Latest News

Monday, May 22, 2017

ပြောင်းလဲချိန်ကို အံတု အနိုင်ယူကြစို့

ပြောင်းလဲချိန်ကို အံတု အနိုင်ယူကြစို့

ငယ်တုန်းက အလှဂုဏ်ကိုးခဲ့တဲ့သူတွေ ဇရာနဲ့ကြုံချိန်မှာ အရင်ကလောက် မလှတော့ဘူးဆိုတဲ့ခံစားချက်နဲ့ စိတ်ဆင်းရဲတတ်။ စိတ်ဓါတ်ကျတတ်ပါတယ်။

ဒါ့အပြင် ကိုယ့်ချစ်သူ ခင်ပွန်းရဲ့ ဆက်ဆံရေးနဲ့ တန်ဖိုးထားမှုလည်းကျဆင်းမယ် ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်ူလဲမှုကြောင့် သူတို့ရဲ့ စိတ်ပြောင်းလဲမယ်လို့ ယူဆ ထားကြပါသေးတယ်။

ဒါပေမဲ့တကယ်တော့ အဲလို မဟုတ်တာပဲ အံတု ရင်ဆိုင်နိုင်တဲ့ အနေအထားနဲ့ အခြေအနေ ရှိပါသေးတယ်။

ငယ်စဉ်က ပျိုမြစ်မှုကို ရရှိခဲ့တယ်၊ ခုလို အသက်အရွယ်မှာတော့ လှပခြင်း၊ နုပျိုခြင်းထက် တင့်တယ်ခြင်းနဲ့ကျက်သရေ ရှိခြင်းကိုကျေနပ်လို့ရပါတယ်။ မိန်းမတိုင်းမှာ အရွယ်သုံးပါးအလိုက် တင့်တယ်ခြင်းဆိုတာ ရှိနေပါတယ်။

တကယ်တမ်း ကျွန်မတို့မိန်းမတွေကို စိတ်ပြောင်းစေတာကရုပ်ပိုင်းဆိုင်ရာ ထက်၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေက ပိုပြီး သိသာစေပါတယ်။

မိန်းမတစ်ယောက်ရဲ့သဘာဝက အချိန်ကာလအပို်ငးအခြားတစ်ခုကနေ အခြားတစ်ခုကိုပြောင်းလဲတဲ့အခါ အဆင့်တစ်ဆင့်ကနေ နောက်အဆင့်တစ်ခုကို ကူးပြောင်းတဲ့အခါ မှာ ပြောင်းလဲကြပါတယ်။ ပြောင်းလဲပုံကလည်း ကြမ်းတမ်းတဲ့အတွက် အမျိုးသမီးအများစုက ဒါကိုပဲ လောကဓံလို့လက်ခံလိုက်ကြတယ်။

တကယ်တမ်း ပြောင်းလဲပုံကြမ်းတမ်းပြီး လက်ခံဖို့လက်ခဲတဲ့ပြောင်းလဲချိန်တွေထဲမှာ အပျိုဖော်ဝင်စ ရာသီသွေး စတင်လာချိန်နဲ့သွေးဆုံချိန်တို့ကလည်း အပါအ၀င်ဖြစ်ပါတယ်။

ကျွန်မတို့အပျိုဖော်ဝင်စ အရွယ်မှာတော့မိဘတွေနဲ့ညီအစ်မသားချင်းတွေရဲ့ ကူညီပံ့ပိုးမှုရခဲ့ရင် ရင်ဆိုင်ရတာဟာ သက်သာစေသလိုပါပဲ၊ အမျိုးသမီးများရဲ့သွေးဆုံးချိန်မှာလည်း မိသားစုရဲ့နားလည်မှုနဲ့ကူညီပံ့ပိုးမှုက အရေးကြီးလာပြန်တယ်။

အဲဒီအချိန်ကာလမှာ မိသားစုကလည်း နားလည်မပေးဘူး၊ အခြားလူမှုရေး၊ စီးပွားရေးမှာလည်း စိတ်ဖီစီးမှုတွေ ရှိနေတယ်ဆိုရင် အဲဒီအချိန်မှာ အမျိုးသမီးတွေ စိတ်ဖောက်ပြန်သွားတာမျိုးထိ ထိခိုက်လာတာ တွေ့ရပါတယ်။

