Latest News

Wednesday, May 3, 2017

သာသနာရေးဝန်ကြီး (ဟောင်း) ဦးဆန်းဆင့်ကို အရေးယူခဲ့ ခြင်း၏ ကန်လန့်ကာ နောက်ကွယ်တွင် (၁)

သာသနာရေးဝန်ကြီး (ဟောင်း) ဦးဆန်းဆင့်ကို အရေးယူခဲ့ ခြင်း၏ ကန်လန့်ကာ နောက်ကွယ်တွင် (၁)

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် အစိုးရအဖွဲ့ အတွင်းရှိ အဆင့်မြင့် အရာရှိ တချို့ကို အရေးယူခဲ့ခြင်းများ ရှိခဲ့ပါသည်။ တချို့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များသည် တာဝန်မှ နုတ်ထွက်ခဲ့ခြင်းများလည်း ရှိသည်။ ပြည်ထောင်စုအဆင့် နုတ်ထွက်ခဲ့သော ပုဂ္ဂိုလ်များအနက် ဒုတိယ သမ္မတ သီဟသူရ တင်အောင်မြင့်ဦးသည် ရာထူးအကြီးဆုံးဖြစ်သည်။ အရေးယူခံရသော ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များအနက် သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်နှင့် တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဦးခင်ဇော်တို့သည် ရာထူး အကြီးဆုံးဖြစ် သည်။ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဆင့်အား သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်းအစတွင် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ရာထူးကို ပေးအပ်ခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းအတွင်း လွှတ်တော်နှင့် အစိုးရ အကြားမပြေလည်မှုများ ဖြစ်ပွားပြီးသည့်နောက် ဦးဆန်းဆင့်အား ပြည်ထောင်စု အစိုးရ အဖွဲ့တွင် သာသနာရေးဝန်ကြီး အဖြစ် ခန့်အပ်ထားခဲ့သည်။

သို့သော် သာသနာရေး ၀န်ကြီးတာဝန် ထမ်းဆောင်ပြီး များ မကြာခင် ဦးဆန်းဆင့်အား ရုတ်တရက် ဖမ်းဆီးပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၉နှင့်လည်းကောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄-က အရလည်းကောင်း ပြည်ထဲရေး ၀န်ကြီးဌာနက တရားစွဲဆိုခဲ့သည်။ ထိုသို့ တရားစွဲဆိုပြီးနောက် နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးက ၂၀၁၄ခု အောက်တိုဘာလ ၁၇ရက်နေ့တွင် ဌာနပိုင် ဘဏ္ဍာငွေမှ ၇၂၄၄၈၃၅ကျပ်ကို မိသားစု အလှူဘုရားအတွက် ကိုယ်ကျိုးသုံးစွဲပြီး ၀န်ကြီးဌာန ငွေစာရင်းများတွင် မမှန်မကန် စာရင်းဖော်ပြကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟုဆိုကာ ထောင်ဒဏ် သုံးနှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ထိုနည်းတူ ဒက္ခိဏခရိုင် တရားရုံးကပင် ၂၀၁၄ ဒီဇင်ဘာလ ၉ရက်နေ့၌ ဦးဆန်းဆင့်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄-က အရ နိုင်ငံတော် အကြီးအကဲနှင့် အစိုးရအပေါ် အကြည်ညိုပျက်အောင်၊ မလေးစားအောင်၊ မုန်းထားအောင်၊ မေတ္တာပျက်အောင် ရည်ရွယ်၍ လှုံ့ဆော်ပြောဆိုခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သည်ဟုဆိုကာ ငွေဒဏ် ကျပ်တစ်သိန်းနှင့် ထောင်ဒဏ် ၁၀နှစ် ကျခံစေရန် အမိန့်ချမှတ် ခဲ့ပြန်သည်။

တပ်မတော်အစိုးရ အဆက်ဆက်များတွင် အချင်းချင်းမတည့် သည့်အခါ လက်ရှိတာဝန် ၀တ္တရားများမှ အနားယူစေ ခြင်းကို ပြုလုပ်လေ့ရှိပါသည်။ သို့ရာတွင် ဥပဒေဆိုင်ရာ ပြစ်မှုတစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း သိသာထင်ရှားပါက အလုပ် မှ ထုတ်ပယ်သည်အထိ အရေးယူလေ့ရှိသည်။ မလွှဲမရှောင် သာသည့် အခါမှသာ  တရားစွဲဆို ထောင်ချလေ့ရှိသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အစိုးရ လက်ထက်တွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့်အတူ တပ်မတော် အရာရှိကြီးများ၏ လုပ်နည်းလုပ်ဟန်များ၊ သဘောထားများလည်း အနည်းငယ် ပျော့ပြောင်းလာခဲ့သည်။ အထူးသဖြင့် မြန်မာနိုင်ငံအား အာဏာရှင် စနစ်အောက်မှ လွတ်မြောက်စေရေး အတွက် ကြိုးပမ်းဆောင်ရွက်နေသော ဒီမိုကရေစီ အင်အားစုများ အပေါ်တွင် အာဏာပိုင်များ အနေဖြင့် ငြင်ငြင်သာသာ သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်လာသည်ကိုလည်း တွေ့ရသည်။ ထိုသို့ နိုင်ငံရေးအရ စေ့စပ်ဆွေးနွေး အဖြေရှာခြင်းဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများကို သတိကြီးကြီး ဆောင်ရွက်လာနေစဉ်မှာပင် သာသနာရေး ၀န်ကြီးကို ဖမ်းဆီးပြီး ထောင်နှစ်ကြီးချလိုက်သည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်။ ထိုသို့ ထောင်ချလိုက်ရာတွင်လည်း စွဲဆိုထားသော ဥပဒေပုဒ်မများမှာ ပုဒ်မကြီးများ မဟုတ်ပေ။ အထူးသဖြင့် ပြည်ထောင်စု ၀န်ကြီးတစ်ဦး အတွက် သိန်း ၇၀ကျော် ငွေကြေးကွာဟမှုသည် အစိုးရနှင့် နီးစပ်သော အသိုင်းအ၀ိုင်းကြားတွင် မပြောပလောက်သော ငွေကြေးပမာဏ ဖြစ်သည်ကို လူတိုင်း နားလည်သဘောပေါက် လျက်ရှိသည်။ ထို့ပြင် ပုဒ်မ ၁၂၄-ကအရ နိုင်ငံတော် အကြီးအကဲနှင့် နိုင်ငံတော် အစိုးရအပေါ် အကြည်ညိုပျက်စေရန် လှုံ့ဆော် ပြောဆိုခဲ့သည်ဆိုသော စွပ်စွဲချက်မှာလည်း ခိုင်လုံ ခြင်း မရှိလှပေ။ အဘယ့်ကြောင့်ဆိုသော် အစိုးရအဖွဲ့ဝင် လူ ကြီး များသည် အလွတ်သဘော ပြောဆိုရာတွင် အထက်အဆင့်ဆင့် အကြီးအကဲများအား မကြာခဏ ဝေဖန်မှုများကို န၀တ အစိုးရနှင့် နအဖ အစိုးရ အဖွဲ့အတွင်း ကြုံတွေ့ခဲ့ရခြင်းကြောင့် ဖြစ်သည်။ ထိုကြောင့် ယခုလို တပ်မတော်၏ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း သာသနာရေးဝန်ကြီး တစ်ဦးကို ယခုပုဒ်မများဖြင့် ဖမ်းဆီးစွပ်စွဲ ထောင်ချ ခြင်းသည် နိုင်ငံရေးအရ အန္တရာယ်ရှိနိုင်သည့် အတွက် အပြစ်မရှိ အပြစ်ရှာ ဖယ်ရှားခြင်းဟု နိုင်ငံရေး အကဲခတ်သမားများက ဝေဖန်ခဲ့ကြသည်။

အမှန်တကယ်ဆိုလျှင် တပ်မတော်တွင် သြဇာတိက္ကမ ကြီးမားသော စစ်ရာထူးခန့်ချုပ်အဖြစ် ဆောင်ရွက်ခဲ့ပြီး အစိုးရသစ် လက်ထက်တွင် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ရာထူးကိုသာ ရရှိခဲ့သည့် ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဦးအတွက် အငိုက်မိသွားခြင်းသာဖြစ်သည်။ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဆင့်သည် တပ်မတော်ထဲတွင် စည်းကမ်းတင်းကျပ်ပြီး လက်အောက်ငယ်သားများအပေါ် ပြင်းပြင်းထန်ထန် အပြစ်ပေး ဆုံးမရာတွင် နာမည်ကျော်ကြားသည်။ တပ်မတော်ထဲတွင် နှစ်ပေါင်း ၄၀ တာဝန်ထမ်းဆောင်ခဲ့ရာ အပြစ်နည်းပါးသည့် အတွက် ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်ကို လျင်လျင်မြန်မြန် ရာထူးတက်ခဲ့သည်။ တပ်မတော်ထဲတွင် စစ်မှုထမ်းကောင်း ချီးမြှင့်ခံခဲ့ရသည်။ တပ်မတော် ၀န်ထမ်းတစ်လျှောက် ဘွဲ့တံဆိပ် ၂၅ခုနှင့် သူရဲကောင်း မှတ်တမ်းဝင်တံဆိပ် ရရှိခဲ့သည်။ အရပ်ဘက်အုပ်ချုပ်မှု ကိစ္စရပ်များနှင့် ပတ်သက်၍ လူမှုထူးချွန်ဆု၊ စီမံထူးချွန်ဆုနှင့် သရေစည်သူဘွဲ့များကိုပါ ရရှိခဲ့သည်။

သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂၀၁၀ခုနှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်၍ ဗိုလ်ချုပ်ကြီး သိန်းစိန်အား အစိုးရအဖွဲ့ အကြီးအကဲအဖြစ် လည်းကောင်း၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းအား လွှတ်တော်အကြီးအကဲ အဖြစ်လည်းကောင်း၊ တပ်မတော် ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လည်းကောင်း ရွေးချယ်ခဲ့သည်။ ထိုအခြေအနေတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဆင့်သည် တပ်မတော်မှ အငြိမ်းစားယူခဲ့ရပြီး ဧရာဝတီတိုင်း ရေကြည်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်ခိုင်ဖြိုး ပါတီကိုယ်စား ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။ ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ် ရေပန်းစားခဲ့သော်လည်း လက်တွေ့တွင် ဗိုလ်မှူးချုပ် သိန်းအောင် အား ၀န်ကြီးချုပ် ခန့်အပ်ခဲ့ပြီး ဦးဆန်းဆင့်ကို တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ရာထူးကိုသာ ပေးအပ်ခဲ့သည်။ ထိုအခြေအနေသည် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် အစိုးရများကြားထဲမှ ပွတ်တိုက်မှုများထက် ဧရာဝတီတိုင်းတွင် ပိုမိုအားကောင်းခဲ့သည်။ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌတို့၏ အား ပြိုင်မှုမှာ ပြည်ထောင်စု အစိုးရအထိပါ ရိုက်ခတ်မှုများ ရှိခဲ့ သည်။

ပြည်ထောင်စု အစိုးရအနေဖြင့် ထိုအခြေအနေကို ဆက်လက်သည်းခံနိုင်စွမ်း မရှိတော့သည့် အတွက် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို သာသနာရေးဝန်ကြီးရာထူး ခန့်အပ်ကာ နေပြည်တော်သို့ ခေါ်ယူထားလိုက်သည်။ ဤသို့ဖြေရှင်းလိုက်ခြင်းသည် ပြဿနာကို ယာယီမျှ ငြိမ်းချမ်းသွားစေသော်လည်း ရေရှည်တွင် ပြီးဆုံးမှု မရှိခဲ့ပေ။ အထူးသဖြင့် သာသနာရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်သည့် ဦးဆန်းဆင့်နှင့် ပတ်သက်နေသော သံတော်ဆင့်ဂျာနယ်မှ သတင်းရေးသား ဖော်ပြမှုများကို ပြည်ထောင်စု အစိုးရမှ သဘောကျ နှစ်ခြိုက်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် သာသနာရေးဝန်ကြီးကို တစ်နည်းနည်းဖြင့် ဖယ်ရှားနိုင်ရန် ကြိုးပမ်းအားထုတ်မှုများရှိခဲ့သည်။

ထိုကြိုးပမ်းအားထုတ်မှုများသည် လယ်ဝေးမြို့နယ် ရက်ကန်းစင်တောင်ကျေးရွာ နှစ်ကျိပ်ရှစ်ဆူ အောင်တော်မူဆုတောင်း ပြည့် စေတီတော် ထီးတင်ပွဲနှင့် နေပြည်တော်ရှိ သတ္တသတ္တာဟ မဟာဗောဓိ စေတီတော် ထီးတော်တင်ပွဲတွင် ထီးအတု ဖြင့် စမ်းသပ်လေ့ကျင့်ခဲ့ခြင်းဟူသော ဖြစ်ရပ်များဖြင့် ဦးဆန်းဆင့်ကို ဖယ်ရှားရန် လတ်တလော အကြောင်းတရားများ အဖြစ် ရှာဖွေတွေ့ရှိခဲ့သည်။

ထူးခြားချက်မှာ ဦးဆန်းဆင့်အား ပြစ်ဒဏ်ကျခံစေရန် အစိုးရမှ တင်သွင်းခဲ့သော သက်သေ လူပုဂ္ဂိုလ်များထဲတွင် သူ၏ ၀န်ကြီးဌာနမှ အားကိုးရသော လူရင်းများ ပါဝင်နေခဲ့ခြင်းဖြစ် သည်။

(ဆက်လက်ဖော်ပြပါမည်)

သံဖနောင့်

Tomorrow မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment