Latest News

Wednesday, May 31, 2017

ကင်ဂျုံနန်အား လုပ်ကြံမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရသော အမျိုးသမီးနှစ်ဦးကို ရုံးထုတ်

ကင်ဂျုံနန်အား လုပ်ကြံမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရသော အမျိုးသမီးနှစ်ဦးကို ရုံးထုတ်


မြောက်ကိုရီးယားခေါင်းဆောင်၏ အဖေတူ အမေကွဲ အစ်ကိုအား အဆိပ်ခတ်၍ လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသော အင်ဒိုနီးရှားနှင့် ဗီယက်နမ်အမျိုးသမီးနှစ်ဦးတို့ကို မလေးရှားတရားရုံးတွင် မေ ၃၀ ရက်က ရုံးထုတ်ခဲ့သည်။ ထိုအမျိုးသမီးနှစ်ဦးကို ကျည်ကာဝတ်စုံများ ၀တ်ဆင်စေခဲ့ပြီး လုံခြုံရေးအမြောက်အမြားဖြင့် ရုံးထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုနှစ်ဦးက ၎င်းတို့သည် တီဗီအစီအစဉ်တစ်ခုတွင် ပါဝင်နေသည်ဟု ထင်မှတ်ခဲ့ကြပြီး ကင်ဂျုံနန်ကို မသတ်ဟုငြင်းနေကြဆဲ ဖြစ်သော်လည်း သေဒဏ်ကျခံရဖွယ်ရှိနေသည်။ အသက် ၂၅ နှစ်အရွယ် အင်ဒိုနီးရှား အမျိုးသမီး Siti Asiyah နှင့်အသက် ၂၈ နှစ်အရွယ် ဗီယက်နမ်အမျိုးသမီး Doan Thi Huong တို့ကို မေ ၃၀ ရက်က အကြိုကြားနာ စစ်ဆေးမှုအတွက် တတိယအကြိမ်မြောက် ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

ယင်းရုံးချိန်းအတွင်း ခရိုင်တရားရုံးက ၎င်းတို့၏အမှုကို ရှာအလမ်တရားရုံးချုပ်သို့ လွှဲပေးလိုက်ကြောင်း သိရသည်။ တရားရုံးချုပ်တွင် ပထမဆုံးကြားနာစစ်ဆေးမှု ပြုလုပ်မည့်နေ့ကို မသိရသေးသော်လည်း အစိုးရရှေ့နေတစ်ဦးက တစ်လအတွင်း အသိပေးမည်ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။ ထိုရုံးချိန်အတွင်း မိန်းကလေးနှစ်ဦး၏ ရှေ့နေများက ၎င်းတို့တောင်းဆိုထားသော သက်သေနှင့် အခြားသော လိုအပ်သည့် အချက်အလက်များကို ရဲတပ်ဖွဲ့နှင့် တရားလိုဘက်က ပံ့ပိုးခြင်းမရှိသေးကြောင်း တရားရုံးသို့ တိုင်ကြားခဲ့သည်ဟု သိရသည်။

“မျှတတဲ့ ကြားနာစစ်ဆေးမှုတစ်ခုရဲ့ အခြေခံအချက်အလက်တွေကတော့ အစောဆုံး အခွင့်အရေးအနေနဲ့ တရားပြိုင်ဘက်ကို အထောက်အထား သက်သေတွေ အားလုံးပံ့ပိုးရမှာ ဖြစ်ပါတယ်” ဟု Asiyah ၏ရှေ့နေဂိုအီက ပြောကြားခဲ့သည်။ ပြီးခဲ့သည့်လကလည်း ဂိုအီက စီစီတီဗီမှတ်တမ်းများနှင့် အခြားသော သံသယရှိသူများ၏ အချက်အလက်များကိုပေးရန် ရဲတပ်ဖွဲ့သို့ တောင်းဆိုရာတွင် တုံ့ပြန်ခံရခြင်းမရှိဟု ပြောကြားခဲ့သည်။

အစိုးရရှေ့နေ မူဟာမက်အက်ကန်ဒါအာမက်ကမူ တရားပြိုင်ဘက်သို့ ကြားနာစစ်ဆေးမှုမတိုင်မီ အချက်အလက်များပေးမည်ဟု အာမခံခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၃ ရက်ကဖြစ်ပွားခဲ့သော ထိုလုပ်ကြံမှုနှင့် ပတ်သက်ပြီး ရဲများကသံသယရှိသည့် မြောက်ကိုရီးယားလေးဦး၏နောက်သို့ ယခုတိုင်ခြေရာခံ လိုက်နေဆဲဖြစ်သည်။ ထိုလေးဦးသည် လုပ်ကြံမှုပြီးပြီးချင်းမှာပင် မြောက်ကိုရီးယားသို့ ပြန်သွားသည်ဟု ယူဆရသည်။ ယင်းလုပ်ကြံမှုကိစ္စကြောင့်ပင် မလေးရှားနှင့် မြောက်ကိုရီးယားတို့ကြားတွင် သံတမန်ရေး ပဋိပက္ခကြီးတစ်ခုပင် အကြီးအကျယ် ဖြစ်ပွားခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့ကမူ ယင်းလုပ်ကြုံမှု၏ နောက်ကွယ်တွင် မြောက်ကိုရီးယား အစိုးရရှိနေသည်ဟု စွပ်စွဲနေပြီး မြောက်ကိုရီးယားကမူ ထိုစွပ်စွဲချက်ကို ငြင်းဆိုနေသည်။


Eleven Media Group

No comments:

Post a Comment