အချစ်အတွက် တော်ဝင်မိသားစုဝင် ဂုဏ်ပုဒ်ကို စွန့်လွှတ်မည့် ဂျပန်မင်းသမီး
ဂျပန် တော်ဝင်မိသားစုမှ မင်းသမီး တစ်ပါးသည် သာမန် အရပ်သား တစ်ဦးကို လက်ထပ်ရန် သူမ၏ တော်ဝင် ဂုဏ်ပုဒ်ကို စွန့်လွှတ်သွားမည်ဟု သိရသည်။
အသက် ၂၅ နှစ်ရှိ မင်းသမီး မာကိုသည် ဂျပန်ဘုရင် အေကီဟီတို၏ အကြီးဆုံး မြေးတော်လည်း ဖြစ်သည်။ သူမသည် ပညာအတူသင်ရင်း တွေ့ဆုံခဲ့သည့် ဥပဒေ ကုမ္ပဏီ ဝန်ထမ်း တစ်ဦးဖြစ်သော သက်တူရွယ်တူ ကိုင်ကိုမူရိုကို လက်ထပ်ရန် ဆုံးဖြတ်ခဲ့သည်။
ဂျပန်နန်းတွင်း ဥပဒေအရ တော်ဝင်မိသားစုဝင် မင်းညီမင်းသားများသည် သာမန် အရပ်သားများကို လက်ထပ်ခွင့် မရှိချေ။ အကယ်၍ လက်ထပ်ခဲ့ပါက တော်ဝင် မိသားစု စံသတ်မှတ်ချက် ဘွဲ့ထူး ဂုဏ်ထူးများကို လက်လွတ် ဆုံးရှုံးရမည် ဖြစ်သည်။
ဂျပန်တွင် တော်ဝင်မိသားစုတွင်း ထီးနန်းဆက်ခံရန် အကျပ်အတည်းများ ရှိနေပြီး မိသားစုဝင် အရေအတွက် နည်းပါးလာခြင်းအပေါ် ဝေဖန်မှုများ ရှိနေချိန်၌ ယခုကိစ္စ ထပ်မံ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ မင်းသမီး မာကိုသည် တိုကျိုရှိ နိုင်ငံတကာ ခရစ်ယာန် တက္ကသိုလ်တွင် ပညာအတူသင်ကြားရင်း ကိုမူရိုနှင့် စတင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ဂျပန်မီဒီယာများက မာကို၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အချစ်အတွက် တော်ဝင်ဘဝကို စွန့်လွှတ်မည့် မင်းသမီးဟု ညွှန်းဆို ရေးသားခဲ့ကြသည်။ ၎င်းတို့နှစ်ဦး စေ့စပ်ကြောင်းလမ်းမည့် ကိစ္စနှင့် ပတ်သက်၍ မေးမြန်းသည့်အခါ ကိုမူရိုက “လောလောဆယ်တော့ ဒီအကြောင်းတွေကို မှတ်ချက် မပေးချင်သေးပါဘူး။ ဒါပေမဲ့ သင့်တော်တဲ့ အချိန်ကျရင် ကျွန်တော် အသိပေးပါ့မယ်”ဟု တုံ့ပြန် ဖြေကြားခဲ့သည်။
နန်းတော်ကလည်း မင်းသမီး မာကို၏ စေ့စပ်ကြောင်းလမ်းမှု အစီအစဉ်ကို စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း CNN သတင်းဌာနသို့ အတည်ပြုချက် ပေးခဲ့သည်။
ဂျပန်၏ နန်းတွင်းရေးမှာ အနာဂတ် မရေရာမှုများနှင့် အငြင်းပွားစရာ ဖြစ်နေသည်။ ပြီးခဲ့သည့်နှစ် ဩဂုတ်လက သက်တော် ၈၃ နှစ်အရွယ် ဘုရင်ကြီး အာကီဟီတိုက အသက်အရွယ်ကြောင့် ၎င်း၏ တော်ဝင် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန် ခက်ခဲနေပြီး အရိုက်အရာ လွှဲအပ်ရန် စဉ်းစားနေကြောင်း အရိပ်အမြွက် ပြောကြားခဲ့ဖူးသည်။
Ref: CNN
7Day News
Wednesday, May 17, 2017
အချစ်အတွက် တော်ဝင်မိသားစုဝင် ဂုဏ်ပုဒ်ကို စွန့်လွှတ်မည့် ဂျပန်မင်းသမီး
အချစ်အတွက် တော်ဝင်မိသားစုဝင် ဂုဏ်ပုဒ်ကို စွန့်လွှတ်မည့် ဂျပန်မင်းသမီး
Reviewed by Ar Ti
on
11:43 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment