မြောက်ကိုရီးယားဒုံးပျံသစ်က မကြုံစဖူး အကွာအဝေးအထိ ရောက်ရှိခဲ့ဟု ကျွမ်းကျင်သူများ ပြောကြား
မြောက်ကိုရီးယားက ၎င်းတို့၏ နောက်ဆုံး ဒုံးပျံသစ်တစ်မျိုးအား ပစ်လွှတ်စမ်းသပ်မှုသည် အောင်မြင်ခဲ့ကြောင်း မေ ၁၅ ရက်တွင် ကြေညာခဲ့ချိန်၌ ယင်းဒုံးပျံသစ်သည် ပစိဖိတ်ဒေသရှိ အမေရိကန်စစ်စခန်းများအထိ မကြုံစဖူး အကွာအဝေးသို့ ရောက်ရှိနိုင်ကြောင်း ပြသခဲ့သည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။ မေ ၁၄ ရက်တွင် ပစ်လွှတ်ခဲ့သော ယင်းဒုံးပျံသည် Hwasong-12 ဟု အမည်ပေးထားပြီး မြေပြင်မှ မြေပြင်ပစ် တာလတ် တာဝေးပစ် မဟာဗျူဟာမြောက် ပဲ့ထိန်းဒုံးဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရ သတင်းအေဂျင်စီ (KCNA) က ဖော်ပြခဲ့သည်။
ယင်းဒုံးပစ်လွှတ်မှုအား ခေါင်းဆောင် ကင်ဂျုံအွန်က ကိုယ်တိုင်ကြီးကြပ်ခဲ့ပြီး ဒုံးပစ်လွှတ်သည့် ကွင်းပြင်တွင် တာဝန်ရှိသူများကို ပွေ့ဖက်နှုတ်ဆက်၍ ချီးကျူးခဲ့ကြောင်း သိရသည်။ ယင်းဒုံးအား ပုံမှန်မဟုတ်သော အာကာသလမ်းကြောင်းထဲသို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး အမြင့် ၂၁၁၁ ဒသမ ၅ ကီလိုမီတာအထိ ပျံသန်းခဲ့ကာ ဂျပန်ပင်လယ် (အရှေ့ပင်လယ်) ထဲသို့ မကျရောက်မီ ၇၈၇ ကီလိုမီတာအထိ ရောက်ရှိခဲ့ကြောင်း KCNA က ဖော်ပြခဲသည်။ ယင်းဒုံးသည် အမြင့်ဆုံးအကွာအဝေးအဖြစ် ကီလိုမီတာ ၄၅၀၀ (မိုင် ၂၈၀၀) သို့မဟုတ် ယင်းထက် ကျော်လွန် ရောက်ရှိနိုင်ကြောင်း လေ့လာသူများက ပြောကြားခဲ့ကြသည်။
ယင်းဒုံးသည် မြောက်ကိုရီးယားစမ်း သပ်ခဲ့သမျှတွင် အကွာအဝေး အဝေးဆုံးသို့ ရောက်ရှိခဲ့သည့် ဒုံးဖြစ်ကြောင်း အမေရိကန်ရှိ Middlebury Institute of International Studies မှ ဂျက်ဖရေးလူးဝစ်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ ယင်းဒုံးသည် ပစိဖိတ်ရှိ ဂူအမ်မှ အမေရိကန်စခန်းအား တိုက်ခိုက်နိုင်သည့် တာလတ်ပစ် ပဲ့ထိန်းဒုံး တစ်မျိုးဖြစ်ကြောင်း ပြသရန်ရည် ရွယ်ပုံရသည်ဟု 38 North ၀က်ဘ်ဆိုက်မှ လေကြောင်း အာကာသအင်ဂျင်နီယာပညာရှင် ဂျွန်ရှီလင်းက ပြောကြားခဲ့သည်။ ပို၍ အရေးပါမှုမှာ ယင်းဒုံးသည် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) ကို တည်ဆောက်ရန်အတွက် ကြီးမားသော တိုးတက်မှုတစ်ရပ်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် အမေရိကန်၏ စစ်ရေးဖြင့် အရေးယူနိုင်ခြေမှ ရှောင်လွှဲနိုင်ရန် ICBM တည်ဆောက်မှုအား ထိန်းထိန်းသိမ်းသိမ်းဖြင့် လုပ်ဆောင်နေဖွယ်ရှိကြောင်း ရှီလင်းက ပြောကြားခဲ့သည်။
ပြီးခဲ့သောသီတင်းပတ်တွင် တောင်ကိုရီးယား၌ သမ္မတသစ်အဖြစ် ရွေးချယ်ခံခဲ့ရသော မွန်းဂျေအင်းက သူသည် မြောက်ကိုရီးယားနှင့် ပြန်လည်ညှိနှိုင်းရန်နှင့် သင့်တော်သော အခြေအနေတွင် ပြုံယမ်းသို့သွားရောက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ သို့သော် မြောက်ကိုရီးယား၏ နောက်ဆုံး ဒုံးစမ်းသပ်မှုသည် အဆင်အခြင်မဲ့ ရန်စသော လုပ်ရပ်ဟုမွန်းက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး မြောက်ကိုရီးယားက စိတ်ဓာတ်ပြောင်းမှသာလျှင် ဆွေးနွေးပွဲဖြစ်လာနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ပြီးခဲ့သောဧပြီတွင် ပြုလုပ်ခဲ့သော ကြီးမားသောစစ်ရေးပြပွဲ၌ ယခုနောက်ဆုံး စမ်းသပ်ခဲ့သည့် ဒုံးဟု ယူဆရသော အမျိုးအစားအပါအ၀င် ဒုံးအမျိုးအစားများစွာကို ပြသခဲ့သည်။ ယင်းစမ်းသပ်မှုသည် အရွယ်အစားပိုကြီးသော နျူကလီးယား ထိပ်ဖူးများကို သယ်ဆောင်နိုင်သည့် ဒုံးပျံ၏အထူးသတ်မှတ်ချက်စံများ ပြည့်မီ သွားပြီဖြစ်ကြောင်း သက်သေပြခဲ့ခြင်းဖြစ် သည်ဟု KCNA က ဖော်ပြခဲ့သည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment