Latest News

Sunday, May 28, 2017

မြစ်ဧရာကမ်းခြေမှ ဟင်္သာတမြေသို့

မြစ်ဧရာကမ်းခြေမှ ဟင်္သာတမြေသို့


သတင်းဆောင်းပါး-မောင်မောင်မြင့်ဆွေ
ဓာတ်ပုံ-မောင်ချစ်ကြည်

ရန်ကုန်မြို့မှ နံနက် ၄ နာရီခန့်ထွက်လာသော ကျွန်တော်တို့ ဟင်္သာတမြို့ရောက်ချိန် နံနက် ၉ နာရီခန့်ရှိပြီဖြစ်သည်။ မိုးဦးဖြစ်သော်လည်း မိုးမရွာ၊ လေမတိုက်သဖြင့် အိုက်စပ်စပ်ရှိနေသည်။  လမ်းခရီးတွင် တစ်ကြိမ်၊ နှစ်ကြိမ်ခန့်သာ ခေတ္တရပ်နားခဲ့ရာ ဟင်္သာတမြို့ရောက်ချိန်တွင် လူကနုံးချည့်နေသည်။ လမ်းဘေးရှိ လက်ဖက်ရည်ဆိုင်အတွင်း ရောက်ရှိချိန်၌ပင် မိုးကသဲသဲမဲမဲရွာလေသည်။ ဟင်္သာတမြို့က ကျွန်တော်တို့ကို မိုးဖြင့်ကြိုပြီဟုတွေးမိသည်။
ရန်ကုန်နှင့်ဟင်္သာတက ကီလိုမီတာ ၁၂ဝ ကွာဝေးပြီး ဟင်္သာတနှင့်  ပုသိမ်မြို့က ၁၂၃  ကီလိုမီတာဝေးသလို ဟင်္သာတနှင့် ညောင်တုန်းက ကီလိုမီတာ ၇ဝ ခန့်ဝေးကြောင်း သိရသည်။ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ  ဒဂုံဧရာအဝေး ပြေးကားစခန်းတွင် ရန်ကုန်-ဟင်္သာတ ခရီးစဉ်အား နေ့စဉ် နံနက်၊ ညနေ၊ နေ့ချင်းပြန်ပြေးဆွဲနေသော ခရီးသည်တင် ကားများရှိသဖြင့် သွားလာသူတို့အဆင်ပြေသည်။ ကျွန်တော် တို့က  မိတ်ဆွေတစ်ဦး၏ အကူအညီဖြင့်   ဟင်္သာတမြို့သို့ ¤င်း၏မော်တော်ကားဖြင့်လိုက်ခဲ့ခြင်းဖြစ်ရာ  အခက်အခဲမရှိ    ရောက်ရှိခဲ့ခြင်းဖြစ်သည်။
''ဟင်္သာတမုန့်ဟင်းခါးက နာမည်ကြီးတယ်။ စားကြည့်'' ဟု ဆိုသဖြင့် မုန့်ဟင်းခါးတစ်ပွဲမှာကာ စားကြည့်သည်။ ဟင်းရည်မပြစ်မကျဲ၊ ငါးဖတ်များကလည်း ငါးခူ၊ ငါးကျည်း များဖြင့်ချက်ထားသည်ဖြစ်ရာ ခံတွင်းလိုက်ပြီး စားကောင်း လေသည်။  မုန့်ဖတ်များကုန်သည်အထိ စားပြီးနောက် ဟင်းရည်ကိုမတောင်းရဘဲ  အလိုက်သိစွာ လာထည့်ပေး   သဖြင့်  အံ့သြရသည်။ ရန်ကုန်မြို့၌ မုန့်ဟင်းခါးဆိုင် အတော် များများမှာ ဟင်းရည်ကို ထပ်တောင်းမှပေးသည်။ ပေးတော့ လည်းအနည်းငယ်သာ၊  အခုဟင်္သာတမြို့မှ  မုန့်ဟင်းခါး     ဆိုင်က ဟင်းရည်ပေါပေါများများထည့်ပေးသဖြင့် ကျေနပ် စရာဖြစ်သည်။    လက်ဖက်ရည်ဆိုင်တွင်  မြန်မာမုန့်အချို့ ရပြီး  မုန့်ဟင်းခါးပါတွဲရောင်းသဖြင့် လာရောက်စားသုံးသူ   များအတွက် အဆင်ပြေသည်။
