တခုတည်းသောတပ်မတော်ထားရှိရေး ၂၁ပင်လုံညီလာခံတွင် တပ်မတော်ဆွေးနွေး
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ပင်လုံ ဒုတိယအကြိမ်အစည်းအဝေး ဒုတိယနေ့အဖြစ် လုံခြုံရေးကဏ္ဍဆွေးနွေးရာမှာ တပ်မတော်ဘက်က တခုတည်းသော တပ်မတော်အဖြစ်ထားရှိဖို့ကိုသာ မူဝါဒအနေနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော်ကိုယ်စား လှယ် ဗိုလ်ချုပ်တင်မောင်ဝင်းက ပြောပါတယ်။
နေပြည်တော် မြန်မာကွန်ဗင်းရှင်းစင်တာ ၂ မှာ ပြုလုပ်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ပင်လုံ ဒုတိယအကြိမ်အစည်းအဝေးမှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့တာပါ။
တပ်မတော်ဘက်က တခုတည်းသောတပ်မတော်အဖြစ်သာ ထားရှိချင်ပေမယ့် တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကတော့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ထားရှိဖို့ ဆန္ဒရှိနေကြတာပါ။
ဒါပေမယ့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဆိုတာ ဝိသေသပြုတဲ့ စကားတခုသာ ဖြစ်တယ်လို့ တပ်မတော်သားကိုယ်စားလှယ်က ဆက်ပြောပါတယ်။
ဒါ့အပြင် ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်တဲ့ ဖက်ဒရယ်ဆိုရင် တပ်မတော်အနေနဲ့ လက်ခံ သွားမယ်လို့ ဗိုလ်မှူးကြီး ဇော်မင်းထွန်းက ပြောပါတယ်။
“ဒို့တာဝန် အရေးသုံးပါးပေါ့။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိခိုက်တဲ့ ဖက်ဒရယ်မူဘောင် ပြီးရင် ကျနော်တို့ကို ခင်ဗျားတို့ ကျနော်တို့ သိတဲ့အတိုင်းပဲ ဖက်ဒရယ်ပုံစံ အမျိုးမျိုးရှိတယ်။ ဖက်ဒရယ် ပုံစံအမျိုးမျိုးဆိုတာ အားလုံးနဲ့ အံကိုက်ဆိုတာ မဖြစ်နိုင်ဘူး။ အားလုံးကတော့ ကျနော်တို့ ပုံစံအမျိုးမျိုးကတော့ မြန်မာပြည်နဲ့တော့ အံဝင်ခွင်ကျမဖြစ်နိုင်ဘူး။ မဖြစ်နိုင်တော့ ကျနော်တို့ရဲ့ ဖက်ဒရယ်ပုံစံက အခုချိန်ထိ ပုံဖော်နေတုန်းပဲဆိုတော့ ဒီမူပုံစံကို သွားဖို့အတွက် ကျနော်တို့က ခုန ပြောတဲ့ ခွဲထွက်ခွင့်၊ ခွဲမထွက်ခွင့်တို့ ပြီးရင် ကျနော်တို့က တန်းတူအခွင့်အရေး ပေးရမယ်ပေါ့။ ဒီဟာတွေကို အခြေခံပြီး ဒီဟာတွေ ကယ်လာမှ ကျနော်တို့က ဘယ်လိုပုံစံမျိုး ဖြစ်မယ်ဆိုတာကို ထွက်လာမှာ ဖြစ်ပါတယ်။ အဓိကတော့ ခုနပြောတဲ့ ဒို့တာဝန် အရေးသုံးပါးကို မထိခိုက်မယ့် ပြည်ထောင်စု မပြိုကွဲရေးကို အဓိကဖြစ်မယ့် ဖက်ဒရယ်မျိုးဖြစ်ဖို့ အရေးကြီးဆုံးပါ”
ညီလာခံ ၂၁ ပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကို မေ ၂၈ ရက်ထိ နေပြည်တော်မှာ ဆက်လက်ကျင်းပဖို့ရှိနေပါတယ်။
သတင်း – ကျော်ဇေယျာဝင်း၊ အောင်ဆန်းဦး
DVB
Subscribe to:
Post Comments (Atom)
No comments:
Post a Comment