မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့၏ မြောက်ဘက်ပိုင်းအား ရမ်ဆာဒေသအဖြစ် သတ်မှတ်ကြေညာ
နေပြည်တော် မတ် ၉
မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့၏ မြောက်ဘက်ပိုင်းအား နိုင်ငံတကာအဆင့် အရေးပါ သည့် ရမ်ဆာဒေသ အဖြစ် ရမ်ဆာကွန်ဗင်းရှင်းမှ မေ ၁၀ ရက်တွင် သတ်မှတ် ကြေညာမည်ဖြစ်သည်။
အဆိုပါ ရမ်ဆာဒေသသည် ဧရိယာ အားဖြင့် ၄၅,၀၀၀ ဟက်တာခန့် ကျယ်ဝန်းသော မွန်ပြည်နယ် စစ်တောင်းမြစ်ဝမှစ၍ ကျိုက်ထိုနှင့် ဘီလင်းမြို့နယ် အရှေ့ဘက်မြစ်ဝှမ်းဒေသ ကမ်းခြေ တ လျောက် ကျယ်ပြန့်ပြီး ရမ်ဆာမှ သတ်မှတ် ထားသည့် ရမ်ဆာရေဝပ် ဒေသစံချိန်စံညွှန်း (၉)ချက် အနက် (၆)ချက် ကိုက်ညီသော ဒေသဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ရမ်ဆာဒေသ အဖြစ် သတ်မှတ် ခြင်းဖြစ်သည်။
ကမ္ဘာပေါ်ရှိ ရေဝပ်ဒေသ ၂၂၀၀ ကျော်အား ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ် နိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ ကချင်ပြည်နယ်ရှိ အင်းတော်ကြီးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော နှင့် ဧရာဝတီတိုင်းဒေသကြီးရှိ မိန်းမလှကျွန်း တောရိုင်းတိရိစ္ဆာန် ဘေးမဲ့ တောများကို ရမ်ဆာ ဒေသများအဖြစ် သတ်မှတ်နိုင်ခဲ့သည်။
ထို့ပြင်မုတ္တမပင်လယ်ကွေ့ဒေသသည်ကမ္ဘာပေါ်ရှိ မြစ်ဝှမ်းများအနက် အလွန်တ ရာမှ သက်ဝင် လှုပ်ရှားပြောင်းလဲနေသော မြစ်ဝှမ်းဒေသတစ်ခုဖြစ်သည့်အပြင် ကမ္ဘာပေါ်ရှိ ရွံ့နွံ့ထူထပ်သည့် လတာပြင်များ အနက် အကြီးမားဆုံးသော လတာပြင် တစ်ခု ဖြစ်သည့်အတွက် ကမ္ဘာအဆင့် တန်ဖိုးထား ထိန်းသိမ်း ကာကွယ်ရမည့် နေရာ တစ်ခုလည်း ဖြစ်သည်။
ရန်ကုန်၊ သံလွင်နှင့် စစ်တောင်းမြစ်တို့မှ အနည်အနှစ်များနှင့် အာဟာရဓါတ်များ ရရှိသည့် အဆိုပါပင် လယ်ကွေ့ဒေသသည် ကျောရိုးမဲ့သတ္တဝါများပေါကြွယ်ဝစေကာ ဆောင်းခိုငှက် ၁ သိန်း ခွဲခန့်ကို အစာရေစာ ပေးဝေနိုင်ပြီး မျိုးသုန်းအန္တရာယ်ရှိ သည့် ရေညှောင့်နှုတ်ဝိုင်းငှက်များအတွက် ဆောင်းခိုရန် ကမ္ဘာ့အရေးကြီး ဆုံးသော နေရာများ အနက် တစ်ခုအပါအ၀င်ဖြစ်ကာ တစ်ကမ္ဘာလုံး ကောင် ရေ ထက်ဝက်ခန့့်  ဆောင်း ခိုနေထိုင်ပြီး ရေလုပ်သား ထောင်ပေါင်း များစွာ၏ အသက်မွေးဝမ်းကြောင်းကို အထောက် အပံ့ပေးသော နေရာတစ်ခုလည်း ဖြစ်သည်။
အဆိုပါရမ်ဆာဒေသ၏ ထူးခြားချက်တစ်ရပ်မှာ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အစိုးရမှ သတ်မှတ်ထားသော သဘာဝထိန်းသိမ်းရေးနယ်မြေမဟုတ်သည့် ဧရိယာတွင် သတ်မှတ် ထားခြင်းဖြစ်သည့်အတွက် ဒေသအစိုးရ၊ ဒေသခံ များနှင့် INGO/ NGO များ ပူးပေါင်း၍ ရမ်ဆာ စံချိန်စံညွှန်းနှင့် အညီ စီမံအုပ်ချုပ်သည့် ရမ်ဆာနယ်မြေအဖြစ် ကြိုးစားဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
ထို့သို့ ရမ်ဆာဒေသအဖြစ်သတ်မှတ်နိုင်ရေးအတွက် ဒေသခံများ၊ မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် Swiss Agency for Development and Cooperation (SDC) ၏အထောက်အပံ့ဖြင့် ဆောင်ရွက်နေသည့် “မုတ္တမပင်လယ် ကွေ့ဒေသ ရပ်ရွာအခြေပြု ကမ်းရိုးတန်း စီမံခန့်ခွဲမှု စီမံချက်” ကို အကောင်အထည်ဖော်နေသည့် အပြည် ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ (IUCN) တို့မှ အကြံပြု ဆွေးနွေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ပြီး သယံဇာတနှင့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ အတည်ပြုချက်ဖြင့် အမည်စာရင်း တင်သွင်းခဲ့ခြင်း ဖြစ် သည်။
ရမ်ဆာကွန်ဗင်းရှင်းရုံးအဖွဲ့မှ Dr. Lew Young ၊ Senior Advisor for Asia-Oceania ကလည်း ရမ်ဆာကွန်ဗင်းရှင်းအနေဖြင့် မုတ္တမပင်လယ်ကွေ့ဒေသ၏ အရှေ့ ဘက်ခြမ်းကို လည်း ရမ်ဆာဒေသအဖြစ် တိုးချဲ့သတ်မှတ် ပြီးစီးမှုကို နှစ်လိုအားရစွာဖြင့် မြင်တွေ့လိုပါ ကြောင်း၊ ဤဒေသသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော လတာ ပြင်ဖြစ်ပြီး ဤကဲ့သို့ သော ဂေဟစနစ်မှာလည်း လယ်ယာမြေနှင့် အခြားမြေအဖြစ် ပြောင်းလဲအသုံးချခြင်းများ ကြောင့်လည်းကောင်း ဖွံ့ဖြိုးရေးလုပ်ငန်း များကြောင့် လည်းကောင်း ကမ္ဘာ့တစ်ဝန်းတွင် ပျက်စီးယိုယွင်းလျက် ရှိပါကြောင်း၊ ယခုကဲ့သို့ ရမ်ဆာဒေသအဖြစ် သတ်မှတ်နိုင်ခြင်း သည်လည်း မြန်မာနိုင်ငံအနေဖြင့် ပြည်သူ နှင့်ပတ်ဝန်းကျင်အတွက် တန်ဖိုးရှိသော ဂေဟစနစ်နှင့် ၎င်းတို့ ၏ ဝန်ဆောင်မှုများကို ကာကွယ်ထိန်းသိမ်းမည်ဆိုသည့် ကတိကဝတ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ဤဒေသရှိ ဒေသတွင်း အသက်မွေးဝမ်း ကြောင်းအ တွက် အရေးပါမှုကို ထည့်သွင်းစဉ်းစားခြင်းဖြင့် စီမံအုပ်ချုပ်မှု အစီအစဉ်ရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်မှုများတွင်လည်း ဒေသခံပြည်သူများ၏ ပူးပေါင်း ဆောင်ရွက်မှုများကို မြင်တွေ့လိုပါကြောင်း သတင်းပါးခဲ့သည်။
မြန်မာနိုင်ငံသည် မိမိနိုင်ငံရှိရေဝပ်ဒေသများကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်း ကာကွယ်ရန် ရည်ရွယ်၍ ရမ်ဆာကွန်ဗင်းရှင်း(Ramsar Convention) အဖွဲ့ဝင် နိုင်ငံအဖြစ် ၂၀၀၅ ခုနှစ်၌ ဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့၏ မြောက်ဘက်ပိုင်းအား စတုတ္ထမြောက်ရမ်ဆာဒေသ (Ramsar Site) အဖြစ် သတ်မှတ် နိုင်ခြင်း အထိမ်းအမှတ်အခမ်းအနားကို International Union for Conservation of Nature (IUCN) နှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ မွန်ပြည်နယ်၌ ယခုလ အတွင်း ကျင်းပပြုလုပ်မည်ဖြစ် ကြောင်းသိရသည်။
မောင်သစ်တော(ပြန်/ဆက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment