Latest News

Thursday, May 25, 2017

အစိုးရအနေဖြင့် တိုင်းပြည်ကိုချစ်တယ်ဆိုပြီး ချိုမိုင်မိုင် က နေပါက လက်ညောင်းရုံသာရှိမည်ဟုဆို


ဧရာဝတီတိုင်းဒေသကြီး အစိုးရအနေဖြင့် တိုင်းပြည်ကိုချစ်တယ်ဆိုပြီး ချိုမိုင်မိုင် က နေပါက လက်ညောင်းရုံသာ ရှိမှာဖြစ်တယ်လို့ ဘိုကလေးမြို့မဲဆန္ဒနယ်မှတိုင်းဒေသကြီးလွှတ်တော်  ကိုယ်စားလှယ် ဦးအောင်ခင်
ဗိုလ်က မေလ(၂၅)ရက်နေ့ က တိုင်းဒေသကြီးလွတ်တော်တွင်ပြောသည်။

“အတိတ်ကာလက ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်တော်တို့ တာဝန်ယူနေစဉ်ကာလမှာ ဥပဒေစိုးမိုးအောင် ဆောင်ရွက်ပါမယ်လို့ ပြည်သူလူထုကို အကြိမ်ကြိမ်ပန်ကြားခဲ့တဲ့အချက်ကို ကျွန်တော်တို့ မေ့လို့မရပါဘူး၊ အလေးအနက်ထားပြီးဆောင်ရွက်သွားရမှာဖြစ်ပါတယ်၊ ဥပဒေကို ကိုင်တွယ်ကျင့်သုံးနေတဲ့ သူတွေကဥပဒေကို လေးစားလိုက်နာမှသာ တိုင်းပြည်နဲ့လူမျိုးကို ချစ်ရာရောက်ပါမယ်၊ပြယုဂ်တစ်ခုအနေနဲ့ တိုင်းပြည်ကို
ငါ့လောက် ချစ်တဲ့သူမရှိဘူးဆိုပြီး အသံကုန်ဟစ်ပြီးတော့ ချိုမိုင်မိုင် က ပြနေရင်လည်း လက်ညောင်းရုံသာရှိပါမယ်”ဟု၎င်းကပြောသည်။

လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိပဲ ငါးကန်များတူးဖော်နေခြင်းနှင့်ပတ်သတ်၍ ဌာနဆိုင်ရာများကိုယ်တိုင်ပါဝင်ပတ်သတ်နေသည်ဆိုကာ လွှတ်တော်တွင်စပ်ဆပ်ပြောဆိုခဲ့ ခြင်းဖြစ်သည်။
အခြားကိုယ်စားလှယ်များကလည်း တရားဥပဒေစိုးမိုးမှုအားနည်ပြီး ပါဝင်ပတ်သက်သည့် ဌာနဆိုင်ရာ ၀န်ထမ်းများကို နိုင်ငံဝန်ထမ်းဥပဒေဖြင့် အရေးယူဖို့ တောင်းဆိုထားကြသည်။
 အစိုးရအနေဖြင့် တာဝန်ယူခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း ၀န်ထမ်းများအပေါ် မေတ္တာတရားရှေ့ထားဆက်ဆံသော်လည်း  ဌာနဆိုင်ရာဝန်ထမ်းများဘက်မှ ကျောခိုင်းနေကြသည့် အတွက် ၄င်းတို့အားတရား
ဥပဒေဆိုသည့် ချောက်ကမ်းပါးထဲ ပစ်ချလိုက်ရန်သာရှိတော့ကြောင်းလည်း ဦးအောင်ခင်ဗိုလ်ကလွှတ်တော်တွင်ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ခွင့်ပြုချက်မရှိပဲ ပုံစံ(၇)ကျပြီးသော လယ်မြေဧက (၁၀၀၀)ခန့် မှာ ငါးကန်တွေတူးဖော်နေတယ်လို့  လွှတ်တော် ကိုယ်စားလှယ်များကပြောသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရသည် တရားဥပဒေစိုးမိုးရေးနှင့် ၀န်ထမ်းများ၏ အကျင့်ပျက်ချစားမှုများကို
ကိုင်တွယ် မည်ဟု ကြွေးကြော်ထားသည်။
မျိုးမင်းပိုင်

No comments:

Post a Comment