင်ကြောင့် အကိုက်အခဲကတော့ သက်သာမှာ အမှန်ပဲပေါ့နော်။ ဒါပေမဲ့ အကိုက်အခဲပျောက်လို့ဆိုပြီး ၀မ်းသာမနေသင့်ပါဘူး။ ပြီးတော့ ဘာကြောင့်ကိုက်ခဲတယ်ဆိုတာကိုလည်း ဆက်ပြီး သိဖို့၊ ရှာဖို့ မမေ့သင့်ပါဘူးတဲ့”
“ဟားဟားဟား အဲ့တာကတော့ သူသူငါငါ အတူတူပဲသားရေ။ ဗိုက်နာတုံး အိမ်သာကို ပြူးတုပြဲတဲရှာပေမဲ့၊ ပြီးရင် အိမ်သာဆေးဖို့တောင် မေ့နေသူတွေက များသကိုး”
“နောက်တစ်ခုကတော့ နာကျဉ်မှူ့ကို ကျေးဇူးတင်စွာ ဆေးသောက်သင့်သတဲ့”
“ဘယ်လိုကွ၊ ဘယ်လို”
“သားတို့တစ်တွေ ကိုက်ခဲတဲ့ နေရာကို ကျေးဇူးတင်ရမှန်းမသိ၊ ဒုက္ခပေးတဲ့ အစိတ်အပိုင်းကြီးတစ်ခုအနေနဲ့ တွေးထင်တတ်ကြတယ်။ တစ်ကယ်တော့ အဲ့သည့် အစိတ်အပိုင်းဟာ ကိုယ်ကို ကာလရှည်ကြာစွာ အထောက်အပန့် ပေးလာခဲ့ တဲ့ အစိတ်အပိုင်းပါ။ ဒါကြောင့် သူ့ခမျာ နာကျဉ်မှူနဲ့ အတူ၊ ငိုကြွေးအကူအညီတောင်းနေတာပါ။ ဒါ့ကြောင့် သူ့ကို ကျေးဇူးတင် သနားသင့်ပါတယ်။ ဦးဏှောက်ကိုလည်း ဒီအတွေး၊ ဒီအသိကို ပေးသင့်ပါတယ်။ ဒါမှသာ အကိုက်အခဲ ပျောက်ဖို့ရန်၊ နောက်တစ်ခေါက် လွယ်လွယ်နဲ့ မဖြစ်စေရန် သတိပြု သတိထားမိမှာ ဖြစ်ပါတယ်။ မိမိခန္တာကိုယ်ကြီးကို ထောက်ပံ့နေတဲ့ ဒူး၊ ခြေ။ ခါးတွေနာကျဉ်မှုကို သတိထား အလေးပေးမှသာလျှင် သူတို့တစ်တွေ သက်သာရာ ရမှာ မဟုတ်လား။ သူကို့ကို ကျေးဇူးတင်ပြီး သတိထားသင့်တာပေါ့”
“အေးဟုတ်တယ်ကွ။ သူရေးထားတာလည်း မှန်သားပဲ။ ဘာကြောင့်နာကျဉ်နေရသလဲ။ ကိုယ်ရဲ့ အနေအထိုင်ကြောင့်လား။ ကိုယ်က ဒုက္ခပေးခဲ့မိလို့လား သိသင့်တာပေါ့ကွယ်။ ကျေးဇူးတင်သင့်တာပေါ့”
“ဖေဖေပြောမှ ပိုသတိရလာပြီ။ လောကမှာ လူသုံးမျိုးသုံးစားရှိတယ်လို့ ဖေဖေပြောခဲ့တာလေ။
သူတစ်ပါး ကျေးဇူးမသိတတ်သူ။
သူတစ်ပါး ကျေးဇူးသ်သော်လည်း ကျေးဇူးဆပ်ခွင့် မကြုံကြိုက်သူ၊ ကျေးဇူး မဆပ်နိုင်သူ
သူတစ်ပါးရဲ့ ကျေးဇူးကို ကိုယ်တိုင်သိ၍ ကျေးဇူးဆပ်နိုင်တဲ့ အခွင့်အလမ်းရှိပြီး၊ ကိုယ်ထိလက်ရောက်၊ ကျေးဇူးဆပ်ခွင့်၊ ကျေးဇူးဆက်နိုင်သူဆိုတာလေ”
“ဟုတ်တယ်သား။ တော်ရုံတန်ရုံနဲ့ သုံးမျိုးသုံးစားမြောက် လူသားဖြစ်ဖို့ ဆိုတာ မလွယ်ဘူး။ ဖေဖေဆိုရင် အမေ့မေတ္တာ မသိခဲ့ဘူး။ သိလာတော့လည်း ကျေးဇူးဆပ်နိုင်အောင် အခွင့်ဥစ္စာငွေရေးကြေးရေး မပြည့်စုံခဲ့ဘူး။ ပြည့်စုံလာတော့လည်း ကျေးဇူးဆပ်ဖို့ မေ့နေခဲ့တယ်။ ကျေးဇူးဆပ်ဖို့ သိလာတဲ့အခါ အမေရောဂါက လွန်နေပြီ၊ ဖေဖေတိုက်တဲ့ လိမော်သီးဖျော်ရည်လေးတောင် တစ်ဇွန်းပဲ မြိုချနိုင်တော့တယ် သားရေ”
“ဟုတ်တယ် ဒါ့ကြောင့် သားက သူတစ်ပါးကျေးဇူးကို ရှာကြံ ကျေးဇူးတင်တတ်အောင် လုပ်နေပါပြီ။ ဒါပေမဲ့ ဖေဖေနဲ့ စကားပြောရင်းက နောက်တစ်ခု သတိရလာတယ်”
“ဘာများတုံး သားရဲ့”
“သူတစ်ပါးကျေးဇူးကို သိသလို၊ ကိုယ်ကို အနာရောဂါကင်းအောင် စောင့်ရှောက်ပေးနေတဲ့ ခန္တာကိုယ် အစိတ်အပိုင်းကလေးတွေကိုလည်း ကျေးဇူးတင်ရင်းက၊ သူတိုကလေးတစ်တွေကို ကျမ်းမာပါစေလို့ ဆုတောင်း မေတ္တာပို့သင့်ကြောင်းကိုပါ ဖေဖေ”
“အေးကွယ် သာဓု၊ သာဓု။ တို့တစ်တွေဟာ တစ်ခါတစ်ခါမှာ အနီးဆုံးက ကျေးဇူးတင်သင့်တာ၊ ကျေးဇူးတင်ရမှာကို မေ့နေတတ်သကိုး”
“ဟုတ်တယ်နော် ဖေဖေ။ နောင်အခွင့်ကြုံမှ ယားနာပျောက်ဆေး အကြောင်းလည်း ပြောပြဦးမယ်ဖေဖေရေ၊ အခုလို သတိထားရမှာက အကိုက်အခဲပျောက်ဆေးတင်မက၊ အယားပျောက်ဆေးလဲ အတူတူပဲလို့ ဆိုတာကိုပါ”
“အေးအေး ကောင်းတယ်သားရေ။ မနက်ဖြန် ဆေးရုံစောင့်အိပ်မှ ပြောတော့။ ဒီနေတော့ ပြန်တော့ကွယ်။ မိုးချုပ်နေပြီ”

သုခ(သား)


No comments:

Post a Comment