နံနက်စာ     စားသောက်ပြီးနောက်        ကျွန်တော်တို့     ဟင်္သာတမြို့တွင်းလှည့်လည်လေ့လာကြသည်။  ဟင်္သာတမြို့ အမည်မှာ မွန်ဘာသာမှ ဆင်းသက်လာခြင်းဖြစ်ပြီး ဟံဆာဒို့ ဟုဆိုသည်။  အဓိပ္ပာယ်မှာ ဓနုံးပင်ဟုဖြစ်ပြီး  ရှေးယခင်က  ဤနေရာဝန်းကျင်တွင်  ဓနုံးပင်များပေါက်ရောက်ခဲ့သည်        ဟု ပြောဆိုကြသည်။   ဟင်္သာတမြို့ကို ကျိုက်ပတီဟုလည်း ခေါ်ဆိုခဲ့ကြကြောင်း သိရှိရသည်။ ကုန်းဘောင်ခေတ်ဦး ကာလတွင်     မြန်မာဘုရင်များက ဟင်္သာတ၌မြို့သူကြီး တစ်ဦး ထားရှိအုပ်ချုပ်စေခဲ့သည်။ ဆင်ဖြူရှင်လက်ထက်     တွင်    မင်းရာဇာဗိုလ်က   မြို့သူကြီးအဖြစ်  အုပ်ချုပ်ခဲ့ပြီး  ဘိုးတော်ဘုရားလက်ထက်၌       ဦးမြတ်သာထွန်းအား မြို့သူကြီးတာဝန်ပေးခဲ့သည်။  ဦးမြတ်သာထွန်း ပြီးနောက်  ဦးပါရဲက   မြို့သူကြီးဖြစ်ခဲ့ပြီး သာယာဝတီမင်း လက်ထက် တွင်  ဟင်္သာတမြို့သူကြီးမှာ ဦးရွှေလူ ဖြစ်သည်ဟု  မှတ်တမ်း များ၌ လေ့လာခဲ့ဖူးသည်ကို  ပြန်တွေးနေမိသည်။
ဟင်္သာတမြို့တွင်းလမ်းများက  အချို့ လမ်းကျယ်များ ရှိသော်လည်း လမ်းအများအပြားက ကျဉ်းသည်။ နေအိမ် အဆောက်အအုံများမှာ    ပုံမှန်အားဖြင့်     နှစ်ထပ်အိမ်၊   တစ်ထပ်အိမ်များသာဖြစ်သည်ကို  တွေ့ရသည်။ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်လာသည်နှင့်အမျှ  ဟင်္သာတ မြို့လည်း တဖြည်းဖြည်းနှင့်  တိုးတက်ဖွံ့ဖြိုးလာခဲ့သည်ကို သတိပြုမိသည်။  ပုသိမ်-ဟင်္သာတရထားလမ်း  ရှိသကဲ့သို့ မော်တော်ကားလမ်း၊ ရေကြောင်းလမ်းများနှင့်လည်း သွားလာ နိုင်သည်။ ရထားခရီးစဉ်အဖြစ်  ကြံခင်း-ဟင်္သာတ-ပုသိမ် သို့ သွားလာနိုင်ပြီး ခရီးမိုင် ၁၄၇ မိုင်ရှိသည်။
ကျွန်တော်တို့  ဟင်္သာတမြို့ရှိ   ဦးပါရဲဘုရားဘက်သို့ ထွက်လာခဲ့သည်။ ရွှေရောင်ဝင်းပနေသော စေတီကို အဝေးကပင် ဖူးမြင်ရသည်။ ဟင်္သာတမြို့သူကြီး ဦးပါရဲက ၁၈ဝ၂ ခုနှစ်တွင် တည်ထားခဲ့သော   သမိုင်းဝင်စေတီဖြစ်သည်။  ရင်ပြင် တော်ပေါ်ရောက်ရှိခဲ့ပြီးနောက် ဘုရားကိုဖူးမြော်ကာ လှည့်လည် ကြည့်ရှုလေ့လာခဲ့သည်။ ဘုရားဒါယကာ ဦးပါရဲကို အစွဲပြုကာ ဦးပါရဲဘုရားဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။ စေတီတော်၏ အမြင့်မှာ  ဉာဏ်တော် ၄၉ တောင် ၂ မိုက်ခန့်ရှိပြီး စေတီ အောက်ခြေအကျယ်မှာ  ၂၇ တောင် ဖြစ်လေသည်။  ဦးပါရဲ စေတီ၏ ငှက်ပျောဖူးအတွင်း အပေါ်ပိုင်းတွင် ကြေးပုရပိုက် တစ်ဆူရှိကြောင်း သိရသည်။ ဦးပါရဲစေတီ၏ အထက်ပစ္စယာ တွင်  အရန်စေတီငယ်များ  တည်ထားပြီး  ရွှေချထားသဖြင့် ကြည်ညိုသပ္ပာယ်စရာအတိဖြစ်နေသည်။  ရင်ပြင်တော်ပေါ်     တွင် ကြွေပြားခင်းထားသဖြင့် သန့်ရှင်းလျက်ရှိရာ ဘုရားဖူး များအတွက် စိတ်ကြည်လင်စရာဖြစ်ပြီး  ဖူးမြော်ရသည်မှာ အဆင်ပြေသည်။ စေတီအောက်ခြေတွင်  လိုဏ်ဂူသဖွယ် ပြုလုပ်ထားသဖြင့် ထူးခြားပြီး စေတီပရဝဏ်အတွင်း သစ်ပင်များ စိုက်ပျိုးထားသဖြင့် စိမ်းစိုအေးချမ်းနေသည်။ ရင်ပြင်တော် ပေါ်တွင် ဘုရားဖူးတစ်ဦးစ နှစ်ဦးစကို တွေ့မြင်ရသည်။ မိုးရာသီ အဝင်မို့လားမသိ၊ ပြည်တွင်းဘုရားဖူးများ ကျဲပါးသွားသည်ကို သတိပြုမိသည်။
ဟင်္သာတမြို့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒုတိယ အကြီးဆုံးမြို့တစ်မြို့ဖြစ်ကြောင်း၊ အဓိကမှာ ဆန်စပါးစိုက်ပျိုး ခြင်းနှင့် ဆန်စက်လုပ်ငန်းများအပြင် အရောင်းအဝယ်လုပ်ငန်း များလည်း လုပ်ကိုင်ကြကြောင်း  အတူလိုက်ပါလာသူ ဟင်္သာတ မြို့သား  ကိုအေးထွန်းက ပြောသည်။  သူကိုယ်တိုင်လည်း ဆန်စက်ပိုင်ရှင်တစ်ဦးဖြစ်ရာ မိဘဘိုးဘွားလက်ငုတ်လက်ရင်းဖြစ်သည့် ဆန်စက်လုပ်ငန်းကို ဦးစီးဦးဆောင် လုပ်ကိုင်နေသူ ဖြစ်သည်။ ဟင်္သာတခရိုင်အတွင်း ပြီးခဲ့သည့်နှစ်က ရာသီဥတု ရိုက်ခတ်သဖြင့် ဆန်စပါးအထွက်နှုန်းများ  လျော့ကျခဲ့ပြီး ဆန်စက်လုပ်ငန်းအချို့  ထိခိုက်မှုရှိခဲ့သည်ဟုလည်း ပြောပြ    သည်။