အမျိုးသမီးနဲ့ အမျိုးသားတွေရဲ့ကွာခြားမှုကတော့စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု ကြီးမားခြင်းပါပဲ။ အမျိုးသားတွေအနေနဲ့အိုပြီဆိုရင်လည်း တဖြည်းဖြည်းနဲ့မသိမသာ အိုသွားရုံကလွဲလို့ရုတ်ချည်း ရုပ်ကျပြီး အိုစာသွားတယ်ဆိုတာ ရှားပါတယ်။ အမျိုးသမီးတွေကတော့အိုပြီဆိုတာနဲ့ သူ့မှာ ရှိတဲ့မိန်းမအရည်အချင်းတွေလို့ဆိုနိုင်တဲ့ လှပခြင်း၊နုပျိုခြင်းတို့အပြင် ရာသီလာခြင်းနဲ့ကိုယ်ဝန်ဆောင်နိုင်ခြင်းတို့က ရုတ်ခနဲပျောက်ဆုံးသွားရတာပါပဲ။

တကယ်တော့ သွေးဆုံးချိန်ဆိုတာ ကျွန်မတို့မိန်းမတွေအတွက် အသက်ကြီးလှတယ်လို့မဆိုနိုင်သေးတဲ့အရွယ်ပါပဲ။  ၄၀ ကျော်လို့ငါးဆယ်နားကပ်ရုံရှိပါသေးတယ်။ ကြည့်ရင် သွတ်လက်ဖြတ်လက်စွာ အလုပ်လုပ်နိုင်တုန်း။ ငယ်တုန်းကလို ကျစ်ကျစ်လစ်လစ်ကိုယ်ခန္ဓာလေးမရှိတော့ပေမဲ့ စိုစိုပြေပြေနဲ့လှတုန်းပတုန်း၊ တင့်ကျယ်ပြီး ကျက်သရေ ရှိတဲ့အရွယ် အဲဒီအရွယ်မှာ ဖြတ်ခနဲ့ပျောက်ဆုံးသွားတာ၊ သန္ဓေဆောင်နိုင်စွမ်း မရှိတော့တာ။ ကိုယ့်ခင်ပွန်းကို စွဲဆောင်နိုင်စွမ်းလျော့ကျသွားတာ။

ဒါပေမဲ့အဲဒီအရွယ်နဲ့ အဲဒီအချိန်မှာ ဒါကို ဒီအတိုင်းလက်ခံပြီး ဘ၀ကို လွယ်လွယ်နဲ့ အရှုံးပေးလိုက်တဲ့အမျိုးသမီးတွေလည်း အများကြီး ရှိတာ တွေ့ရပါတယ်။

ကိုယ့်ကိုယ်ကို မေ့နေတဲ့အိမ်ရှင်မတွေနဲ့မိသားစုကိုပဲဦးစားပေးတဲ့အိမ်ရှင်မတွေကတော့ အဲဒီအချိန်မှာ သူတို့ရင်ဆိုင်ရတာက ပိုပြီး ကြမ်းတမ်းလေ့ရှိတယ်။ကိုယ့်ကိုယ်ကို ပြန်လည်ဆွဲတင်ဖို့အိုမင်းရင့်ရော်မှုကို တိုက်ခိုက်ဖို့အတွက် ပိုက်ဆံ သုံးဖို့ လိုတယ်။

ခင်ပွန်းသည်အထုပ်လိုက် အပ်ထားတဲ့ပိုက်ဆံကို အိမ်ရှင်မက ကိုယ်တိုင်စီမံခန့်ခွဲပြီး သုံးရတယ်။ မိသားစုအတွက်ငွေကို ကိုယ်တိုင် သုံးစွဲရတယ်ဆိုဦးတော့ လက်ကျန်စာရင်းထဲမှာ ကိုယ့်အတွက် မရှိသလောက်ဖြစ်နေတယ်။ (ခင်ပွန်းဖြစ်သူအတွက် သုံးလေးသေားတန်တဲ့ အကျီာင်္ဝယ်ပေးနေပေမဲက  ကိုယ့်အတွက် နှစ်သောင်းတန် အကျီာင်္လေးတစ်ထည်လောက်တောင်မှ ၀ယ်မ၀တ်ရက်တဲ့ အိမ်ရှင်မတွေ အများကြီးတွေ့ဖူးတယ်)

အရင်ကတည်းက သနပ်ခါးနဲ့ပရိုမီနာ၊ ဒိုရူးလောက်ပဲ အသုံးပြုခဲ့တဲ့အမျိုးသမီးတွေက အသက်လေးဆယ်ကျော်အရွယ်တွေ သုံးရမဲ့ တစ်ဆက်ကို နှစ်သိန်းလောက်နီးပါး တန်ကြေးရှိတဲ့ စကင်ကဲနဲ့မိတ်ကပ်တွေကိုလည်း သုံးဖို့ ကိုယ်တိုင်က နှမျောစိတ်တွေလည်း ရှိကြတယ်။

ကိုယ်ပိုင်ဝင်ငွေလည်း မရှိတော့နှစ်သိန်းဖိုးလောက်ကို ကိုယ့်အလှအပအတွက် သုံးလိုက်တယ်လို့ခင်ပွန်းဖြစ်သူကိုလည်း မပြောချင်ဘူး။ အဲတော့စိတ်ပျက်စရာကောင်းတဲ့ အခြေအနေကို ရင်ဆိုင်ရပြန်တယ်။

ငယ်တုန်းက သူက ပေးခဲ့ရတဲ့ဘ၀မှာ ပျော်ရွှင်ကျေနပ်ပြီးတော့ခင်ပွန်းအတွက်၊သားသမီးတွေအတွက် သူ့ရဲ့ နုပျိုမှု၊ လှပမှု၊ အချိန်၊ လုပ်အား စတာတွေကို ရက်ရက်ရောရောနဲ့ ပေးခဲ့ပြီးပါပြီ၊ ခုချိန်မှာတော့သူဟာ နုပျိုမှုလည်း မရှိတော့ဘူး၊ လှပမှုလည်း ဝေးနေပြီ၊ အဆိုးဆုံးကတော့ကိုယ်ဝန်ဆောင်တာတွေနဲ့ လိင်စွဲဆောင်မှုတွေလည်း ပျောက်ဆုံးပြီ ဘာမှ မရှိတော့တဲ့သူတစ်ယောက်လို ခံစားရလေ့ရှိပါတယ်။

ဒီအခါမှာ သူဟာ သူ့ကို ဘယ်သူနားလည်ပေးသလဲ ဆိုတာကို စတင်ရှာဖွေတတ်တယ်။ ဒါကို နားမလည်ဘဲနဲ့ခင်ပွန်းဖြစ်သူ ရော့အင့်ဆိုပြီး ပိုက်ဆံထုတ်ကို ပေးရင်လည်း ကျေနပ်စိတ် မဖြစ်တော့ဘူး။

သူ့ကိုယ်သူ ဘာမှ မဖြစ်ဟန်၊ စိတ်မညစ်ဟန်နဲ့အပူရုပ်ကို ဟန်လုပ်ပြီး ဖုန်းနေပေးတယ်။ ကိုယ်သူ စိတ်ညစ်တာ၊ စိတ်ပျက်တာ စိတ်ဓါကျတာတွေကိုတော့ ခင်ပွန်းနဲ့သားသမီးတွေ မမြင်အောင် ဖုံးကွယ်ရှာပါတယ်။ ဒါကြောင့်အချို့ခင်ပွန်းတွေက ကိုယ့်ဇနီးရဲ့ သွေးဆုံးချိန်မှာ သူ ဘယ်လိုဖြတ်သန်းသွားသလဲ ဆိုတာမသိကြတာပါ။ သားသမီးတွေကလည်း ကိုယ့်အမေရဲ့အခက်ခဲဆုံးအချိန်မှာ သူတစ်ယောက်တည်း ဘယ်လိုခံစားပြီး ဖြတ်သန်းရင်ဆိုင်သလဲ ဆိုတာကို မသိကြပါဘူး။

အဲလို စိတ်ဖိစီးမှုတွေနဲ့သာ နေထိုင်သွားရတဲ့အမျိုးသမီးတွေကတော့
 နှလုံးရောဂါ၊ သွေးတိုးစတဲ့ စိတ်ဖိစီးမှုကြောင့်ဖြစ်ပွားလေ့ရှိတဲ့ ရောဂါမျိုးတွေနဲ့သက်တမ်းမစေ့ခင်သေဆုံးသွားလေ့ရှိတယ်။

နောက်အမျိုးသမီးတစ်မျိုးကတော့
အဲသွေးဆုံးချိန်ဆိုတဲ့ အခြေအနေကို လ်ွယလွယ်နဲ့ အရှုံးမပေးဘဲ တိုက်ပွဲတစ်ခုလို ပြန်တိုက်တဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။

သူတို့ကတော့နဂိုကတည်းကလည်း စိတ်ထက်တဲ့အတွက် စိတ်နဲ့အားတင်းပြီး ကိုယ့်ကိုယ်ကို ပြန်ဆွဲတင်ကြတယ်။ဖြူလာတဲ့ ဆံပင်ကို ဆေးဆိုးမယ်။  ခြောက်လာတဲ့အသားအရည်အတွက် လိုရှင်းလူးမယ်၊ အလှပြင်ခန်းတွေဆီကို သွားပြီး စိုပြေမှုရအောင် ၊ တန်ဖိုးကြီးတဲ့မိတ်ကပ်အသုံးအဆောင်တွေ၊ ဆေးဝါးအကူအညီတွေနဲ့ အိုမင်းရင့်ရော်မှုကို နောက်ကျအောင် လုပ်ဆောင်ကြပါတယ်။

အဲဒီလို လုပ်ဆောင်နိုင်တဲ့ ဗဟုသုတလည်း ရှိမယ်။ ကိုယ်ပိုင်ဝင်ငွေလည်း ရှိတယ်ဆိုတဲ့ အမျိုးသမီးတွေကတော့ရွယ်တူတွေကြားထဲမှာ ဟယ်..နင်က ကြည့်ကောင်းနေတုန်းပဲ၊ မျက်နှာကလည်း သိပ်မကျပါလား …ဆိုတဲ့ အသံတွေကြားမှာ ကိုယ့်ကိုယ်ကို ကျေနပ်ရင်းနဲ့ဘ၀ကို နေသားကျသွားပြီး အဲဒီအပြောင်းအလဲကို လက်ခံလာနိုင်ပါတယ်။

သူတို့လည်း အိုမင်းရင့်ရော်ခြင်းနဲ့ လိင်စိတ်ပျောက်ဆုံးခြင်း ဆိုတာကို လက်ခံရပေမဲ့ဒါကို တားနိုင်သရွေ့ထားဆီးထားနို်င်တာကပဲသူတို့ရဲ့ကျေနပ်မှု ဖြစ်စေပြန်တယ်။

တစ်သက်လုံး မထားဖူးတဲ့ဆံပင် ပုံမျိုးထားတာမျိုး၊ လွတ်လပ်စွာ ပြောဆိုတာမျိုး၊ ငယ်သူငယ်ချင်းတွေနဲ့ လိုက်တွေ့ပြီး ဘ၀ကို လွတ်လပ်တဲ့ပုံစံတစ်မျိုးအဖြစ် ပြောင်းလဲ လေ့ရှိတယ်။

ဒါကိုတောင်သားသမီးတွေက နားမလည်နိုင်ဘဲနဲ့အမေ…ဘယ်လိုတွေ ဖြစ်နေတာလဲ၊ အသက်ကြီးလာလေ အိမ်မှာပဲ အေးအေးဆေးဆေး နေရလေ ၊ မြေးထိန်းနေလေ…ဆိုတာမျိုးနဲ့ အမေဖြစ်သူကို လွတ်လပ်ခွင့်မပေးချင်တဲ့သားသမီးတွေလည်း ရှိကြပါတယ်။

“ဟဲ့ ငါဘ၀တစ်လျှောက်လုံး နင့်အဖေအတွက် နင်တို့အတွက် အချိန်တွေပေးခဲ့ပြီးပြီ၊ မိုးလင်းကနေ မိုးချုပ် မီးဖိုချောင်ထဲမှာ ဘ၀မြှုပ်ပြီး နှစ်နဲ့ချီနေခဲ့ပြီးပြီ…ခုတော့ငါ့ကို လွတ်လပ်ခွင့်ပေးပါလို့“ လို့ တောင်းပန်ရှာတဲ့ အမေတွေကိုတွေ့ဖူးကြမှာပါ။

အဲလို တောင်းဆိုခြင်း သူတို့ကိုယ်သူတို့ပြန်လည် တည်ဆောက်ခြင်းဆိုတာကို နားလည်ပေးဖို့ လိုအပ်လှပါတယ်။

ဒါကို မိသားစုက နားမလည်နိုင်ဘဲနဲ့ ရုတ်တရက်ပြောင်းလဲသွားတဲ့ အမျိုးသမီးကို အံ့အားသင့်တာမျိုး၊ အပြစ်တင်တာမျိုး၊ အတင်းစကားဆိုတာမျိုးတွေနဲ့ တုန့်ပြန်ရင်တော့စိတ်ထဲ ခံစားဝမ်းနည်းရတာပါပဲ။

အဲတော့ အမျိုးသမီးတွေရဲ့ပြောင်းလဲချိန်တိုင်းဟာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုနဲ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမှာ ဘယ်အပိုင်းက ပိုပြီး ထိခိုက်ရသလဲ ဆိုရင်တော့စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအရ ပြောင်းလဲရတာများတယ်လို့ဆိုချင်ပါတယ်။

အပျိုဖော်ဝင်စ အရွယ်မှာ စိတ်ဖောက်လို့ပရောဂဆရာနဲ့ကုသရတယ်ဆိုတဲ့မိန်းကလေး၊ သွေးဆုံးချိန်မှာ စိတ်ဖောက်လို့စိတ်ဆေးရုံ ပို့ရတယ်ဆိုတဲ့ အမျိုးသမီးတွေဟာ တကယ်တော့  စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲချိန်မှာ ကိုယ့်မိသားစုနဲ့ပတ်ဝန်းကျင်ရဲ့နားလည်ပေးမှု၊ စာနာမှုတို့နဲ့ ကင်းဝေးကြလို့ပါပဲ။

မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment