Latest News

Thursday, May 4, 2017

ကမ္ဘာ့အဝဆုံး အမျိုးသမီး ကုသမှုဆက်လက်ခံယူရန် ယူအေအီသို့ ထွက်ခွာ

ကမ္ဘာ့အဝဆုံး အမျိုးသမီး ကုသမှုဆက်လက်ခံယူရန် ယူအေအီသို့ ထွက်ခွာ

အိန္ဒိယဆေးရုံက ဆရာဝန်တွေ ပြောနေသကဲ့သို့ ကိုယ်အလေးချိန်မှာလည်း များစွာလျော့ကျသွားခြင်း မရှိကြောင်း အီမန်ရဲ့အစ်မဖြစ်သူက ပြောပါတယ်။

အီဂျစ်နိုင်ငံမှ ကမ္ဘာ့အဝဆုံး အမျိုးသမီးဟာ အိန္ဒိယမှာ ကိုယ်အလေးချိန်လျှော့ချရန် ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် ယခုအခါ ဆက်လက် ကုသမှုခံယူရန်အတွက် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (UAE) သို့ မေလ ၄ ရက်က ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။ အီမန် အာမက် အဗ္ဗဒူလ်လတ်တီကို ခွဲစိတ်ကုသပေးခဲ့ပြီးနောက် ကိုယ်အလေးချိန်ထက်ဝက် လျှော့ချနိုင်ခဲ့ကြောင်း အိန္ဒိယဆေးရုံမှ ဆရာဝန်တွေက ပြောထားပါတယ်။ မူလက အီမန်ရဲ့ ကိုယ်အလေးချိန်ဟာ ပေါင် ၁,၁၀၀ ဝန်းကျင်ဖြစ်ကြောင်း သိရပါတယ်။

အီမန်ကို UAE သို့ ရွှေ့ပြောင်းကုသမှုအပေါ် သူမကိုခွဲစိတ်ကုသပေးခဲ့တဲ့ အိန္ဒိယဆေးရုံမှ ဆရာဝန်နဲ့ သူမရဲ့မိသားစုကြား သဘောထားကွဲလွဲမှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ အီမန်ကို ခွဲစိတ်ကုသပေးခဲ့တဲ့ ဆရာဝန်က သူမကို ရွှေ့ပြောင်းမှုဟာ မှားယွင်းကြောင်း ပြောပါတယ်။ အီမန်ရဲ့အစ်မဖြစ်သူ Shaimaa Selim က အိန္ဒိယဆေးရုံမှာ အီမန်ကို ခွဲစိတ်ကုသမှုနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှတစ်ဆင့် ဗီဒီယိုထုတ်လွှင့် ပြောကြားမှုရှိခဲ့ပါတယ်။

အီမန်ရဲအစ်မဖြစ်သူက အီမန်ဟာ အိန္ဒိယမှာ ခွဲစိတ်ကုသခဲ့ပေမဲ့ စကားမပြောနိုင်၊ လမ်းမလျှောက်နိုင်သေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အိန္ဒိယဆေးရုံက ဆရာဝန်တွေ ပြောနေသကဲ့သို့ ကိုယ်အလေးချိန်မှာလည်း များစွာလျော့ကျသွားခြင်း မရှိကြောင်း အီမန်ရဲ့အစ်မဖြစ်သူက ပြောပါတယ်။ အီမန် ခွဲစိတ်ကုသမှုခံယူခဲ့တဲ့ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ Saifee ဆေးရုံကတော့ အီမန်ရဲအစ်မဖြစ်သူ ပြောကြားမှုတွေကို အပြင်းအထန် ငြင်းဆိုခဲ့ပါတယ်။

အီမန်ရဲ့အစ်မဖြစ်သူက သူမကို လမ်းပြန်လျှောက်နိုင်တဲ့အထိ ဆေးရုံမှာ ဆက်လက်နေစေလိုခဲ့ကြောင်း၊ သို့သော် အီမန်ဟာ လမ်းပြန်လျှောက်လာနိုင်မှာ မဟုတ်တော့ကြောင်း အရိုးအထူးကုက ပြောခဲ့တယ်လို့ သူမကို ခွဲစိတ်ကုသပေးခဲ့တဲ့  ဒေါက်တာမက်ဖိုင်ဇယ် လက်ဒါဝါလာက အိန္ဒိယသတင်းဌာနတွေကို ပြောပါတယ်။

အီမန်ကို စီစဉ်ထားတဲ့အတိုင်း ကုသမှုတွေ ဆက်မလုပ်ရသေးကြောင်းနဲ့ ဆေးရုံမှထွက်ခွာသွားမှုအတွက် စိတ်မကောင်းဖြစ်ရကြောင်း ဒေါက်တာမက်ဖိုင်ဇယ်က ဆိုပါတယ်။ ကမ္ဘာ့အဝဆုံးအမျိုးသမီးဖြစ်ခဲ့တဲ့ အီမန်ဟာ မွေးကင်းစမှာကတည်းက ကိုယ်အလေးချိန် ၁၁ ပေါင်ရှိခဲ့ပြီး ဆက်လက် ဝဖြိုးလာခဲ့ကာ မိန်ကလေးငယ်အရွယ်မှာ လမ်းလျှောက်ရန်ပင် ခက်ခဲလာခဲ့ပါတယ်။

နောက်ပိုင်းမှာ လေဖြတ်သွားခဲ့ရာက အိပ်ရာထဲမှ မထနိုင်ဖြစ်သွားခဲ့ရာ ကိုယ်အလေးချိန် လျော့ကျအောင် မည်သို့မျှ လုပ်ဆောင်နိုင်ခြင်း မရှိတော့ဘူးလို့ ဆိုပါတယ်။အီမန်ဟာ ဝလွန်းတာကြောင့် နေအိမ်ပြင်ပကို ၂၅ နှစ်ကြာ မထွက်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
Source & Photo: AFP:Duwun

No comments:

Post a Comment