သစ်ကနက်နတ်ကွန်းပြန်ရဖို့ ဒေသခံတွေတောင်းဆို
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ပါဒလိတ်ကျေးရွာမှာ ရွာသားတွေကိုးကွယ်တဲ့ သစ်ကနက်(နတ်ကွန်း)ပင် တွေရှိတဲ့ မြေဧကဝက်ကျော်ကို တပ်မတော် က ပြန်လည် စွန့်လွှတ်ပေးဖို့ ဒေသခံ ၅၀၀ နီးပါးက ဒီနေ့ ဆန္ဒပြတောင်း ဆိုကြပါတယ်။
အဲဒီမြေတွေကို ခလရ ၂၃၂ က သိမ်းယူထားတာကြောင့် ပြန်စွန့်လွှတ်ပေး ဖို့ ဒေသခံတွေက တောင်းဆိုတာ ဖြစ်တယ်လို့ ဆန္ဒပြပွဲစီစဉ်သူ ဦးသန်းအေး က ပြောပါတယ်။
"ပါဒလိတ်ကျေးရွာထိပ်မှာပေါ့၊ နတ်ကွန်းလေးတစ်ခုရှိတယ်၊ အဲဒီနတ်ကွန်းက နှစ်ပေါင်းရာကျော် ထိန်းသိမ်းလာ တဲ့ နတ်ကွန်းပေါ့၊ အဲဒီနတ်ကွန်းကို အခု ခလရ ၂၃၂ ပေါ့၊ သူတို့ တပ်ပိုင်မြေဆိုပြီးတော့ သိမ်းလိုက်တယ် ပေါ့နော်၊ သမ္မတတွေ၊ ဗိုလ်ချုပ်အမှူးကြီးတွေ အထိ ကျွန်တော်တို့ တင်ပြခဲ့တာပေါ့နော်၊ တင်ပြပြီးတော့ ကျနော်တို့တောင်းခဲ့တာပေါ့နော်၊ အဲဒီတုန်းကဆိုရင် စစ်တပ်ကနေပြီးတော့ အာဏာရှိနေတဲ့အချိန်ဆိုတော့ ကျွန်တော်တို့ တင်ပြတာကို အလေးမထားခဲ့ဘူးပေါ့၊ ကျနော်တို့က စွန့်လွှတ်လိုကပြီဆိုတာကို လိုချင်တာ။"
ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ်က အဲဒီမြေတွေကို တပ်က ခြံစည်းရိုးခတ် သိမ်းယူခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ် ၁၀ လပိုင်းမှာ ခြံစည်းရိုးပြန်ဖွင့်ပေးခဲ့ပါ တယ်။ ပြီးခဲ့တဲ့ မတ်လ လောက်ကစကာ ခြံစည်းရိုးပြန်ခတ်ဖို့ ပြင်ဆင်နေ တာတွေ ကြောင့် အခုလို ဆန္ဒပြတောင်းဆိုတာလို့ ပြောပါတယ်။
အဲဒီမြေနေရာမှာ သစ်ကနက်ပင် အပင် ၂၀ လောက်ရှိပြီး အဲဒီအပင်တွေမှာ ဆီမီးထွန်းပူဇော်ကြကာ ဒေသခံတွေက ဆုတောင်းကြတာ လည်း ဖြစ်ပါတယ်။
တပ်က သိမ်းယူပြီးနောက်ပိုင်း ဆိုင်ခန်းတွေ၊ ဗီဒီယိုရုံတွေ၊ အိမ်သာတွေ ဆောက်လုပ်ခဲ့တာကြောင့် ဒေသခံတွေ က မကျေနပ်ကြတာလို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။
RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment