Latest News

Sunday, May 7, 2017

မြန်မာရဲတပ်ဖွဲ့အတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးရေး အင်ဒိုသမ္မတ ကမ်းလှမ်း

မြန်မာရဲတပ်ဖွဲ့အတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးရေး အင်ဒိုသမ္မတ ကမ်းလှမ်း


မြန်မာနိုင်ငံ တည်ငြိမ်မှုရှိစေရေးအတွက် မြန်မာအစိုးရနှင့်အတူ ဆောင်ရွက်ရန် အင်ဒိုနီးရှားက အဆင်သင့်ရှိကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီ က ပြောကြားလိုက်သည်။

ဧပြီလ ၂၉ ရက်နေ့ က မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် မြန်မာရဲတပ်ဖွဲ့အတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးမည့် အစီအစဉ်ကိုလည်း ကမ်းလှမ်းခဲ့သည်ဟု Jakarta Post သတင်းစာက ဖော်ပြထားသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုသည် ဒေသတွင်းအတွက်လည်း ကောင်းကျိုးရှိသည်ဟု အင်ဒိုသမ္မတက ပြောကြားထားသည်။

မနီလာရှိ အာဆီယံထိပ်သီး အစည်းအဝေး၌ တွေ့ဆုံဆွေးနွေးရာတွင် ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး အစီအစဉ်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို စွမ်းဆောင်ရည် မြှင့်တင်ရေးများတွင် အင်ဒိုနီးရှား၏ ကျွမ်းကျင်မှုဆိုင်ရာ အကူအညီ ပေးလိုကြောင်း ဂျိုကိုဝီက ဒေါ်အောင်ဆန်းစုကြည်ကို ကမ်းလှမ်းခဲ့သည်ဟု ဆိုသည်။

“ရခိုင်ပြည်နယ်မှာ ခွဲခြားခြင်းမရှိဘဲနဲ့ တစ်ပြေးညီ တိုးတက်ဖွံ့ဖြိုးလာတာကို ကျွန်တော်တို့ လိုချင်ပါတယ်" ဟု အင်ဒို နိုင်ငံခြားရေးဝန်ကြီး ရက်တ်နိုက ပြောကြားသည်။

မြန်မာရဲတပ်ဖွဲ့သည် တပ်ဖွဲ့ဝင်အရေအတွက် နည်းပါးနေကြောင်း တပ်ဖွဲ့ဝင် တစ်သိန်းခန့် လိုအပ်မည့် နေရာတွင် ရှစ်သောင်းခန့်သာ ရှိသည်ဟု သူကဆိုသည်။

"မြန်မာရဲတပ်ဖွဲ့ အတွက် စွမ်းဆောင်ရည် မြှင့်တင်ရေး အစီအစဉ်တွေ ကမ်းလှမ်းပေးဖို့ အင်ဒိုနီးရှားနဲ့ အတူ လုပ်ချင်ပါတယ်လို့  ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်"

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံက ကြုံတွေ့ နေရသည့် ပြသ၁နာ အခြေအနေများနှင့် ပတ်သက်ပြီးလည်း ပြောကြားခဲ့သကဲ့သို့  ရခိုင်ဒေသ၏ အခြေအနေ တိုးတက်လာအောင် လုပ်ဆောင်နေကြောင်း ဖော်ထုတ်ပြောဆို သွားသည်ဟု အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ရက်တ်နိုက ပြောကြားသည်။

လင်းလင်း
The Ladies News

No comments:

Post a Comment