Latest News

Monday, May 15, 2017

မုတ်သုံလေဦး စတင်ဝင်ရောက်နိုင် နေရာအနှံ့အပြား မိုးသည်းထန်မည်

မုတ်သုံလေဦး စတင်ဝင်ရောက်နိုင် နေရာအနှံ့အပြား မိုးသည်းထန်မည်

ရန်ကုန်၊ မေ-၁၅

လာမည့် ရက်သတ္တပတ်အတွင်း မွန်၊ တနင်္သာရီကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများတိုက်ခတ်နိုင်ပြီး နေရာအနှံ့အပြား မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

မွန်၊ တနင်္သာရီ ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်း အသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ငါးပေမှ ရှစ်ပေခန့်နှင့် မြေပြင် ရေပြင်လေမှာ တစ်နာရီ မိုင် ၃ဝ မှ ၄ဝ အထိ တိုက်ခတ်နိုင်ပြီး နေရာအနှံ့အပြား မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သိရသည်။

အားကောင်းသည့် မိုးတိမ်တောင်များဖြစ်ပေါ်လာမှုကြောင့် လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ နေရာကွက်၍ မိုးသည်းထန်ခြင်း၊ မိုးသက်လေပြင်း တိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်းအပြင် မိုးကြိုးပစ်ခြင်းများပါ ဖြစ်ပေါ်စေနိုင်ကြောင်း ၎င်းက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

မေ ၁၅ ရက်မှ စတင်၍ မြန်မာနိုင်ငံတောင်ပိုင်း ကပ္ပလီပင်လယ်ပြင်သို့ အနောက်တောင်မုတ်သုံလေဦး စတင်ဝင်ရောက်လာနိုင်ကြောင်း၊ မုတ်သုံလေဦး ဝင်ရောက်မှုနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လှိုင်းကြီးခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများ ဖြစ်နိုင်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

ထို့ပြင် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင် ပိုင်းတို့တွင် တိမ်ထူထပ်နေ ပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကြောင်း သိရသည်။

မေ ၁၆ ရက် နံနက်ပိုင်းအထိ ခန့်မှန်းချက်များအရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေဖြင့် အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဆုသန္တာအောင်

No comments:

Post a Comment