Latest News

Wednesday, May 31, 2017

အမေရိကန် ဒုံးခွင်းစနစ်၏ လောင်ချာသစ်များ ရောက်ရှိမှုအား တောင်ကိုရီးယားစစ်ဘက်က သမ္မတသစ်ကို လျှို့ဝှက်ထားခဲ့

အမေရိကန် ဒုံးခွင်းစနစ်၏ လောင်ချာသစ်များ ရောက်ရှိမှုအား တောင်ကိုရီးယားစစ်ဘက်က သမ္မတသစ်ကို လျှို့ဝှက်ထားခဲ့


အမေရိကန်၏ အငြင်းပွားဖွယ် အဆင့်မြင့်ဒုံးခွင်းစနစ် Terminal High Altitude Area (THAAD) ၏ လောင်ချာသစ်များ ရောက်ရှိမှုအကြောင်းအား တောင်ကိုရီးယား စစ်ဘက်တာဝန်ရှိသူများက သမ္မတသစ်မွန်း ဂျေအင်းကို အစီရင်မခံဘဲ ရည်ရွယ်ချက်ရှိရှိ လျှို့ဝှက်ထားခဲ့ကြောင်း သမ္မတရုံးက မေ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယခုလအတွင်း သမ္မတရာထူး စတင်ရယူခဲ့ပြီးနောက် မကြာမီ မွန်းထံတင်ပြသော မှတ်တမ်းများတွင် THAAD စနစ်၏ ဒုံးပစ်လောင်ချာသစ်လေးခု ရောက်ရှိနေကြောင်း ဖော်ပြထားသည့်အချက်ကို ဖယ်ရှားထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်ထံမှ ပြင်းပြင်းထန်ထန် ကန့်ကွက်မှု ရှိနေသော်လည်း တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများမှ ကာကွယ်နိုင်ရန်အတွက် အမေရိကန် ဒုံးခွင်းစနစ်အား ချထားရန် ပြီးခဲ့သောနှစ်တွင် သဘောတူခဲ့ခြင်းဖြစ်သည်။

နိုင်ငံတောင်ပိုင်းရှိ ဆောင်ဂျူကောင်တီတွင် ယင်းဒုံးခွင်းစနစ်၏ ဒုံးပစ်လောင်ချာနှစ်ခု ချထားပြီးဖြစ်ပြီး နောက်ထပ်လောင်ချာ လေးခုလည်း ရောက်ရှိနေသည်ဟု ယူဆရသော်လည်း ကြေညာခဲ့ခြင်း မရှိသေးပေ။ သို့သော် ပြီးခဲ့သော သီတင်းပတ်တွင် မွန်း၏အမျိုးသားလုံခြုံရေး အကြံပေးထံ အစီရင်ခံရသည့် စစ်ဘက်ထိပ်တန်း တာဝန်ရှိသူများက ဒုံးပစ်လောင်ချာသစ်များ ရောက်ရှိမှု သို့မဟုတ် နိုင်ငံထဲ၌ အမှန်တကယ် ရှိနေသည့် လောင်ချာ စုစုပေါင်း အရေအတွက်ကို ရည်ရွယ်ချက်ရှိရှိ ဖော်ပြခဲ့ခြင်းမရှိကြောင်း မွန်း၏ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

စိစစ်အကြံပြုရေး တာဝန်ရှိသူများက ရေးသားခဲ့သော မူရင်းအကျဉ်းချုပ် အစီရင်ခံစာတွင် ယင်းရည်ညွှန်းချက်များ ပါဝင်ခဲ့ကြောင်း၊ သို့သော် နောက်ပိုင်းတွင် ၎င်းတို့၏ ကြီးကြပ်သူများက ပြန်လည်ပယ်ဖျက်ခဲ့ကြောင်း ယင်းပြောခွင့်ရပုဂ္ဂိုလ် ယွန်းယန်းချန်းက ပြောကြားခဲ့သည်။ ယင်းအစီရင်ခံစာ ရေးသားမှုတွင် ပါဝင်ခဲ့သော စစ်ဘက်တာဝန်ရှိသူအားလုံးက တည်းဖြတ်မှု၌ ယင်းအဓိကကျသော အကြောင်းအရာများကို ဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း ၀န်ခံခဲ့ကြသည်ဟု ယွန်းက ပြောကြားခဲ့သည်။ သမ္မတမွန်းက မေ ၃၀ ရက်တွင် ဖုန်းဆက်ချိန်မှသာ ကာကွယ်ရေးဝန်ကြီး ဟန်မင်ကိုကလည်း ဒုံးလောင်ချာသစ်များ ရှိနေသည့် အကြောင်းကို နောက်ဆုံးတွင် ၀န်ခံခဲ့သည်ဟု ယွန်းက ပြောခဲ့သည်။

ဟန်အား ဖြုတ်ချခံ သမ္မတပက်ကွမ်ဟီးက ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး မွန်းက ကာကွယ်ရေးဝန်ကြီးသစ်အား မခန့်အပ်ရသေးပေ။ ဒုံးလောင်ချာသစ်များသည် မွန်းက မေ ၁၀ ရက်တွင် သမ္မတရာထူးမယူသေးမီ တောင်ကိုရီးယားသို့ ရောက်ရှိခဲ့ပြီး လတ်တလောတွင် တောင်ကိုရီးယားရှိ အမေရိကန် စစ်ဘက်စခန်း၌ သိုလှောင်ထားကြောင်း မွန်း၏ရုံးက ထုတ်ပြန်ခဲ့သော်လည်း အသေးစိတ် မဖော်ပြခဲ့ပေ။ ယင်းဒုံးခွင်းစနစ် ချထားမည့်ကိစ္စအား ဆိုင်းငံ့ထားရန် လိုလားကြောင်း၊ ယင်းချထားမည့် အစီအစဉ်အား အပြည့်အ၀ မလုပ်ဆောင်မီ ပါလီမန်တွင် ဆွေးနွေးသင့်ပြီး အတည်ပြုသင့်ကြောင်း မွန်းက ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment