Latest News

Friday, May 26, 2017

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး နိုင်ငံရေး ဆွေးနွေးပွဲ မှတစ်ဆင့် ဆောင်ရွက်၍ ရကြောင်း ဦးဉာဏ်ဝင်း ပြော

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး နိုင်ငံရေး ဆွေးနွေးပွဲ မှတစ်ဆင့် ဆောင်ရွက်၍ ရကြောင်း ဦးဉာဏ်ဝင်း ပြော

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို နိုင်ငံရေး ဆွေးနွေးပွဲ မှတစ်ဆင့် ဆောင်ရွက်၍ ရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း က ပြောသည်။

နေပြည်တော်၌ မေလ ၂၄ ရက်က ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးသို့ တက်ရောက်လာသည့် ဦးဉာဏ်ဝင်းက ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

‘‘နိုင်ငံရေး ဆွေးနွေးပွဲသွားမှ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စတွေဟာ အဲဒီ ဆွေးနွေးပွဲထဲမှာ ပါလာမှာ။ အဲဒီဟာ ပါလာရင် ပါလာသမျှသည် နိုင်ငံရေး ဆွေးနွေးပွဲ တက်ရောက်တဲ့ ပုဂ္ဂိုလ်တွေ အားလုံးရဲ့ သဘောထား ဖြစ်မယ်’’ ဟု ၎င်းက ဆိုသည်။

NLD အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ဦးဉာဏ်ဝင်းက

‘‘အဓိက ကတော့ ရဖို့ (ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ဖို့) အရေးကြီးတာ။ သို့သော် အရင်တုန်းကဟာ မရဘူး။ တပ်က ၂၅ ရာခိုင်နှုန်း ကိုင်ထားတယ်။ ဒီအပေါ်မှာ မရဘူး။ အခု ညီလာခံကနေ တစ်ဆင့် နိုင်ငံရေး ဆွေးနွေးပွဲမှာ သူတို့ ပါလာမယ်။ တပ်ကလည်း ပါလာမယ် ဆိုရင် သဘော တူညီချက် အားလုံးသည် တက်ရောက်သူ အားလုံး အပေါ် မှာ အကျိုး သက်ရောက်မှု ရှိမယ်။ အခု လုပ်နေတဲ့ ငြိမ်းချမ်းရေး ညီလာခံ အားလုံး အားလုံး ပါဝင်ရင် အခုကိစ္စက ပြေလည် သွားမှာပါ’’ ဟု ပြောသည်။

၂၁ ရာစု ပင်လုံတွင် သဘောတူ အတည်ပြုချက် များသည် ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်းများ ဖြစ်မည် ဖြစ်ပြီး ယင်းအချက်များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပါအ၀င် ဥပဒေများကို လုပ်ထုံး လုပ်နည်း နှင့် အညီ ပြင်ဆင် ဖြည့်စွက်နိုင်ကြောင်း NCA တွင် ပါရှိသည် ဟု ညီလာခံ တာဝန်ရှိသူများက ပြောကြားသည်။

‘‘နိုင်ငံရေး ဆွေးနွေးရေး ဆိုင်ရာ မူဘောင်ထဲ မှာတော့ ညီလာခံ တစ်ခုပြီးတိုင်း ပြီးတိုင်း သဘော တူညီချက် တွေဟာ ပြည်ထောင်စု သဘောတူ စာချုပ်ရဲ့ အစိတ် အပိုင်းတွေ ဖြစ်သွားမှာ။ အဲဒီ အစိတ် အပိုင်းတွေ အဖြစ်နဲ့ မှတ်တမ်းယူ ထားပြီးတော့ တစ်ချိန်မှာ ပြည်ထောင်စု သဘောတူ စာချုပ် ချုပ်ပြီးရင် ဒါက လွှတ်တော်ကို ပို့မှာ။ ပို့ပြီးရင်  လွှတ်တော်ပိုင်းက နေပြီးတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ရေးတွေ ဘာတွေလည်း အကျုံးဝင် သွားနိုင်တယ်’’ ဟု ညီလာခံတွင် တပ်မတော် ကိုယ်စားလှယ် အဖြစ် ပါဝင်သူ ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးခင်ဇော်ဦး က ပြောသည်။

နိုင်ငံရေးပါတီ အစုအဖွဲ့ ကိုယ်စားလှယ် စိုင်းကျော်ညွန့် ကလည်း ‘‘ပြည်ထောင်စု သဘော တူညီချက် ရခဲ့တယ် ဆိုရင်တော့ဖြင့် အဲဒီ သဘော တူညီချက် အရ လိုအပ်ရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပါအ၀င် ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း များကို လုပ်ထုံး လုပ်နည်း များနဲ့အညီ ဆောင်ရွက် သွားမယ် ဆိုပြီးတော့ NCA မှာ ရေးထားတယ်’’ ဟု ဆိုသည်။

7Day News

No comments:

Post a Comment