တရုတ်ကုန်သည်များ ဆန်စပါး တိုက်ရိုက် ဝယ်ယူမှု စုံစမ်း အရေးယူမည်
ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှ ဆန်စပါးများကို ဧပြီလမှစကာ တရုတ်ကုန်သည်များ ကိုယ်တိုင် လာရောက် ဝယ်ယူလျက်ရှိသည့်အတွက် စုံစမ်းစစ်ဆေး အရေးယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
နိုင်ငံခြားသားပိုင် ကုမ္ပဏီများနှင့် နိုင်ငံခြားသားများကို ပြည်တွင်း၌ ကုန်သွယ်ခွင့် လုံးဝ ခွင့်ပြုထားခြင်း မရှိသောကြောင့် ယင်းကဲ့သို့ ဝယ်ယူမှုများကို အရေးယူမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါ တရုတ်ကုန်သည်များမှာ ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့သို့ သွားရောက်ပြီး စပါးတင်းတစ်ရာကို လက်ရှိ ပေါက်ဈေးထက် ငွေကျပ် သုံးသောင်းအထိ ဈေးပိုပေးဝယ်လျက်ရှိသောကြောင့် ပြည်တွင်း ဆန်စက်များ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ တရုတ်ကုန်သည်များ ကိုယ်တိုင် လာရောက် ဝယ်ယူမှုများကို မတားဆီးနိုင်ပါက စပါးကုန်ကြမ်းကို တရားဝင် ပြည်ပပို့ကုန်အဖြစ် သတ်မှတ်ပေးစေလိုကြောင်း ဆန်စပါးကုန်သည် ဦးစိုင်းကျော်က ပြောကြားသည်။
“နိုင်ငံခြားသား ကုမ္ပဏီတွေကို ကုန်သွယ်ခွင့် ခွင့်ပြုထားတာ မရှိဘူး။ တကယ်မှန်တယ်ဆိုရင် အရေးယူမှရမယ်။ အတိအကျ ဘယ်သူတွေ လုပ်တယ်၊ ဘယ်လို နေရာတွေမှာ ဝယ်နေတယ်ဆိုတာကို သိဖို့လိုတယ်။ ဥပဒေနဲ့ အလုပ်လုပ်ရတဲ့အတွက် ဒါတွေ အတိအကျသိမှ အရေးယူတာတွေ လုပ်လို့ရမှာပါ။ ဒါကို စုံစမ်းစစ်ဆေးပြီး မှန်ကန်တယ်ဆိုရင် အရေးယူဖို့ လုပ်ရမယ်”ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောဆိုသည်။
နိုင်ငံခြားသားနှင့် နိုင်ငံသားဖက် စပ်ကုမ္ပဏီများကိုသာ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို ကုန်သွယ်ခွင့်ပြုထား ပြီး နိုင်ငံခြားသားပိုင်ကုမ္ပဏီများနှင့် နိုင်ငံခြားသားများကို ခွင့်ပြုထားခြင်း မရှိကြောင်း၊ စုံစမ်းစစ်ဆေးမှုများကို ပြည်ထဲရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဌာနများ ပူးပေါင်းကာ အရေးယူမှုများ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“၁၆ မိုင်၊ ၁၀၅ မိုင်နဲ့ ရေပူဂိတ်တွေမှာ ဝင်ထွက်သွားလာမှုကို တင်းတင်းကျပ်ကျပ် စစ်ဆေးပြီး ကူညီပေးပါလို့ စီးပွား/ကူးသန်းကို တင်ပြပြီးပါပြီ။ ဒီလိုဖြစ်တော့ အဓိက ခံရတာက ဆန်စက်တွေပါ။ တကယ်လို့ စပါးကုန်ကြမ်းကိုသာ တရားဝင် တင်ပို့ခွင့်ပြုရင် ကျွန်တော်တို့လည်း သူတို့ပေးတဲ့ဈေးနဲ့ ဝယ်နိုင်ပါတယ်”ဟု ဆန်စပါး ကုန်သည် ဦးစိုင်းကျော်က ပြောဆိုသည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment