Latest News

Thursday, May 11, 2017

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးတွင် နှစ်စဉ် နိုင်ငံတော်မှ ဘဏ္ဍာငွေ ကျပ် ၃၃၃ ဘီလျံ စိုက်ထုတ်သုံးစွဲ နေရသောကြောင့် လက်ရှိသတ်မှတ်နှုန်းထားများ ပြောင်းလဲရန်ရှိ

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးတွင် နှစ်စဉ် နိုင်ငံတော်မှ ဘဏ္ဍာငွေ ကျပ် ၃၃၃ ဘီလျံ စိုက်ထုတ်သုံးစွဲ နေရသောကြောင့် လက်ရှိသတ်မှတ်နှုန်းထားများ ပြောင်းလဲရန်ရှိ

တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် နှစ်စဉ်နိုင်ငံတော် ဘဏ္ဍာငွေ ကျပ် ၃၃၃ ဘီလျံစိုက်ထုတ် သုံးစွဲနေရပြီး လက်ရှိသတ်မှတ်ထားသည့် နှုန်းထားများ ပြောင်းလဲရန်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်က ပြောကြားသည်။

မေ ၁၁ ရက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် လစဉ်ပြုလုပ်သည့် သတင်းထုတ်ပြန်သည့် အခမ်းအနားတွင် သတင်းထောက် တစ်ဦးက လျှပ်စစ်နှုန်းထားများပြောင်းလဲရန် ရှိ၊ မရှိေ မးမြန်းသည့်အပေါ် အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က “ကျွန်တော်တို့ ပြုပြင်မယ်။ ပြောင်းလဲမယ်။ ကျွန်တော်တိုးမယ်လို့ မပြောဘူး။ ကျွန်တော်တို့ လက်ရှိသတ်မှတ်ထားတဲ့ နှုန်းထားကို ပြောင်းလဲဖို့ရှိတယ်။ ဒီအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့တွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို ဖိတ်တယ်။ သူတို့သည် ပြည်သူက ရွေးချယ်ထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူ့အသံကို သူတို့အသိဆုံး။ ဒါကြောင့် ဖြစ်သင့်ဖြစ်ထိုက်တဲ့၊ သတ်မှတ်သင့် သတ်မှတ်ထိုက်တဲ့ဟာကို ကျွန်တော်တို့ သတ်မှတ်နိုင်ဖို့အတွက် ပြည်သူနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရယ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး ၀န်ကြီးက အဖွဲ့အစည်းတွေရယ် ခေါ်ယူဆွေးနွေးနေတာ ဖြစ်ပါတယ်။ အမြင်အားလုံးစုံအောင် လုပ်ပါ့မယ်” ဟု ဆိုသည်။

လက်ရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အထိ မီးလင်းပြီး အိမ်ထောင်စု အရေအတွက် ၄,၀၇၉,၂၅၈ စုရှိသည့်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၃၇ ဒသမ ၅ ရာခိုင်နှုန်း မီးလင်းနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“ကျွန်တော်တို့ တစ်နှစ်ကို နိုင်ငံတော်အနေနဲ့ ဘယ်လောက်စိုက်ထုတ် သုံးစွဲနေရသလဲဆိုတော့ ၃၃၃ ဘီလျံ ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်ဘဏ္ဍာငွေကနေ စိုက်ထုတ်သုံးစွဲနေတာ။ လက်ရှိမှာတော့ ကျေးရွာပေါင်း ၃၇ ရာခိုင်နှုန်း မီးလင်းပြီ ဖြစ်ပါတယ်” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဘဏ္ဍာနှစ်အလိုက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မီးလင်းသည့် ကျေးရွာများ တိုးတက်လာခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၈၈၇၂ ရွာ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မီးလင်းပြီး ကျေးရွာ ၁၀၇၀၀ ကျော်ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment