Latest News

Thursday, May 25, 2017

ဝမ်းနည်းချိန်မှာ ကိုယ့်ကိုယ်ကို အားပေးပါ

ဝမ်းနည်းချိန်မှာ ကိုယ့်ကိုယ်ကို အားပေးပါ


ဝမ်းနည်းတယ်ဆိုတာ လူတိုင်းခံစားဖူးတဲ့ ခံစားချက်ပါ။

ကိုယ်မျှော်လင့်သလိုမဖြစ်တဲ့အခါ၊ ကိုယ်ထင်မှတ်ထားတဲ့သူတွေက  ကိုယ့်အပေါ် မကောင်းတဲ့အခါ၊ ကိုယ့်ကိုယုံကြည်လိမ့်မယ်လို့ ထင်မှတ်ပေမဲ့ ယုံကြည်မှုနဲ့အလေးပေးမှုကို မရရှိတဲ့အခါ ၊  ကိုယ့်ရဲ့ စွမ်းဆောင်မှုနဲ့ ပေးဆပ်မှုကို အသိအမှတ်ပြုခြင်း မခံရတဲ့အခါ၊ ကိုယ့်ရဲ့အချစ်ကို အသိအမှတ်ပြုခြင်း မခံရတဲ့အခါမှာ ၀မ်းနည်းတတ်ကြပါတယ်။

အဲဒီလို အချိန်မှာ ၀မ်းနည်းတတ်တာလည်း လူတိုင်းပါပဲ။ ဒါကို ကိုယ်တစ်ယောက်တည်း ဒီလို ခံစားရတယ်၊ ကိုယ်ဟာ ကံဆိုးတဲ့သူလို့ ထင်မှတ်ပြီး စိတ်ဓါတ်ကျသွားတဲ့ အခြေအနေထိလည်း ဖြစ်တတ်ကြပါသေးတယ်။

တကယ်တော့ ၀မ်းနည်းခြင်းဆိုတာ ကုစားရခက်တဲ့ဝေဒနာလို့လည်း ပြောနိုင်သလို၊ အချိန်ကာလတစ်ခုထိလည်း ရင်ထဲစွဲသွားတဲ့ ဒဏ်ရာလို့လည်း ပြောနိုင်ပါတယ်။ကျွန်မမှာလည်း မကြာခဏ စိတ်မကောင်းဖြစ်ရတာ ၀မ်းနည်းရတာတွေ ရှိပါတယ်။

တကယ်တော့ဝမ်းနည်းနေချိန်မှာ ၀မ်းနည်းစိတ်ကိုတော့ ဘယ်လိုမှ ကုစားလို့မရပါဘူး။
ဘယ်သူမှလည်း မရခဲ့ပါဘူး။ ဒါပေမဲ့ ၀မ်းနည်းတာကို ခံစားပြီးတော့ အမြဲတမ်း ၀မ်းနည်းနေတယ်ဆိုရငလည်း သိမ်ငယ်ပြီး ပျော့ညံ့တဲ့အခြေအနေဆိုးကို ရောက်သွားတတ်ပါတယ်။

ဒါကြောင့်ဝမ်းနည်းချိန် ကြာရှည် မနေအောင်၊ ၀မ်းနည်းစိတ်ကြောင့် ဘ၀ကို အရှုံးမပေးမိအောင်၊ ၀မ်းနည်းစိတ်ကြောင့် စိတ်ဓါတ်မကျအောင်တော့ ကို်ယ့်ကိုယ်ကို အမြဲတမ်းအားပေးဖို့ လိုအပ်ပါတယ်။

ကိုယ့်ကိုယ်ကို အားပေးတဲ့ နေရာမှာတော့နှစ်မျိုး ရှိပါတယ်။ ကျွန်မကတော့ဝမ်းနည်းနေတဲ့အချိန်မှာ ကိုယ့်ရဲ့အားသာချက်တွေကို ပြန်စဉ်းစားရပါတယ်။ဆိုပါတော့ ကိုယ့်မိသားစုဝင်တွေရဲ့မေတ္တာတရားနဲ့ပတ်သက်ပြီး ကိုယ်ကခံစားဝမ်းနည်းရတယ်ဆိုရင် သူတို့ ကိုယ့်အပေါ် ကောင်းခဲ့ဖူးတာတွေကို ပြန်စဉ်းစားပါတယ်။

အဲဒီအချိန်မှာ မကောင်းတာတွေ စိတ်ထိခိုက်စရာတွေ တွေးမိရင် ၀င်လာရင်လည်း မောင်းထုတ်လိုပ်ပါ၊ အဆိုးတွေ တွေးမိလို့ပိုပြီး စိတ်ထိခိုက်ပြီး ဘ၀ကို အရှုံးပေးမိရင် ပိုဆိုးနိုင်တဲ့အတွက် ကောင်းတာကိုပဲ တွေးတတ်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကို သိပ်သနားစရာကောင်းတဲ့သူ ဖြစ်အောင် မတွေးမိဖို့ လိုပါတယ်။

အလုပ်ကြောင့်ဝမ်းနည်းရတယ်ဆိုရင်လည်း ကိုယ့်ရဲ့လုပ်ငန်းခွင်ထဲက အောင်မြင်မှုတွေကို ပြန်တွေးကြည့်ရပါတယ်။ ကိုယ့်ရဲ့အားသာချက်နဲ့ကောင်းကွက်ကို ရှာတွေးတာမျိုးပါ။

ကိုယ်ချစ်တဲ့သူတွေကြောင့် (သို့)အိမ်ထောင်ဘက်ကြောင့်ဝမ်းနည်းရတယ်ဆိုရင်လည်း  သူကိုယ့်အပေါ် ကောင်းခဲ့တာတွေကို ပြန်တွေးကြည့်ပါတယ်။

 ပြောရရင်တော့သူတို့ရဲ့ ကောင်းကွက်တွေကို ပြန်စဉ်းစားပြီး အဲဒါတွေကိုပဲ ပြန်သတိရအောင် ပြန်တွေးမိအောင် လုပ်တာပါ၊ အဲဒီလို စဉ်းစားတဲ့အတွက် သူတို့ အပေါ်မှာ နားလည်မှု လွဲနေတာတွေလည်း  ဒေါသ ထွက်နေတယ်ဆိုရင်တောင်မှ ကျေသွားပါတယ်။ ခွင့်လွှတ်စရာရှိရင်လည်း ခွင့်လွှတ်လိုက်ပြီး ကိုယ့်စိတ်ထဲအေးချမ်းသွားတယ်။

နောက်တစ်မျိုးကတော့ကိုယ်ယုံကြည်လေးစားတဲ့သူတ စ်ဦးဦးကို ရင်ဖွင့်ပြောဆိုလိုက်တဲ့အခါ သူတို့ဆီကနေ ကြားရတဲ့ အားပေးစကားကို နားထောင်ပေးခြင်းအားဖြင့်လည်း စိတ်ဓါတ်ခွန်အားတွေ ရရှိပြီး ဘ၀ကို ပြန်ရင်ဆိုင်ဖို့အတွက် ခွန်အားတက်လာတဲ့ နည်းလမ်းပါ။

ဒီလို နည်းလမ်းကလည်း လူတွေရဲ့ စိတ်အားငယ်မှုတွေ၊ ၀မ်းနည်းခြင်းတွေကို ဖြေလျော့စေနိုင်တဲ့အတွက် အသုံးပြုကြပါတယ်။ ကျွန်မအနေနဲ့လည်း ရဲံဖန်ရံခါ အသုံးပြုတတ်ပါတယ်။

တကယ်တော့ ကျွန်မတို့ တွေက လူသားတွေဖြစ်နေတဲ့ အတွက် ဒေါသ၊ လောဘ၊ မောဟနဲ့တော့မကင်းနိုင်သလို၊ ၀မ်းသာခြင်း ၀မ်းနည်းခြင်းဆိုတဲ့ စိတ်ခံစားမှုတွေနဲ့လည်း မကင်းနိုင်ဘူးပေါ့လေ၊ ဒါတွေရှိနေလို့လည်း မခံချင်စိတ်နဲ့ ကြိုးစားကြ၊ အပင်ပန်းခံကြ၊ ရုန်းကန်ကြတာပါ၊ တစ်ဖက်ကလည်း ဒါတွေကြောင့် လည်း ပင်ပန်းဆင်းရဲကြ၊ ပူလောင်ကြတာပါ။

ဒါတွေအားလုံး ကင်းအောင် နေလို့မရပေမဲ့ လျော့ပါးအောင်၊ အေးချမ်းအောင်တော့ နေလို့ရပါတယ်။ဝမ်းနည်းစိတ်ဆိုတာလည်း အဲဒီလိုပါပဲ၊ ကိုယ့်ရဲ့အားနည်းချက် တစ်ခုခုကြောင့်ဝမ်းနည်းတယ်ဆိုတာ သဘာဝကျပေမဲ့  ကိုယ့်မှာ အားနည်းချက်အပြင် အားသာချက်ကိုပါ တွေးလိုက်မိရင် ၀မ်းနည်းစိတ် မဖြစ်တော့ပါဘူး။

ဒါကြောင့်စိတ်အေးချမ်းအောင် နေဖို့ ဆိုတာ ကိုယ့်ကိုယ်ကို စိတ်အေးချမ်းအောင် နေတတ်ဖို့က ပိုပြီး အဓိက ကျပါတယ်။ ဒါကြောင့် ၀မ်းနည်းစိတ်ဟာလည်း ကိုယ့်ရဲ့နေ့စဉ်ဘ၀နဲ့လုပ်ငန်းခွင်အပေါ် အတိုင်းအတာ တစ်ခုထိ သက်ရောက်မှု ပေးနေတဲ့အတွက် ၀မ်းနည်းစိတ်ကို ကြာရှည် မထားသင့်ဘူးလို့ကျွန်မကတော့ယူဆမိတယ်။

ဒါကြောင့်ဝမ်းနည်းစိတ် ရှိလာရင် အဲဒါကို အမြန်ဆုံး ကုစားဖို့ကြိုးစားပါလို့တိုက်တွန်းပါတယ်ရှင်။

မတူတဲ့အမြင်များရှိရင်လည်း ဆွေးနွေးပါဦး။
ကျေးဇူးတင်ပါတယ်။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment