Latest News

Saturday, May 13, 2017

မြောက်ကိုရီးယားဖိတ်ကြားမှု ကန် သတိပေး

မြောက်ကိုရီးယားဖိတ်ကြားမှု ကန် သတိပေး

ဘေဂျင်းမြို့မှာ မေလ ၁၄ ရက်နေ့ စတင်ကျင်းပမယ့် တရုတ်ပြည်ရဲ့ ပိုးလမ်းမသစ်စီမံကိန်းဆိုင်ရာ ထိပ်သီးညီလာခံကို တက်ရောက်ဖို့အတွက် မြောက်ကိုရီးယားနိုင်ငံကို ဖိတ်ကြားခဲ့မှုကြောင့် တခြားနိုင်ငံတွေရဲ့ ပါဝင်ဆွေးနွေးမှုကို ထိခိုက်စေနိုင်တယ်လို့ အမေရိကန်အစိုးရက တရုတ်အစိုးရကို မနေ့က သတိပေးလိုက်ပါတယ်။

ညီလာခံကို မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မယ့်အကြောင်း တရုတ်နိုင်ငံခြားရေးဌာနက အင်္ဂါနေ့မှာ ကြေညာခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုက ဘေဂျင်းမှာရှိတဲ့ သံရုံးကနေ အခုလို သတိပေးစာ ပို့လိုက်တာပါ။  အဲဒီ ညီလာခံကို အမေရိကန်အစိုးရကလည်း ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မှာဖြစ်ပါတယ်။ ညီလာခံကာလအတွင်း မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မယ့် အစည်းအဝေးတချို့ကနေ အနောက်နိုင်ငံတွေ ကန့်ကွက်ထွက်ခွာနိုင်တယ်လို့လည်း သတင်းရပါတယ်။

ဒီအတောအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က တောင်ကိုရီးယားသမ္မတသစ် မွန်း ဂျေးအင်း အနေနဲ့ မြောက်ကိုရီးယားနဲ့ နျူးကလီးယားအရေး ပြောဆိုဆွေးနွေးလိုတာကို မိမိ  ကန့်ကွက်မှာ မဟုတ်ကြောင်း ဒါပေမဲ့ အဲဒီဆွေးနွေးမှုဟာ အခြေအနေ အချိန်အခါနဲ့ ကိုက်ညီဖို့လိုကြောင်း ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

အမေရိကန်အစိုးရအရာရှိတွေအနေနဲ့ မြောက်ကိုရီးယားအစိုးရက နျူးကလီးယားလက်နက် အစီအစဉ် ဖျက်သိမ်းရေးအတွက် ကတိကဝတ်ပြုမှု မရှိသေးသရွေ့ နိုင်ငံတကာပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို ပြန်လည် စတင်လိုခြင်း မရှိပါဘူး။

ဒီအတောအတွင်းမှာပဲ မြောက်ကိုရီးယားအစိုးရက သူတို့နိုင်ငံအပေါ် လုံခြုံရေးကောင်စီက ပြဌာန်းခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေကို လိုက်နာကျင့်သုံးခြင်းမပြုမီ ဥပဒေနဲ့ ကိုက်ညီခြင်းရှိ မရှိ အသေအချာ ပြန်လည် စိစစ်ကြပါလို့ ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၂ နိုင်ငံကို ကြာသပတေးနေ့က ပန်ကြားစာပေးပို့ခဲ့ကြောင်း သိရပါတယ်။

RFA

No comments:

Post a Comment