ကျွန်တော်တို့ ဦးပါရဲဘုရားမှ ပြန်ထွက်ခဲ့ပြီး ရွာမလမ်းမှ တစ်ဆင့် ဟင်္သာတဘူတာဘက်သို့   သွားရောက်ခဲ့သည်။ ဟင်္သာတမြို့သည် ရထားခရီးစဉ်ဖြင့်လည်း  အလွယ်တကူ လာရောက်၍ရသည်ဖြစ်ရာ ဘူတာအတွင်း ခရီးသည်များ ရထားစောင့်ဆိုင်းနေသည်ကို တွေ့ရသည်။ ပုသိမ်-ဟင်္သာတ ရထားလမ်းပိုင်းက ဘူတာပေါင်း ၂၄ ဘူတာရှိပြီး  ဟင်္သာတ-ကြံခင်းရထားလမ်းပိုင်းက ဘူတာပေါင်း ၁၉ ဘူတာရှိသည်။ ပုသိမ်ဘက်မှ ရထားဖြင့်လာလျှင် နိဗ္ဗာန်၊ နတ်မှော်တို့ပြီးလျှင် ဟင်္သာတဘူတာသို့ရောက်ပြီး ဟင်္သာတမှအထွက်  တာဂူ၊ ဘုရားကုန်းတို့မှ ကြံခင်းမြို့သို့ ရထားခရီးစဉ်ဖြင့် သွားလာနိုင် သည်။ ကြံခင်း-ဟင်္သာတ-ပုသိမ်သည် ရထားသံလမ်း မိုင် ၁၉၁ ဒသမ ၇ဝ   ရှိပြီး  ဘူတာပေါင်း ၄၂ ဘူတာရှိကြောင်း သိရ သည်။ ဘူတာအတွင်း   ကုန်ပစ္စည်းများ၊  ခရီးသည်များ၊ လာရောက်ကြိုဆိုသူများဖြင့် စည်ကားနေသည်။ ပုသိမ်ဘက် မှ  ရထားဆိုက်ရောက်တော့မည်ဖြစ်ရာ   ခရီးသည်များ လှုပ်လှုပ်ရွရွဖြင့် ဟန်တပြင်ပြင် ဖြစ်နေသည်ကို တွေ့ရသည်။ ရန်ကုန်-မ္တလေး၊  ရန်ကုန်-မော်လမြိုင်၊ သာစည်-ရွှေညောင်  စသည့် ရထားခရီးစဉ်အတော်များများကိုစီးပြီး ခရီးသွားခဲ့ ဖူးသော်လည်း ပုသိမ်-ဟင်္သာတ-ကြံခင်း ရထားခရီးစဉ်ကိုတော့ တစ်ကြိမ်မျှမစီးဖူးသေး၊ တစ်ချိန်ချိန်တွင် စီးခွင့်ကြုံမည်ဟု စိတ်ထဲတေးမှတ်ထားမိပါသည်။
မကြာမီရထားဆိုက်ရောက်လာရာ ဆင်းသူ၊ တက်သူ များဖြင့် ဟင်္သာတဘူတာသည် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ရထားက မိနစ်ပိုင်းမျှသာ ရပ်နားသည်ဖြစ်ရာ ကုန်ပစ္စည်းများ ကို အပြေးအလွှားတင်ကြ၊ ရထားပေါ် တက်ကြ၊ ဆင်းကြ          နှင့် ဘူတာမြင်ကွင်းက အသက်ဝင်နေသည်။ ခဏမျှအကြာ ရထားထွက်ခွာသွားရာ   ဘူတာသည်လည်း   ပြန်လည် တိတ်ဆိတ်သွားသည်။ ကျွန်တော်တို့က ဟင်္သာတဘူတာမှ ပြန်ထွက်လာခဲ့သည်။
ဟင်္သာတမြို့သည် ဧရာဝတီမြစ်ကမ်းပေါ်တွင် တည်ရှိ သည်ဖြစ်ရာ ရေလမ်းခရီးလည်းသွားလာအသုံးပြု၍ ရသည်။ ကျွန်တော်တို့ကမ်းနားဘက်သို့သွားရောက်ခဲ့ရာ တသွင်သွင် စီးဆင်းနေသော ဧရာဝတီမြစ်ရေပြင်ကို တွေ့ရသည်။ စက်တပ် ရေယာဉ်ငယ်များ၊ ငါးဖမ်းစက်လှေများက မြစ်ရေပြင်တွင် သွားလာခုတ်မောင်းနေကြသည်။   ဧရာဝတီမြစ်သည်  ပဲခူး တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအကြား ဖြတ်သန်း စီးဆင်းပြီးနောက်  ဟင်္သာတမြို့အနီးမှစတင်ကာ ဧရာဝတီ တိုင်းဒေသကြီးအတွင်းသို့    စတင်စီးဝင်ခြင်းဖြစ်သည်။ ဟင်္သာတမြို့အထက်နားတွင် မြစ်လက်တက်အဖြစ် ငဝန်မြစ် စတင်ဖြစ်ပေါ်ကာ အခြားမြစ်လက်တက်များအဖြစ် ပုသိမ်မြစ်၊ သက္ကယ်သောင်မြစ်၊ ရွေးမြစ်၊ ပြန်မလော့မြစ်၊   ဘိုကလေး     မြစ်၊   ဖျာပုံမြစ်၊  တိုးမြစ်တို့ ဖြာထွက်စီးဆင်းကာ ကပ္ပလီ     ပင်လယ်အတွင်း စီးဝင်ခြင်းဖြစ်သည်။
ဟင်္သာတမြို့ ဧရာဝတီမြစ်ကမ်းတွင် ခေတ္တရပ်ရန် လေ့လာ ကြည့်စဉ်   လယ်တီဆရာတော်ဘုရားကြီးကို  သတိရစိတ် ဖြစ်မိသည်။   လွန်ခဲ့သည့် ၁၂၆၈ ခုနှစ်က ဟင်္သာတခရိုင်     အတွင်း  မိုးခေါင်ခဲ့ရာ ဒေသခံပြည်သူအများအပြား ဘေးဒုက္ခ ကြုံတွေ့နေကြသည်။  ဓလေ့ထုံးတမ်းအရ အမျိုးမျိုးသော နည်းလမ်းများဖြင့်  ကြိုးစားခဲ့သော်လည်း    မိုးမရွာသဖြင့်  လယ်တီဆရာတော်ကြီးအား   ပင့်ဆောင်ကာ  မိုးရွာစေရန် လျှောက်တင်ခဲ့ရာ   ဆရာတော်ကြီး  ဟင်္သာတဆိပ်ကမ်း ဆိုက်ကပ်လုအချိန်တွင်ပင်  ထူးခြားစွာ မိုးများရွာသွန်းခဲ့ရာ ဟင်္သာတဝန်းကျင်ပြည်သူများ  ဘေးဒုက္ခကင်းဝေးခဲ့ကြရ သည်ကို ပြန်ပြောင်း တွေးမိရင်း  ဆရာတော်ကြီး၏ ပညာ ဂုဏ်၊ သီလဂုဏ်၊ သမာဓိဂုဏ်တို့ကို  ကြည်ညိုစိတ်ပွားနေ     မိသည်။
ဟင်္သာတမြို့ကမ်းနားမှနေ၍ ကျွန်တော်တို့ မြို့သူကြီး ဘုရားဆီသို့ ထွက်လာခဲ့ကြသည်။ ဟင်္သာတမြို့သည် စက်ဘီး၊ ဆိုင်ကယ်စီးသူများပြီး  လမ်းတိုင်း စက်ဘီး၊  ဆိုင်ကယ်၊ ကားများစီးနင်း၊ မောင်းနှင်သွားလာနေကြသည်ကို  တွေ့ရ သည်။   မနော်ဟရီလမ်းဘက်မှ  ဝင်လာခဲ့ကြရာ မကြာမီ               မြို့ သူကြီးဘုရားသို့ ရောက်ရှိခဲ့ကြသည်။ မြို့သူကြီးဘုရား သည် ဟင်္သာတမြို့တွင်  တန်ခိုးကြီးစေတီတစ်ဆူဖြစ်ရာ ဘုရားဖူးများအတွက် ဟင်္သာတမြို့ရောက်လျှင်  မဖြစ်မနေ သွားရောက်ဖူးမြော်ကြသည့် စေတီတစ်ဆူလည်းဖြစ်သည်။ မြို့သူကြီးဘုရားသို့ ကျွန်တော်တို့ ရောက်ခဲ့သည်။
ရွှေရောင်လွှမ်းနေသော မြို့သူကြီးဘုရားက ကြည်ညို ဖွယ်ရာအတိ ဖြစ်နေသည်။ ရင်ပြင်တော်ရှိ စေတီခြေရင်း လေးထောင့်တွင် စေတီငယ်များတည်ထားပြီး ဂြိုဟ်တိုင် တစ်ခုနှင့်တစ်ခုအကြား၌ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူစီကိုလည်း ဖူးတွေ့ရသည်။ အတန်ငယ်အမြင့်တွင် တပ်ဆင်ထားသော မီးဆလိုက်များကြောင့် ညအချိန်များတွင်  မြို့သူကြီးစေတီ      ကို   မီးဆလိုက်ထိုးပြီး  အလင်းရောင်ဖြင့် ပူဇော်ထား      ကြောင်း သိရသည်။ မြို့သူကြီးဘုရားကို ဟင်္သာတမြို့သူကြီး ဦးမြတ်သာထွန်းက ၁၇၈၆ ခုနှစ်တွင် ယခုလက်ရှိ ရွှေကူ တောင်အရပ်တွင်  တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။ စေတီဉာဏ်တော်အမြင့်မှာ ၄၉ တောင်ရှိပြီး  စေတီအခြေမှာ အတောင် ၄ဝ ရှိကြောင်း သိရသည်။ မြို့သူကြီးဘုရားကို လှည့်လည်ဖူးမြော်ပြီးနောက် ပြန်ထွက်လာခဲ့သည်။
ဟင်္သာတမြို့တွင်    ရှေးဟောင်းဘုရားများရှိသည်။  ကျော်ထင်အနော်ရထာ
ဘွဲ့ခံ မြန်အောင်မြို့သူကြီး ဦးပုက ၁၈၁၅ ခုနှစ်တွင် တည်ထားခဲ့သော ငါးမျက်နှာဘုရား၊ ၁၉၁ဝ  ပြည့်နှစ်  ဇန်နဝါရီလ၂၆ ရက်နေ့တွင်  စတင်အုတ်မြစ်ချ တည်ထားခဲ့သည့်   ဆယ်ထပ်ကြီး  ဗုဒ္ဓရုပ်ပွားတော်တို့        လည်း  တည်ရှိနေသည်။  ဟင်္သာတမြို့  ဥယျာဉ်မြောက် ရပ်ကွက်အတွင်း တည်ရှိသော မြစ်ကွေ့ကျောင်းတိုက် သည်လည်း ဗုဒ္ဓစာပေကျမ်းတတ်အကျော် ဆရာတော်များ ထွက်ရှိရာ    နာမည်ကြီးကျောင်းတိုက်လည်း တည်ရှိနေ သည်။
ဟင်္သာတမြို့တွင်းလှည့်လည်လေ့လာစဉ် အမျိုးသား ပညာဝန် ဦးဖိုးကျားကိုသတိရမိသည်။ ဟင်္သာတမြို့အနီး နိဗ္ဗာန်ရွာဇာတိ ဦးဖိုးကျားသည် မျိုးချစ်စိတ်ဓာတ်ပြင်းထန် သူ၊ ဆရာပီသသော ကျောင်းဆရာ၊ အမျိုးဘာသာသာသနာ ကို စောင့်ရှောက်သည့်ပုဂ္ဂိုလ်၊  နောင်လာနောက်သားတို့ အတွက်  တိုးတက်သောအယူအဆနှင့် သင်ခန်းစာများ         ကို ကိုယ်တွေ့ဖြစ်ရပ်များမှတစ်ဆင့် စာပေဖြင့်ဖော်ပြပေးခဲ့ သူတစ်ဦးအဖြစ် လေးစားထိုက်သူတစ်ဦးဖြစ်သည်။ ထိုသို့ လေးစားဂုဏ်ပြုထိုက်သူဖြစ်ရာ ဦးဖိုးကျား နေထိုင်ခဲ့သော ရန်ကုန်မြို့ကန်တော်ကလေးအရပ်တွင် ဦးဖိုးကျားထူထောင် ခဲ့သော မြန်မာ့ဂုဏ်ရည်ပုံနှိပ်စက်ကိုအစွဲပြုပြီး မင်္ဂလာ တောင်ညွန့်မြို့နယ် ကာလဘတ်လမ်းကို မြန်မာ့ဂုဏ်ရည် လမ်းဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ထို့အပြင် ဦးဖိုးကျား       နေထိုင်ခဲ့သောကန်တော်လေးရပ်ကွက်အတွင်းရှိလမ်းကို ဦးဖိုးကျားလမ်းအဖြစ် ဂုဏ်ပြုအမည်ပေးခဲ့ခြင်းဖြစ်သည်။
ဦးဖိုးကျားအကြောင်းတွေးနေရာမှ  ဟင်္သာတမြို့အနီး ညောင်ပင်ရွာဇာတိဖြစ်သော    ကောလိပ်ဂျင်နေဝင်း၊ ယုန်သလင်းရွာဇာတိ အာဇာနည်ခေါင်းဆောင် မန်းဘခိုင်၊ ကွင်းကောက်ရွာဇာတိ   ဝိဓူရသခင်ချစ်မောင်၊    ဟင်္သာတ  ဦးမြစသည်တို့မှာလည်း မြန်မာ့သမိုင်းတွင် ထင်ရှားသော ပုဂ္ဂိုလ်များအဖြစ် သတိတရရှိနေမိပြန်သည်။ ဟင်္သာတမြို့ တွင်  အတုယူအားကျဖွယ်ရာကောင်းသည့် အချက်မှာ တစ်နှစ်ပတ်လုံး   ဆွမ်းလောင်းပွဲ  ကျင်းပနိုင်ခြင်းပင်ဖြစ်      သည်။
ဟင်္သာတမြို့တွင် သက္ကရာဇ် ၁၂၆၄ ခုနှစ်မှ စတင်ကာ သုံးပင်ကွင်းရပ်ရှိ  ဘုရားငါးဆူဝင်းအတွင်း  ဆွမ်းချက် လောင်းလှူမှုကို တနင်္ဂနွေနေ့တိုင်း စတင်ခဲ့ရာမှ ယခုအခါ တစ်ပတ်လုံးနေ့စဉ်ရက်ဆက်နှင့် နှစ်လုံးပတ်ဆွမ်းလောင်း လှူပွဲကိုပြုလုပ်နိုင်ခဲ့ရာ  ယခုအခါနှစ်ပေါင်း ၁ဝဝ ကျော် ရှိခဲ့ပြီဟုသိရသဖြင့် သဒ္ဓါတရားဖြင့် ကုသိုလ်စိတ်ပွားများရ သည်မှာ အမှန်ပင်။   အလှူရေစက် လက်နှင့်မကွာသည့်  ဟင်္သာတမြို့သူမြို့သားများပင်ဖြစ်သည်။
ဟင်္သာတမြို့တွင်းလှည့်လည်လေ့လာနေရာမှ ညနေ    ၃ နာရီရှိပြီဖြစ်ရာ ရန်ကုန်ပြန်ရန်ပြင်ရသည်။ နေ့ချင်းပြန် ခရီးလာရောက်သည်ဖြစ်ရာ ခရီးစဉ်တစ်ခုအဖြစ် အချိန်ရ သမျှလေ့လာခဲ့ခြင်းဖြစ်၍ မနှံ့စပ်၊ အချိန်ရလျှင်တစ်ခေါက် ထပ်လာပြီး လေ့လာချင်စိတ်ရှိနေသေးသည်။ အခုတော့ ရန်ကုန်သို့ ပြန်ရပေဦးမည်။

မြန်မာ့အလင်း

No comments:

Post a Comment