Latest News

Saturday, May 6, 2017

မြန်မာ့အရေး ဖြေးဖြေးတိုးတက်

မြန်မာ့အရေး ဖြေးဖြေးတိုးတက်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ရက် တီလာဆန်နဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ ဒီအပတ်အတွင်း ဝါရှင်တန်ဒီစီမှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြစဉ်က  မြန်မာ အစိုးရ ကိုယ်စားလှယ် အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းက တီလာဆန်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပါးလိုက်တဲ့ စာတစောင် ပေးအပ်ခဲ့ပါတယ်။ အဲဒီစာမှာ ဥရောပ ခရီးစဉ်တွေကို စီစဉ်ပြီး ဖြစ်နေတာကြောင့် ဝါရှင်တန် တွေ့ဆုံပွဲကို သူမ မတက်ရောက်နိုင်တဲ့ အတွက် ဝမ်းနည်းပါကြောင်း ရေးသား ထားတယ်လို့ ဆိုပါတယ်။

မနေ့က ထုတ်ဝေတဲ့ ဝါရှင်တန် ပို့စ် သတင်းစာမှာ ဒေါ်နယ်လ် ထရမ့် ဟာ သူသမ္မတ ဖြစ်ပြီးနောက်ပိုင်း နိုင်ငံခြား တိုင်းပြည် အတော်များများက ခေါင်းဆောင် တွေနဲ့ ဆက်သွယ် ပြောဆိုခဲ့ပြီး ဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည် နဲ့တော့ ခုချိန်ထိ ပြောဆိုခြင်း မရှိသေးကြောင်းနဲ့ အာဏာရှင် လက်အောက်ကနေ ဒီမိုကရေစီ လမ်းပေါ် လျှောက်လှမ်းစ မြန်မာပြည်ရဲ့ ပြုပြင် ပြောင်းလဲမှုတွေကို ထရမ့် အစိုးရသစ်က ဆက်လက် မြေတောင် မြှောက်မှာလား ဆိုတာ မေးခွန်း ဖြစ်နေတယ်လို့ ဖေါ်ပြထားပါတယ်။

မြန်မာပြည် ဆိုင်ရာ ကန် သံအမတ်ကြီးဟောင်း  Derek Mitchell ဒဲရက်မစ်ချယ်က မြန်မာနိုင်ငံကို အမေရိကန် ပြည်ထောင်စု အနေနဲ့ ဆက်လက် အားပေးဖို့ လိုကြောင်း နဲ့  မိမိတို့ရဲ့ ထောက်ခံမှုကြောင့် မြန်မာပြည်သူတွေကို ယုံကြည်မှု တိုးပွားပြီး အားတက်စေကြောင်း ပြောပါတယ်။

မြန်မာ့ ဒီမိုကရေစီ အရေးကို အစဉ်တစိုက် အားပေးခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် လူများစု ခေါင်းဆောင် အမတ် Mitch McConnell မစ်ခ်ျ မက်ကော်နယ် ကလည်း နိုင်ငံခြားရေး ဝန်ကြီးသစ် တီလာဆန်နဲ့ ပထမဆုံး တွေ့ဆုံပွဲမှာ မြန်မာပြည်ကို မမေ့ဖို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။ အမေရိကန် လွတ်တော် အမတ် တချို့ ကလည်း အစိုးရသစ် အနေနဲ့ မြောက်ကိုရီးယား နူကလီ အစီအစဉ် ဖျက်သိမ်းရေးကို အာရုံစိုက် နေစဉ်မှာ မြန်မာပြည် အပေါ် ဥပက္ခာပြုရာ သို့မဟုတ် ဆက်ဆံရေး ယိုယွင်းသွားမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန အရှေ့တောင် အာရှရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Patrick Murphy ပက်ထရစ် မာဖီကတော့ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးဟာ ဆက်လက် ကောင်းမွန်နေကြောင်း ပြောပါတယ်။ သမတ ထရမ့်ရဲ့ လက်ထောက် တဦး ကလည်း မြန်မာပြည်ရဲ့ ဒီမိုကရေစီ ပြောင်းလဲမှုတွေဟာ အံသြဖွယ် ဖြစ်ပြီး မိမိတို့ ဆက်လက် အားပေးမှာ ဖြစ်ကြောင်း ပြောဆိုတယ်လို့ သိရပါတယ်။

ဝါရှင်တန်ပို့စ် သတင်းစာမှာ ဖေါ်ပြချက်အရ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်လင်း ဟာ အမေရိကန်အ စိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေ အနေနဲ့ မြန်မာပြည် အရေးကို ပိုမို အာရုံစိုက်မှု ရရှိလာအောင် အစဉ်တစိုက် ကြိုးစားနေပြီး ဒါဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သဘောထားကို ထင်ဟပ် နေတယ်လို့ ဆိုပါတယ်။

အမေရိကန် အထက် လွှတ်တော် အမတ်တဦးရဲ့ လက်ထောက် ဖြစ်သူက သမတ ထရမ့်ရဲ့ မြန်မာပြည် ဆိုင်ရာ ဆောင်ရွက်မှုတွေဟာ တဖြည်းဖြည်း တိုးတက် လာနေပါပြီ၊ ဒါပေမယ့် ခပ်နှေးနှေးတော့ ဖြစ်နေတယ်လို့ ပြောပါတယ်။

ဒီအတောအတွင်း နိုင်ငံရေး အကဲခတ် တချို့ကတော့ အရှေ့တောင် အာရှ နိုင်ငံခေါင်းဆောင်တွေဟာ သမ္မတ ထရမ့် ရဲ့ သဘောထားကို သတိထား စောင့်ကြည် နေကြဆဲပဲလို့ ပြောပါတယ်။

ဝေဖန်သူ တချို့ကလည်း သမတ ထရမ့် အစိုးရ အနေနဲ့ တိုင်းပြည် လုံခြုံရေး ကိစ္စတွေကို တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ အတွက် လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုခွင့်တွေ အပေါ် အာရုံစိုက်မှုတွေ လျှော့နည်း သွားမလား ဆိုတာ ပူပန်နေကြပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ  ကလင်တန်နဲ့ မြန်မာပြည်ကို လိုက်ပါသွားဖူးတဲ့ အရာရှိ တဦးကတော့ သမ္မတ ထရမ့် အနေနဲ့  မြောက်ကိုရီးယားကို ဆန့်ကျင်မှု အဖြစ်  အမေရိကန်နဲ့ မြန်မာ့ တပ်မတော် အကြား ဆက်ဆံရေးကို တိုးချဲ့သင့်တယ်လို့ ပြောဆိုကြောင်း မနေ့က ထုတ်ဝေတဲ့ ဝါရှင်တန်ပို့စ် သတင်းစာရဲ့ နိုင်ငံရေး ကဏ္ဍမှာ ဖေါ်ပြထားပါတယ်။

RFA

No comments:

Post a Comment