Latest News

Wednesday, May 10, 2017

စစ်ကိုင်းတွင်လည်း တိုင်းအစိုးရဟောင်း၏ ငွေကြေးအရှုပ်တော်ပုံ ပေါ်ပေါက်၊ ရန်ပုံငွေသိန်း ၉၀ဝ၀ ကျော် တိုင်းအစိုးရဟောင်း မလွှဲပေးခဲ့

စစ်ကိုင်းတွင်လည်း တိုင်းအစိုးရဟောင်း၏ ငွေကြေးအရှုပ်တော်ပုံ ပေါ်ပေါက်၊ ရန်ပုံငွေသိန်း ၉၀ဝ၀ ကျော် တိုင်းအစိုးရဟောင်း မလွှဲပေးခဲ့

ရန်ကုန်၊ မေ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်းသည် ပြည်သူလူထု လှူဒါန်းထားသော ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်းပေါင်း ၉၀ဝ၀ ကျော်ကို လွှဲပြောင်းပေးခြင်း မရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဟောင်းများ လွှဲပြောင်းပေးခြင်း မရှိသော ကျပ်သိန်း (၉၀ဝ၀) သည် ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေး ကယ်ဆယ်ရေး ရန်ပုံငွေများဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ စာရင်းများအရ သိရသည်။

“ဒီပိုက်ဆံတွေက အလှူငွေတွေပေါ့။ ပညာရေးကိစ္စနဲ့ ပတ်သက်ပြီး လှူတာပါတယ်။ ကျန်းမာရေးကိစ္စနဲ့ ပတ်သက်ပြီး လှူတာပါတယ်။ လူမှုရေး အခမ်းအနားတွေအတွက် လှူဒါန်းငွေတွေ ပါတယ်။ သဘာဝဘေး ရန်ပုံငွေတွေဆိုတာ ရှိတယ်။ အဲ့လိုမျိုး ခေါင်းစဉ်ပေါင်းစုံနဲ့ ငွေတွေပါတယ်။ စုစုပေါင်း ကျပ်သိန်း ကိုးထောင်ကျော်တယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးဦးက ပြောကြားသည်။

ယခင်အစိုးရလက်ထက်၌ စစ်ကိုင်း တိုင်းဝန်ကြီးချုပ်အဖြစ် ဦးသာအေး (ယခင် စစ်ကိုင်းတိုင်း ကြံ့ခိုင်ရေးပါတီ တိုင်းဥက္ကဋ္ဌ) တာဝန်ယူ ဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်သည်။

ယင်းသို့ ရန်ပုံငွေ အရှုပ်တော်ပုံများမှာ မကွေးတိုင်းတွင် စတင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဟောင်းဖြစ်သော ဦးဘုန်းမော်ရွှေသည် မကွေးတိုင်းဒေသကြီး အတွင်းရှိ ရေနံလက်ယက်တွင်း လုပ်ငန်းရှင်းများမှ ကောက်ခံရရှိသော တိုင်းဖွံ့ဖြိုးရေး ရန်ပုံငွေ ၇ ဒသမ ၄၅၉ ဘီလီယံကျော်ကို စာရင်းမရှိ သုံးစွဲခဲ့မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၇ ဒသမ ၄၅၉ ဘီလီယံမှ မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေသည် ကြံ့ခိုင်ရေးပါတီသို့ ငွေကျပ် ၁ ဒသမ ၇ ဘီလီယံ လှူဒါန်းခဲ့ပြီး ကြံ့ခိုင်ရေးပါတီမှ တည်ထောင်ထားသော ရွှေသုခ အသေးစား ငွေရေးကြေးရေး လုပ်ငန်းသို့ ငွေကျပ် ၁ ဒသမ ၅၇ ဘီလီယံ သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု တိုင်းအစိုးရက ထုတ်ပြန်ခဲ့သည်။

ကြံ့ခိုင်ရေးပါတီသို့ လှူဒါန်းထားသည်ဆိုသော အဆိုပါငွေကြေးနှင့် ပစ္စည်းများကို ပြန်လည် ပေးအပ်မည်ဟု ဦးဘုန်းမော်ရွှေက ပြောကြားခဲ့ပြီး အရစ်ကျ ခွဲ၍ ပြန်လည် ပေးအပ်နေပြီဖြစ်သည်။

ဒုတိယမြောက် ဖော်ထုတ် တွေ့ရှိခဲ့သည့် ရန်ပုံငွေ အရှုပ်တော်ပုံမှာ ဧရာဝတီတိုင်းဒေသကြီးတွင်ဖြစ်သည်။

ယခင် ဧရာဝတီတိုင်းဒေသကြီး ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဖြစ်သူ ဧရာဝတီ တိုင်းအစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဦးသိန်းအောင်ကလည်း တိုင်းဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်းပေါင်း ငါးသောင်းမှ ခုနစ်သောင်းအထိ စာရင်းမရှိ သုံးစွဲခဲ့ကြောင်း လက်ရှိ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ထုတ်ပြန် ပြောဆိုထားသည်။

အဆိုပါ ရန်ပုံငွေများသည် ဧရာဝတီတိုင်းဒေသကြီး ရန်ပုံငွေအဖြစ် တိုင်းဒေသကြီး၏ ဆောက်လုပ်ရေး လုပ်ငန်းများ တင်ဒါပေးရာ၌ တင်ဒါစွဲသူများသည် တစ်ရာခိုင်နှုန်းကို ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ပေးသွင်းရသော ငွေများဖြစ်သည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကို The Voice က ဆက်သွယ်မေးမြန်းရာတွင် “ယခု NLD အစိုးရအဖွဲ့က ထုတ်ဖော်ပြောဆိုနေတဲ့ တိုင်းအစိုးရအဖွဲ့ဟောင်းတွေနဲ့ သက်ဆိုင်တဲ့ ငွေကြေးကိစ္စရပ်တွေကို မေ ၁၂ ရက်နေ့မှာ ပါတီလူကြီးတွေက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားဖို့ စီစဉ်ထားတယ်”ဟု ပြန်လည် ဖြေကြားသည်။

The Voice

No comments:

Post a Comment