Latest News

Sunday, May 7, 2017

လူ့အသိုင်းအဝိုင်းမှာ ၀င်ဆံ့တဲ့ကလေးတွေ ဖြစ်အောင်လုပ်ပေးချင်တာ

“လူ့အသိုင်းအဝိုင်းမှာ ၀င်ဆံ့တဲ့ကလေးတွေ ဖြစ်အောင်လုပ်ပေးချင်တာ “
[အိပ်မက်ပန်းခင်း ဂေဟာက ဆရာမ ငွေကြယ်စင် (ခ) ဒေါ်နီလာဝင်းနှင့် တွေ့ဆုံခြင်း]

[ကလေးတွေက အစ်မတို့ဆီမှာ လာနေချင်ကြတယ်။]
ရန်ကုန်၊ မေ ၃ – ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့မှာ လမ်းဘေး လေလွင့် တောင်းရမ်း စားသောက်နေတဲ့ ကလေးငယ်တွေကို စာရေး ဆရာမငွေကြယ်စင် (ခ) ဒေါ်နီလာဝင်း ဦးစီး တည်ထောင်ထားတဲ့ အိပ်မက်ပန်းခင်း ဂေဟာက ခေါ်ယူစောင့်ရှောက် ထားတယ်။ အတန်းပညာ၊ ယဉ်ကျေးမှု၊ အနုပညာနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စတွေ သင်ကြားပေး နေတယ်။ စတင် လက်ခံနေတာ ခြောက်လ လောက်သာ ရှိပါသေးတယ်။
လေလွင့် ကလေးတွေ၊ မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ ကလေးတွေ ဖြစ်တယ်။ ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့က ခေါ်ယူ ထိန်းသိမ်းပြီး အိပ်မက် ပန်း ခင်းဂေဟာကို ပို့ဆောင် ပေးထားတာပါ။
ကလေးတွေကို ခေါ်ယူစောင့် ရှောက်ရာမှာ ဘယ်လို အခက်အခဲတွေ ရှိတယ်။ ဘယ်လို ပတ်ဝန်းကျင်က ကလေးငယ်ကို ခေါ်ယူ ဖြစ်တယ် ဆိုတာတွေ ဆရာမ ငွေကြယ်စင်ကို တွေ့ဆုံ မေးမြန်းထားပါတယ်။
[သည်ကလေးတွေကို လူတောထဲတိုးနိုင်အောင်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် လုပ်ပေးတယ်။]
မော်ဒန် ။ ။ လမ်းပျော် ကလေးတွေကို ခေါ်ယူ စောင့်ရှောက် ဖြစ်ခဲ့တာ ပြောပြပေးပါလား။
ဆရာမ ငွေကြယ်စင် ။ ။ အိပ်မက်ပန်းခင်း ဂေဟာလေးကို စခဲ့တာက တော့ ကျန်ခဲ့တဲ့လေး နှစ်ကတည်း ကပေါ့။ အစ်မမှာ သားလေး တစ်ယောက်ရှိတယ်။ ကစားကွင်းတွေ လိုက်ပို့ရင် အစ်မသားကို ငေးကြည့် နေတဲ့ ကလေးတွေကို တွေ့ ရတယ်။ သူတို့တွေက သာမန်ကလေးတွေလို ကစားခွင့်မရကြဘူး။ ဝင်လို့လည်း မရဘူး။ ဆော့နေတဲ့ ကလေးတွေကို အပြင်ကနေပဲ ငေးကြည့်နေရတာ။ အဲသည်ဟာကို သူတို့ အတွက်လည်း လုပ်ပေးချင်တာ။
ရည်ရွယ်တာ ကတော့ အဲသည် ကလေးတွေသည် လူ့ အသိုင်းအဝိုင်း ရဲ့ အပြင်ဘက်ကို ရောက်နေတာ။ လူတွေက လက်မခံချင်ဘူး။ ဥပမာ – အစ်မတို့ စားသောက်ဆိုင် တွေမှာ ထိုင်စားနေတယ်ဆိုရင် သူတို့ အနားကပ်လို့ မရဘူး။ မောင်းထုတ်ခံရတယ်။ ဒါ ပေမဲ့ အဲသည် ကလေးတွေက ဒို့ကလေးတွေပဲလေ။ သူတို့တွေ ကြီးလာရင် သည်တိုင်းပြည်က သူတို့လက်ထဲ ထားခဲ့ရမှာ။ အဲဒါကြောင့် သည်ကလေးတွေကို လူ့အသိုင်းအဝိုင်းမှာ ဝင်ဆံ့တဲ့ ကလေးတွေ ဖြစ်အောင် လုပ်ပေးချင်တာ။ အဲဒါ ကြောင့် စလုပ်ဖြစ်ခဲ့တာ။
ပထမဆုံးစတဲ့ အခါကျတော့ အခက်အခဲ ဖြစ်ပါတယ်။ အာလုံးက မိသားစုကလည်း ကန့်ကွက်တယ်။ သူငယ်ချင်းတွေ ကလည်း ကန့်ကွက်တယ်။ အရမ်း ခက်မယ့် ကိစ္စပေါ့။ အစ်မကလည်း တအား လုပ်ချင်နေ တာ။ ဆရာမ ဒေါ်သန်း မြင့်အောင်ကို ပြောကြည့်တော့ လုပ်ပါလို့ ပြောတယ်။ အဲသည်ကနေ လုပ်ဖြစ်ခဲ့တာပေါ့။
မော်ဒန် ။ ။ ဘယ်လိုကလေးတွေကို ခေါ်ယူ စောင့်ရှောက်ထားတာလဲ။
ဆရာမ ငွေကြယ်စင် ။ ။ ကလေးတွေက ကျောင်းသား အရွယ်တွေလေ။ သူတို့နဲ့ အရွယ်တွေ အကုန်လုံးက ကျောင်းတက် နေကြပြီ။ သူတို့ ကို ကျောင်းတက်နေတယ်၊ ကျောင်းခန်းထဲ ရောက်နေတဲ့ ပုံစံမျိုး အစ်မတို့က ဖန်တီး ပေးထားတယ်။ ကျောင်းမှာ အချိန်ဇယား ဆွဲသလိုမျိုး အစ်မတို့လည်း အချိန်ဇယား ဆွဲပေးတယ်။ မနက်ကို နှစ်ချိန်၊ နေ့ခင်းဘက်ကို နှစ် ချိန် စုစု ပေါင်းလေးချိန်ပေါ့။ တစ်ပတ် ကို အချိန် ၂၀ ရှိတာပေါ့။ အဲသည်ထဲက ၁၀ ချိန်ကို စာသင်ပေးတယ်။ ကျန်တဲ့ ၁၀ ချိန်ကို ဂီတ သင်တယ်။ ကဗျာလေးတွေ၊ ယဉ်ကျေးမှုတွေ သင်တယ်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက် ပြီးတော့လည်း သင်ပေးတယ်။
များသောအားဖြင့် က သူတို့နဲ့ လိုက်ဖက်တာတွေကို သင်ပေးရတာပေါ့။ အဓိကကတော့ သည်ကလေးတွေကို လူတောထဲတိုးနိုင်အောင်၊ ကိုယ့်ကိုယ်ကိုယုံကြည်မှု ရှိအောင် လုပ်ပေးတယ်။ ပန်းခြံတွေ၊ စားသောက်ဆိုင် တွေလို သူ တို့တစ်ခါမှ မရောက်ဖူးတဲ့ နေရာတွေ ခေါ်သွားတယ်။ အဲသည် နေရာတွေမှာ တကယ် ကိုယ်တိုင် ခံစားစေတယ်။
မူကြိုအရွယ် ကလေးတစ် ယောက်ပါတယ်။ သုံးနှစ် အရွယ်ပေါ့။ ကျန်တဲ့ကလေးတွေကတော့ ခုနစ်နှစ်၊ ရှစ်နှစ်လောက်တွေပါပဲ။
ဘယ်သူနဲ့မှ စကားမပြောဘူး။ သူတို့စိတ်ထဲမှာ သံသယနဲ့ နာကြည်းမှုပဲရှိတယ်။
မော်ဒန် ။ ။ ဘယ်လိုပတ်ဝန်းကျင်က ကလေးမျိုးတွေလဲ။
ဆရာမ ငွေကြယ်စင် ။ ။ သူတို့က တောင်းစားတဲ့ ကလေးတွေ၊ လမ်းဘေးကလေးတွေပါ။ တချို့က တော့ ရိုးရိုးပဲ တောင်းကြရတယ်။ တချို့က ကလေးငယ်လေး တွေကို ခါးထစ်ခွင်ချီ ခေါ်ပြီးတော့ တောင်းရတယ်။ မနက်မိုးလင်းတာနဲ့ တောင်းရတဲ့ ကလေးတွေ။ သူတို့ ရဲ့ ဘေးနားမှာ အုပ်ထိန်း သူရှိတယ်။ အုပ်ထိန်းသူဆိုတာက မိဘတွေမဟုတ်ဘူး။ သူတို့ကို တောင်းခိုင်းတဲ့သူ။ အလှူရှင်တွေက တစ်ခုခုကျွေးလို့ စားမိရင် အရိုက် ခံရတယ်။ အစ်မတို့ဆီမှာ အဲ သည်လို ကလေးလေးတွေ ခေါ်ထားတယ်။
သူတို့က အစ်မတို့က တိုက်ရိုက်သွားခေါ်လို့မရဘူးလေ။ သူတို့ကို လာပါနေပါလို့ သွားခေါ်ရင် သူတို့မိဘတွေလို အစောက ပြောတဲ့ အုပ်ထိန်း သူတွေက ခွင့်ပြုမှာမဟုတ်ဘူး။
တစ်ခါသွားခေါ်ဖူးတာပေါ့ နော်။ အဲသည်ကလေးတွေကို တောင်းခိုင်း တဲ့ အုပ်ထိန်းသူဆို တာတွေက တစ်နေရာ တည်းမှာ စုနေတာ။ အဲဒါနဲ့ အစ်မတို့လည်း ရပ်ကွက်က နေပြီးတော့ လူကြီးတွေနဲ့ တွေ့တယ်။ ပြီးတော့ သွားတောင်းတာပေါ့။ နောက်သိရတာက အစ်မတို့ ပြန်လည်းပြန်ရော ရပ်ကွက်လူကြီးအိမ်ခဲနဲ့ ပေါက်တယ်တဲ့။
ရဲမင်းကြီး ဦးထွန်းမင်း လက်ထက်က ပုသိမ်မြို့နယ်က လမ်းဘေးကလေးတွေ မရှိစေရဆိုပြီး လိုက်ဖမ်းတယ်။ သူက အခုတော့ အငြိမ်းစားယူသွားပြီ။ ကလေးတွေကို ဖမ်းတော့ သူတို့ မိဘအရင်းတွေနဲ့ အုပ်ထိန်းသူ တွေကို ခေါ်တယ်။ ပညာပေးတယ်။ အုပ်ထိန်းသူတွေကိုတော့ တရားစွဲတယ်။
သည်လိုကလေးတွေကို လူဝင်ဆံ့အောင် လုပ်ပေးဖို့လိုတယ်လို့ ဆိုပါတယ်။
မော်ဒန် ။ ။ သည်ကလေးတွေကို တောင်းရမ်းဖို့ နောက်ကွယ်ကနေ ခိုင်းနေတဲ့သူတွေရှိတယ်ဆိုတာ အစ်မတို့က ဘယ်လိုသိရတာလဲဗျ။
ဆရာမ ငွေကြယ်စင် ။ ။ အစ်မတို့ က အဲသည်နေရာတွေကို ရောက်အောင် သွားတယ်။ လေ့လာတယ်။ နောက် အစ်မတို့ဆီကို ရောက်လာတဲ့ ကလေးတွေကနေပြီးတော့လည်း သိရတယ်။ အဲသည် တောင်းခိုင်းတဲ့ အမျိုးသမီးက ကလေးတွေကို တောင်းခိုင်းတယ်။ အဲသည်ကလေးတွေရဲ့ မိဘတွေကိုလည်း ဖိအားပေးတယ်။ ရိုက်ဆိုရင် ရိုက်ရတယ်။ နောက် အစ်မတို့ဆီကို ရောက်လာတဲ့ ညီအစ်မနှစ်ယောက်ဆိုရင် တောင်းခိုင်းတဲ့ အခါမှာ တစ်ယောက်ကရလာတယ်။ နောက်တစ် ယောက်က ရ မလာဘူးဆိုရင် ရမလာတဲ့ကလေးကို ထမင်းမကျွေးဘူး။ မုန့်လေးတွေကို သူ့အမေအရင်းက ထဘီထဲဝှက်ပြီး ကျွေးရတာ။
မော်ဒန် ။ ။ လောလောဆယ် ကလေးဘယ်နှယောက်ကို ခေါ်ထားပြီးပြီလဲ။
ဆရာမ ငွေကြယ်စင် ။ ။ လောလောဆယ်က ၁၀ ယောက် လောက်ပဲရှိပါသေးတယ်။ ကလေးတွေအတွက် နေရာကလည်း ကျဉ်းတော့ အများကြီးခေါ်လို့မရသေးဘူး။ နောက်ပြီး နေရာကလည်း ပြောင်းဖို့ရှိနေတော့ အများကြီးခေါ်လို့ မရသေးပါဘူး။ ပုသိမ်မှာ လမ်းဘေးကလေး၊ တောင်းစားတဲ့ကလေးက ၁၅၀ လောက်ရှိတယ်။ ထပ်ခေါ်နိုင်အောင် လည်း လုပ်နေပါတယ်။
မော်ဒန် ။ ။ သည်လိုကလေးတွေကို ခေါ်ပြီး စောင့်ရှောက်တဲ့အခါ ဘယ်လို အခက်အခဲတွေ ကြုံရလဲဗျ။
ဆရာမ ငွေကြယ်စင် ။ ။ အခက်အ ခဲကတော့ ငွေရေး၊ ကြေးရေးပေါ့။ သည်ကလေးတွေနေဖို့ နေရာကလည်း ငှားရမ်းခရှိတယ်။ အသုံးစရိတ်ရှိတယ်ပေါ့။ နောက်ပြီး အစ်မက ဂရန့် (grant) တွေလည်း မလျှောက်ဘူး။ နိုင်ငံခြားအ ထောက်အပံ့လည်း မယူ ဘူး။ ကိုယ့်ရဲ့ မိတ်ဆွေတွေဆီက ရတာနဲ့ပဲ သွားနေတာပါ။ အဲသည်အပိုင်းမှာတော့ တော်တော်လေးအခက်အခဲ ဖြစ်နေတယ်။ ချဲ့ချင်တာ တောင်မှချဲ့လို့ မရသေးဘူး။ သည်ကလမ်းဘေး ကလေးတွေက အစ်မတို့ဆီမှာ လာ နေချင်ကြတယ်။ အစ်မတို့မှာက နေစရာအဆင် မပြေသေးတော့ ခေါ်လို့မရသေးတာတွေလည်း ရှိတယ်။
နောက်ပြီး သည်အလုပ်ကို စလုပ်ခါစက အစ်မသားလေးအတွက်တော့ တော်တော်လေး အ ခက်အခဲဖြစ်တယ်။ သည်ကလေး တွေကလည်း သူနဲ့ မတိမ်းမယိမ်းတွေလေ။ အဲသည်တော့ သဝန်တို ဖြစ်တာပေါ့။ သူ့အမေက တခြား ကလေးတွေကို ဂရုစိုက်နေတယ် ဆို ပြီးတော့။ သူက စာဖတ်တယ်။ အေးတယ်။ ရန်တွေဘာတွေ ဖြစ်တာမရှိခဲ့ဘူး။ အဲသည်အချိန် အစ် မသားလေးက ကျောင်းမှာလည်း ရန် ဖြစ်တယ်။ ပြန်ရောက်တော့ သားရယ် ဘာဖြစ်လို့ ရန်ဖြစ်တာလဲလို့ မေးကြည့်တော့မသိပါဘူး အမေရယ်၊ ရင်ထဲမှာ အလိုလို ဒေါသထွက်နေတာလို့ ပြောတယ်။ သူ့စိတ်မှာ ဒဏ်ရာရနေတာ ပေါ့။ နောက်ပိုင်းတော့ သူလည်း နေသားကျသွားပါတယ်။
မော်ဒန် ။ ။ သည်လိုကလေးတွေကို အစ်မတို့ သွားခေါ်တဲ့အခါမှာရော ဘယ်လိုကြုံရလဲ။
ဆရာမ ငွေကြယ်စင် ။ ။ ကလေးတွေ တောင်းစားနေတဲ့ နေရာတွေကို သွားတယ်။ ကလေးတွေကို စကားပြောချင် လို့ပါ။ ဒံပေါက် ကျွေးချင်လို့ပါဆိုပြီး ဖိတ်တယ်။ အဲသည်လိုလုပ်တော့ ကလေးတွေရော၊ ခိုင်းတဲ့သူတွေရော၊ မိဘတွေ ရောရောက်လာကြတယ်။ အဲသည်တော့ မုန့်မကျွေးသေးဘဲ စကား ပြောတယ်။ ချော့လိုက်၊ ခြောက်လိုက် ပြောတယ်။ ယဉ်ကျေးမှုပိုင်းရော၊ ဥပဒေပိုင်းရော ပြောပြတယ်။ သူတို့တွေကို ကူညီပေးချင်ပါတယ်လို့ ပြောတယ်။ ဒါ ပေမဲ့ သူတို့ဘက်က တုံ့ပြန်မှုမရှိ ဘူး။ အဲသည်တော့ တစ်နေရာ ချင်းလိုက်ပြီး ပြောတော့လည်း သူတို့တွေ ဝင်ငွေ လျော့မှာစိုးလို့ မဖြစ်ဘူးလို့ ပြောတယ်။
နောက်ပြီး လမ်းဘေးက ကော်ရှူ နေတဲ့ ကလေးတွေဆီကို သွားတော့ အစ်မတို့အဖွဲ့ထဲက တစ်ယောက်က ကင်မရာကိုင်လိုက်တာနဲ့ ထွက်ပြေးသွားတာ။ သူတို့က ဘယ်သူနဲ့မှ စကားမပြောဘူး။ သူတို့စိတ်ထဲမှာ သံသယနဲ့ နာကြည်းမှုပဲရှိတယ်။ သူတို့ကို တစ်ခုခု လုပ်လိုက်မလားဆိုပြီး တုံ့ ပြန်ဖို့ အသင့် ဖြစ်နေတာ။
မော်ဒန် ။ ။ သည်လိုကလေးတွေကို အစိုးရဘက်ကရော ဘယ်လို ဆောင်ရွက်နေတယ်လို့ သိထားလဲ။
ဆရာမ ငွေကြယ်စင် ။ ။ သည်လမ်းဘေးကလေးတွေနဲ့ ပတ်သက်ပြီး တခြားမြို့တွေမှာရှိတယ်လို့တော့ သိထားပါတယ်။ အစ်မတို့ တိုင်းအစိုးရ အဖွဲ့ကို တင်ပြဖူးတယ်။ သူတို့အနေနဲ့ က တခြားကိစ္စတွေကိုလည်း လုပ်နေရ တယ် ပေါ့နော်။ ဒါပေမဲ့ အစ်မတို့အဖွဲ့လုပ်တာကို သူတို့က အားပေးတယ်။ ငွေကြေး လှူဒါန်းတာတွေရှိတယ်။ ဘတ်ဂျက်ချပေးတာမျိုး တော့ မဟုတ်ပါဘူး။
မော်ဒန် ။ ။ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပြပေးပါလား။
ဆရာမ ငွေကြယ်စင် ။ ။ သည်ကလေးတွေက အခုချိန်မှာ ကော်ရှူနေမယ်။ တောင်းစားနေမယ်။ နည်းနည်းလေး ကြီးလာရင် လုတာတွေ၊ ခိုးတာတွေ ဖြစ်လာတော့မှာ။ အခုချိန်မှာ ကိုယ်နဲ့ မဆိုင်သလိုနေလို့ မရပါဘူး။ အခုချိန် မှာ မဆိုင်သေးပေမဲ့ သူတို့ကြီးလာလို့ ခိုးတာ၊ လုတာတွေ ဖြစ်လာရင် ကိုယ်နဲ့ လုံးဝဆိုင်လာမှာပါ။ ဒါကြောင့် အခု ချိန်မှာ ဝိုင်းဝန်းဖေးမပေးကြဖို့ လိုပါတယ်။ မြန်မာတစ်နိုင်ငံလုံးက မြို့တိုင်းမှာလည်း သည်ကလေး တွေကို စောင့် ရှောက်ပေးတာမျိုးတွေ ရှိစေချင်ပါ တယ်။
မော်ဒန် ။ ။ အခုလို အချိန်ပေးဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Author ချမ်းသာ
#Kumudra






No comments:

Post a Comment