Latest News

Friday, May 26, 2017

ဒေါ်အောင်ဆန်းစုကြည်က အသက်ကြီးပြီဆိုတာ မှန်ပေမယ့် သူ့ဝတ်စားဆင်ယင်ပုံက အမြဲစတိုင်ကျတယ်..

ဒေါ်အောင်ဆန်းစုကြည်က အသက်ကြီးပြီဆိုတာ မှန်ပေမယ့် သူ့ဝတ်စားဆင်ယင်ပုံက အမြဲစတိုင်ကျတယ်..

ဘယ်နေရာမှာ ဘာဝတ်ရမယ်ဆိုတာ ပြောတော့သာ လွယ်ပေမယ့် တကယ့်တကယ်တမ်းက ဖက်ရှင်ကျအောင် မျက်စိပဒသဖြစ်အောင် လူတိုင်းမဝတ်တတ် မစားတတ်ကြပါဘူး..

ဗီရိုထဲ အဝတ်တွေပြည့်နေပေမယ့် အပြင်သွားခါနီးတိုင်း ဝတ်စရာမရှိဘူး၊ ဘာဝတ်ရမှန်း မသိဘူး ငြီးမိနေကျမိန်းကလေးတစ်ယောက်အနေနဲ့ ဒါတွေဟာ မလွယ်မှန်း ပိုသိပါတယ်..

အိုအေ.. နိုင်ငံခေါင်းဆောင်တစ်ယောက်ကို သူ့အဝတ်အစား အပြင်အဆင်ထက် ဒီ့ထက်အရေးပါတဲ့ သူလုပ်နေတာတွေ၊ သူ့ရဲ့ဉာဏ်ကြီးမှုတွေ ပြောပါလားဆိုရင် ရေသည်ယောက်ျားဖြေသလို မင်းကြီးပေးတဲ့ ပဲဝက်အသပြာလည်း ယူပါ့မယ်၊ ကျွန်တော်မျိုးရဲ့ ပဲဝက်အသပြာလည်း ယူပါရစေဆိုတာမျိုးသာ ဖြေရမှာပဲ..

DASSK ဉာဏ်ပညာကြီးမားတာ၊ စကားအပြောအဆို လိမ္မာပါးနပ်တာ၊ တိုင်းပြည်အပေါ် မေတ္တာထားတာ ဒါတွေလည်း အထင်ကြီးလေးစားမိသလို ဝတ်တတ်စားတတ်တာလေးတော့ဖြင့်လည်း ချီးကျူးမိချင်ပါသေးတယ်..

အထူးသဖြင့် Smart ကျကျ နေတတ်စားတတ်ဖို့ဆိုတာ ပိုက်ဆံရှိတိုင်း ဖြစ်နိုင်တာမှ မဟုတ်ဘဲနော်.. နမူနာဆို တခါသား Facebook ပေါ် တက်လာတဲ့ ဟိုလူကြီးအိမ် ကြည့်ပါလား.. ကျောက်ဖြူတွေ ခင်းထားတဲ့ဆီ ရွှေရောင် ကတ္တီပါဖုံခင်းထားတဲ့ ထိုင်ခုံကြီးနဲ့.. နောက်မယ် ကောင်းပေ့ညွှန့်ပေ့ဆိုတဲ့ ခန်းဆီကန့်လန့်ကာတွေ.. အကုန်လုံးဟာ ဈေးကြီးမှန်း သိသာတယ်၊ အကောင်းစားမှန်း သိသာတယ်.. ဒါပေမယ့် ဘယ်နားကမှ အဆီအငေါ်တည့်တယ်လို့ မခံစားရဘူး..

အဲ့သလို ကောင်းပေ့ညွှန့်ပေ့ဆိုတဲ့ ဈေးကြီးသမျှ နိုင်ငံခြားဖြစ်တွေ ထည့်ထားတာတောင် သူ့အိမ်ကြီးက မိုက်လိုက်တာ၊ လန်းလှချည်ရဲ့လားလို့ ပြောမိဖို့ ဝေးလို့ ဘာရုပ်မှလည်း မပေါက်ဘူး၊ ပိုက်ဆံတွေသာ နှမျောစရာလို့ တွေးမိတာ... ပိုက်ဆံကလွဲရင် ဘာမှ မရှိတဲ့လူတွေဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ..

ဟော.. DASSK ကျတော့ စိန်ဘယက်ကြီးတဖျတ်ဖျတ်လတ်နေအောင် မဆွဲဘဲကို စတိုင်ကျနေတာ.. သူကြီးသားတွေ ပိုက်ဆံရှိလို့ သူရော သူ့မိန်းမပါ တစ်ကိုယ်လုံး ရွှေတွေ ညွှတ်လို့ ရွှေဝတ်စုံ ဝတ်တောင် ပုံတုံးကြီးပဲ ရှိတာမဟုတ်လား.. စိန်စီသောည ကြည့်ဖူးရင် ပိုတောင်သိသာသေး.. လက်သည်းခွံလောက်ရှိတဲ့ ရှေးတစ်လုံးစိန်ကြီးတွေ တကိုယ်လုံးဝတ်ထားတာတောင် စတိုင်ကျလိုက်တာလို့ ဘယ်နားကမှ မခံစားရခဲ့ဘူး မဟုတ်လား.. ခုမှ ထီပေါက်လို့ branded ဖြစ် ပြီးရောဆိုတာမျိုးတွေကိုကျ ရယ်ချင်စိတ်က ထိန်းမရပြန်ဘူး..

DASSK ကျတော့ ရိုးရိုးကျောက်ထည်လေးတွေ ငွေထည်ဘယက်လေးတွေ ကျောက်ပုတီးလေးတွေ ရွှေပါးပါးနဲ့ ခတ်ထားတဲ့လည်ဆွဲလေးတွေ ဆွဲထားတာတောင် အမြဲကြည့်လိုက်တိုင်း ပနံရနေတာပဲ.. သူ့လက်နဲ့ ထိလိုက်တိုင်များ တန်ဖိုးတွေ စွတ်တက်ကုန်လားလည်း မသိပါဘူး.. ဟိုတခါ ငြိမ်းချမ်းရေးပွဲမယ် ဆွဲသွားတဲ့ ကျောက်လည်ဆွဲနဲ့ ကျောက်ပြားနားကပ်ဘဲဥပုံ အပြာရောင်ကိုဆို သိန်းထောင်ဂဏန်းတန်မယ် ထင်နေတဲ့သူတွေတောင် ရှိသေးတယ်.. 😂

 နောက်ပြီး သူမက ဈေးကြီးတဲ့ ကြိုးကြီးချိတ်တွေအပြင် တစ်ကွင်းမှ သောင်းဂဏန်းမပြည့်တဲ့ ချည်ထည်ထမိန်လေးတွေဆိုလည်း စတိုင်ကျအောင် ဝတ်တတ်သေးတာ.. တခါတခါများဆို သဘောကျလွန်းလို့ အမေ့ထမိန်လေးတစ်ထည်လောက် စွန့်ပါလို့တောင် အပြေးအလွှား အမွေတောင်းပစ်ချင်စိတ်ပေါက်တဲ့အထိ..

သွေးမတော် သားမစပ် သူတစိမ်းကို ကိုယ်နဲ့ ဘာမှမဆိုင်ဘဲ ဘာအကျိုးမှ မမျှော်ကိုးဘဲ ဒီလောက်ထိ အမေ့ထမိန်ဘုန်းတော်ဘွဲ့ ဖွဲ့မဆုံးဖြစ်နေတယ် ပြောလည်း ခံရမှာပဲ.. ပြည်သူတစ်ယောက်အနေနဲ့ DASSK ကို သဘောကျမဆုံး ချစ်မဆုံးတာ ကိုယ့်ရင်ထဲက အမှန်တရားလေ.. ❤️

Written by Poe Phyu Thant (မယ်ပိုး)

No comments:

Post a Comment