Latest News

Wednesday, May 3, 2017

သာသနာရေးဝန်ကြီး (ဟောင်း) ဦးဆန်းဆင့်ကို အရေးယူခဲ့ခြင်း ၏ ကန်လန့်ကာ နောက်ကွယ် တွင်(၂)

သာသနာရေးဝန်ကြီး (ဟောင်း) ဦးဆန်းဆင့်ကို အရေးယူခဲ့ခြင်း ၏ ကန်လန့်ကာ နောက်ကွယ် တွင်(၂)

သီးသန့်ရန်ပုံငွေ ကျပ်သိန်းပေါင်း တစ်သောင်းခန့်ရှိသော သာသနာရေး ၀န်ကြီးဌာန၏ အာဏာအရှိဆုံး ပြည်ထောင်စုဝန်ကြီးကို ကျပ်သိန်း ၁၀၀မျှအား အလွဲသုံးစားလုပ်သည်ဟု အစိုးရမှ စွပ်စွဲချက်အပေါ်တွင် ပြည်သူလူထု အများစုက ပြက်လုံးထုတ်ခဲ့ပါသည်။ သာသနာရေး ၀န်ကြီးဌာန အနေဖြင့် သီးသန့်ရန်ပုံငွေ Private Fund ကို အောက်ပါလုပ်ငန်းများမှ ရရှိခဲ့ပါသည်။ ယင်းတို့မှာ (၁) ၀ိသကြုံ သင်္ကန်းပရိက္ခရာဆိုင်မှ ၀င်ငွေများ၊ (၂) ဆော်ဒီ (ဟာဂျီ) ဘုရားဖူး ခရီးစဉ်များမှ ၀င်ငွေများ၊ (၃) ဗုဒ္ဓဂါယာ ဘုရားဖူး ခရီးစဉ်များမှ ၀င်ငွေများ၊ (၄) ၀န်ကြီးဌာန နိဗ္ဗာန်ဆိုင်များမှ ၀င်ငွေများ၊ (၅) ပိဋကတ် ပုံနှိပ်တိုက်မှ ၀င်ငွေများ၊ (၆) သာသနာရေး အရောင်းဆိုင်မှ ၀င်ငွေများ၊ (၇) KMD ကွန်ပျူတာ ပုံနှိပ်လုပ်ငန်း ၀င်ငွေများ၊ (၈) ပျိုးဥယျာဉ်စိုက်ပျိုးသီးနှံရငွေများ၊ (၉) ပိဋကတ်သုံးပုံ အလှူငွေများ၊ (၁၀) သီးသန့်ဆွမ်းကွမ်း ရန်ပုံငွေများ၊ (၁၁) ပရဟိတကျောင်းများ လှူဒါန်းရန်ပုံငွေများတို့ ဖြစ်ပါသည်။

ထို့ပြင် ထိုစဉ်က သာသနာရေး ၀န်ကြီးအဖြစ် ဆောင်ရွက်နေသော ဦးဆန်းဆင့် အနေဖြင့် အထွေထွေ ပိုလျှံအပ်ငွေအဖြစ် ပထမအကြိမ်တွင် ကျပ်သိန်းပေါင်း ၃၀၆,၅၉၆,၄၈၈ ကျပ်အားလည်းကောင်း၊ ဒုတိယအကြိမ်တွင် ကျပ်သိန်း ၁၈၀,၀၀၀,၀၀၀ ကျပ်အားလည်းကောင်း ပြန်လည်အပ်နှံခဲ့ပါသည်။ ထို့ကြောင့် ပုဒ်မ၄၀၉ဖြင့် အလွဲသုံးစား ပြုလုပ်သည်ဆိုသော ငွေပမာဏမှာ ၇,၂၄၄,၈၃၅ ကျပ်သာဖြစ်နေ၍ တရားမျှတမှုအတွက် မေးခွန်းများ ပေါ်ထွက်လာခဲ့ရခြင်း ဖြစ်ပါသည်။ ယင်းငွေပမာဏမှာလည်း လယ်ဝေးမြို့နယ် ရက်ကန်းစင်တောင် ကျေးရွာရှိ နှစ်ကျိပ်ရှစ်ဆူ အောင်တော်မူ စေတီတော် တည်ဆောက်ရာ၌ မိသားစုအလှူအဖြစ် တည်ထားကိုးကွယ်ရာတွင် ဌာနပိုင် မော်တော်ယာဉ်နှင့် ၀န်ထမ်းများကို ဌာနလုပ်ငန်းနှင့် သက်ဆိုင်ခြင်း မရှိဘဲ အသုံးပြုခြင်း၊ ဌာနပိုင် ဘဏ္ဍာငွေမှ စက်သုံးဆီတန်ဖိုး ၃,၃၄၀,၃၄၂ကျပ်ကို ဘုရားအတွက် ကိုယ်ကျိုးသုံးပြီး ၂၀၁၃ ဒီဇင်ဘာ ၃၀ရက်နေ့ရောက်မှသာ ပြန်လည်ပေးသွင်းခဲ့ခြင်း၊ စေတီထီးတော်တင်လှူရာတွင် ဌာနပိုင် ဘဏ္ဍာငွေမှ ၁၀,၀၄၆,၁၃၅ကျပ်ကို ထုတ်ယူသုံးစွဲပြီး ၂၀၁၄ ဇန်န၀ါရီ ၆ရက်နေ့ရောက်မှသာ ၂၈၀၁၃၀၀ ကျပ်ကို ပြန်လည်ပေးသွင်းခဲ့ခြင်း၊ ကျန်ငွေ ၇,၂၄၄,၈၃၅ကျပ်ကို ၀န်ကြီးဌာနနှင့် သက်ဆိုင်ခြင်း မရှိသော မိသားစုအလှူ ဘုရားအတွက် ကိုယ်ကျိုးသုံးစွဲပြီး ငွေစာရင်းများအား မမှန်မကန် ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိသည့် အတွက် ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ကြောင်း တွေ့ရှိရသည်။

ယင်းသို့ အမိန့်ချမှတ်ရာတွင် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများကို နိုင်ငံတော်သမ္မတ ခွင့်ပြုချက်ဖြင့် ၀၅၀၈ ငွေစာရင်း ခေါင်းစဉ်အောက်မှ သုံးစွဲခွင့်ရှိသော်လည်း ၀န်ကြီးဦးဆန်းဆင့်၏ သုံးစွဲမှုသည် အခွင့်အာဏာ ပေးအပ်ထားမှုနှင့် မညီသော သုံးစွဲမှုဖြစ်သည်ဟုလည်း ဆိုခဲ့သည်။ သာသနာရေး ၀န်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၏ လက်အောက်၌ ဒုတိယ၀န်ကြီး နှစ်ဦးရှိပြီး ဘတ်ဂျက်ငွေစာရင်းဆိုင်ရာ ကိစ္စရပ်များကို ဒုဝန်ကြီး ဒေါက်တာ မောင်မောင်ဌေးက တာဝန်ယူ၍ အလှူရန်ပုံငွေများနှင့် အခြားငွေစာရင်းဆိုင်ရာ ကိစ္စရပ်များကို ဒုဝန်ကြီး ဦးစိုးဝင်းက တာဝန်ယူ စီမံခန့်ခွဲရန် တာဝန်ပေးအပ်ထားခဲ့ပါသည်။ ထိုကြောင့် အလှူရန်ပုံငွေနှင့် ဘဏ္ဍာရေး သုံးစွဲမှုများမှာ ၀န်ကြီးနှင့်မဆိုင်ကြောင်း ဦးဆန်းဆင့်က ထွက်ဆိုခဲ့သော်လည်း ရုံးတော်၌ အရာမထင်ခဲ့ပေ။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ လက်ထက်၌ ဒေသခံပြည်သူများကို ဘာသာရေးဖြင့် စည်းရုံးရန်အတွက် ဘုရားတည်၊ ကျောင်းဆောက် ကိစ္စရပ်များကို သာသနာရေး ၀န်ကြီးဌာနအနေဖြင့် အသေးစိတ် တင်ပြစရာမလိုဘဲ သုံးစွဲလေ့ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော် အကြီးအကဲများကိုယ်တိုင် မလာရောက်နိုင်ပါက ၀န်ကြီးအဆင့်တွင် သာမကဘဲ ညွှန်ချုပ်အဆင့်အထိ လှူဒါန်းခွင့်ပေးထားပြီးဖြစ်သည်။ ထိုသို့ လှူဒါန်းရန်အတွက်လည်း ငွေစာရင်းခေါင်းစဉ် ၀၅၀၈ဖြင့် ခွင့်ပြုလေ့ရှိသည်။ ဥပမာအားဖြင့် ကချင်ပြည်နယ် ပန်းဝါဒေသတွင် ငြိမ်းချမ်းရေး ယူထားသော ဦးစခုံဇိမ်ယိမ်း၏ စေတီတော်အား ဗုဒ္ဓဘိသက အနေကဇာတင်ခြင်းနှင့် ရောင်တော်ဖွင့်ခြင်းတို့ကို သာသနာရေး ၀န်ကြီးဌာနက ဆောင်ရွက်ပေးခဲ့ခြင်းများရှိသည်။ ထိုနည်းတူ ရှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် ပန်ဆေးကျေးရွာတွင်လည်း ပန်ဆေးဦးကျော်မြင့် တည်ထားသောဘုရားနှင့် ဓမ္မာရုံဖွင့်ပွဲတွင် သာသနာရေး ၀န်ကြီးဌာနမှ သွားရောက်ဆောင်ရွက်ပေးခဲ့ရခြင်းများရှိသည်။ ထိုစဉ်က ၀န်ကြီးဌာန အနေဖြင့် ကုန်ကျမှုများရှိသော်လည်း ဘဏ္ဍာရေး အနေဖြင့် မည်သို့စိစစ်သုံးစွဲခဲ့သည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ ထိုနည်းတူ ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသ ဦးလူဖွယ်ရှီးဘုရား ဌာပနာပွဲနှင့် ထီးတော်တင်ပွဲ၊ ဦးတေဇ တည်ထားကိုးကွယ်သော မချမ်းဘောရှိ ရေလယ်စေတီ ထီးတင်ပွဲစသည့် အခမ်းအနားများတွင်လည်း သာသနာရေး ၀န်ကြီးဌာန အနေဖြင့် သွားရောက် ဆောင်ရွက်ပေးခဲ့ရခြင်းများလည်း ရှိခဲ့သည်။

ထို့ပြင် ပြိုကျပျက်စီးမည့် အခြေအနေဖြစ်နေသော စေတီပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံရာတွင် သာသနာရေး ၀န်ကြီးဌာန အနေဖြင့် ငွေကြေးစိုက်ထုတ်မှုများလည်း ရှိခဲ့သည်။ တစ်ခါတရံ ဘတ်ဂျက်မကျခဲ့ပါက အများပြည်သူ လှူဒါန်းငွေများဖြင့် ဆောင်ရွက်ခဲ့ခြင်းများလည်းရှိသည်။ ဦးဆန်းဆင့် ပြဿနာ ဖြစ်ပွားခဲ့သော ရက်ကန်းစင်တောင် နှစ်ကျိပ်ရှစ်ဆူ စေတီတော်မြတ်မှာ နေပြည်တော်နှင့် နီးကပ်သောနေရာတွင် တည်ရှိသည်။ ထိုစေတီတော်တွင် သာသနာပြု လုပ်ငန်းများအဖြစ် ဘုရားတည်၊ ကျောင်းဆောက် လုပ်နေသော ဘရသေ့က ဦးစီး ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ တစ်ရက်တွင် သာသနာရေး ၀န်ကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ၀န်ကြီးဦးဆန်းဆင့်နှင့် ဘရသေ့ ဆုံတွေ့ခဲ့ကြပြီး အဆိုပါစေတီ တည်ထားမှု ပြီးစီးရန်အတွက် ကူညီပေးပါရန် မေတ္တာရပ်ခံလာသည်။ ရက်ကန်းစင်တောင် စေတီပရ၀ဏ်မှာ သူရဦးအောင်ကို လက်ထက်ကတည်းကပင် သာသနာ့နယ်မြေအဖြစ် သတ်မှတ်ပေးခဲ့ခြင်းကြောင့် ၀န်ကြီးဦးဆန်းဆင့်က ရက်ကန်းစင်တောင် စေတီတော် ပြီးစီးရန်အတွက် စေတီတော်အနီးရှိ ကျေးရွာမှ ပြည်သူပြည်သားများထံ အလှူခံခဲ့သလို ဧရာဝတီတိုင်းရှိ မြို့နယ်တချို့မှလည်း လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုစဉ်က အစိုးရအဖွဲ့ဝင်တို့၏ လုပ်နည်းလုပ်ဟန်အတိုင်း သာသနာရေးဝန်ကြီးကလည်း စေတီတော်၏ ထီးတော်၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် အလှူကို သူနှင့် သူ့ဇနီးအမည်တပ်ပြီး လှူဒါန်းခဲ့သည်။ ထိုအချက်မှာ ဦးဆန်းဆင့်ကို အစိုးရအဖွဲ့က ဝေဖန်ထောက်ပြစရာ ရရှိသွားခဲ့သည်။ ရက်ကန်းစင်တောင်စေတီ တည်ဆောက်ရေးနှင့် ပတ်သက်၍ ငွေကြေးသုံးစွဲသည့်အပေါ် ဌာနတွင်း အစည်းအဝေး ပြုလုပ်ရာတွင်လည်း အကြီးတန်း ၀န်ထမ်းများက ၀န်ကြီးဌာန ငွေကြေးခေါင်းစဉ်အောက်မှ သုံးစွဲခွင့်ရှိကြောင်း ပြောသည့်အတွက် လုပ်နည်းလုပ်ဟန်အတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဦးဆန်းဆင့်က ဆိုသည်။

အစိုးရအဖွဲ့ အကြီးအကဲများ ၀န်ကြီးများ အနေဖြင့် နိုင်ငံအနှံ့အပြား၌ ကမ္ဗည်းမော်ကွန်း ကျောက်စာရေးထိုးရာတွင် ပြည်သူပိုင် ငွေကြေးများကို သုံးစွဲသော်လည်း ဦးစီးဦးဆောင်ပြု ဆောင်ရွက်သူ၏ အမည်နာမကို ထည့်သွင်းရေးထိုးလေ့ရှိသည်။ ဥပမာအားဖြင့် ရွှေတိဂုံ စိန်ဖူးတော်မြတ် တင်လှူခဲ့သည်မှာ တစ်နိုင်ငံလုံးမှ ပြည်သူလူထုထံမှ စိန်အလုံး ၅၀၀ကျော် လှူဒါန်းခဲ့ရာတွင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင်တို့၏ အလှူဒါန အနည်းအကျဉ်းသာ ပါသော်လည်း စိန်ဖူးတော်၏ ပန်းလည်တိုင်၌ ကမ္ဗည်းထိုးရာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဇနီးဒေါ်ကြိုင်ကြိုင် ကောင်းမှုအဖြစ် ရေးထိုးခဲ့ရသည်။ ထိုဓလေ့အတိုင်း ၀န်ကြီး ဦးဆန်းဆင့်နှင့် ဇနီးဒေါ်ခင်မာလေးတို့က ရက်ကန်းစင်တောင် စေတီတော် တည်ထားကိုးကွယ်ရာတွင် အမည်နာမ ရေးထိုးခဲ့ခြင်းတို့အတွက် တရားစွဲသူများဘက်မှ မိသားစု အလှူအဖြစ် စွပ်စွဲခဲ့ပြီး ပြစ်မှုစီရင်ခြင်းခံခဲ့ရမှုသာဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။

သံဖနောင့်

Tomorrow မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment