Latest News

Sunday, May 28, 2017

တရုတ်ပြည်ဖက် မြန်မာ ပြန်လှည့်သွားပြီ

တရုတ်ပြည်ဖက် မြန်မာ ပြန်လှည့်သွားပြီ

စစ်အစိုးရ အုပ်ချုပ်မှုကနေ ပြုပြင် ပြောင်းလဲလာအောင် အမေရိကန် အစိုးရက ကူညီခဲ့တဲ့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံကို ကျောခိုင်းပြီး အနောက်နိုင်ငံတွေနဲ့ ပိုမို ရင်းနှီးလာရမယ့် အစား အခုတော့ ပြောင်းပြန် ဖြစ်နေပြီ လို့ ဝါရှင်တန်မှာ မနေ့က ဖြန့်ချိတဲ့ အေပီ သတင်း ဆောင်းပါးမှာ ဖေါ်ပြထားပါတယ်။

သမတ အိုဘားမား လက်ထက်မှာ ပိတ်ဆို့မှုတွေ ဖျက်သိမ်းပြီး မြန်မာအစိုးရနဲ့ သံတမန် ဆက်ဆံရေး တိုးမြှင့်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမိုင်းဝင် ဒီမိုကရေစီရေး ကြိုးပမ်းမှုကို အမေရိကန်နဲ့ ဥရောပက လေးစားဆဲ ဖြစ်ကြောင်း၊ ဒါပေမယ့် အစိုးရသစ်ဟာ အာဏာရပြီး ၁၄ လကြာ ကာလအတွင်း အနောက်နိုင်ငံ တွေက ရင်းနှီး မြုပ်နှံမှုတွေကို စွဲဆောင်နိုင်ခြင်း မရှိသလို တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့လည်း ငြိမ်းချမ်းရေး ရယူနိုင်ခြင်း မရှိကြောင်း၊ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး နည်းလာချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ သတိကြီးစွာ ထားပြီး တရုတ် အစိုးရနဲ့ တနေ့တခြား ပိုမို နီးကပ်စွာ ပေါင်းသင်း လာနေကြောင်း အဲဒီ ဆောင်းပါးမှာ ရေးသား ထားပါတယ်။

ဆက်လက်ပြီး လွန်ခဲ့တဲ့ အပတ်အတွင်း တရုတ် မြန်မာ ရေတပ် ပူးတွဲ စစ်ရေး လေ့ကျင့်ခဲ့ကြောင်း၊ ဒါဟာ နိုင်ငံရေး ယုံကြည်မှု ရှိလို့ပဲ ဆိုပြီး တရုတ် အစိုးရ သတင်းစာက ရေးကြောင်း၊ တကယ်တော့ အဲဒီလို ယုံကြည်မှုမျိုးကို အမေရိကန် ဦးဆောင်တဲ့ အနောက် အုပ်စုနဲ့ မြန်မာ အကြား တိုးပွားလာမယ်လို့ မျှော်လင့်ခဲ့ကြတာ ဖြစ်ကြောင်း ဖေါ်ပြပါတယ်။

တဆက်တည်းမှာပဲ  မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဟောင်း Derek Mitchell ဒဲရက်မစ်ချယ် က ၂ဝ၁၁ နဲ့ ၂ဝ၁၅ ခုနှစ်တွေ အတွင်း မြန်မာ အစိုးရနဲ့ အနောက်အုပ်စု တရင်းတနှီး ဖြစ်လာခဲ့တာကို တရုတ် အစိုးရဟာ တအံ့တသြ ဖြစ်နေခဲ့ကြောင်း၊ အခုတော့ သမ္မတ ထရမ့်က မြန်မာနိုင်ငံ အပေါ် အာရုံစိုက်မှု လျှော့နည်း နေချိန်မှာ တရုတ်ပြည်က သူတို့ ဆုံးရှုံး သွားခဲ့တဲ့ အချိန်တွေကို ကာမိအောင် အတိုးချ အမြတ် ထုတ်နေကြောင်း၊ တရုတ်ပြည် အနေနဲ့ “ငါတို့က မင်းတို့ရဲ့ အိမ်နီခြင်းပါ၊ အမေရိကန်တွေကို မင်းတို့ အားကိုးလို့ မဖြစ်ပါဖူးကွာ” လို့ ပြော ဖို့အခွင့်အရေး ရနေကြောင်း ဝေဖန်တယ် လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတ အိမ်ဖြူတော်နဲ့ နိုင်ငံခြားရေး ဌာနထံက တုံ့ပြန်ချက် မရကြောင်းနဲ့  သမ္မတ ထရမ့်ဟာ ဖိလစ်ပိုင် သမ္မတ၊ ထိုင်း ဝန်ကြီးချုပ်နဲ့ ဗီယက်နမ် ဝန်ကြီးချုပ် တွေကို အိမ်ဖြူတော် ဖိတ်ကြားခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် နဲ့တော့ ခုချိန်ထိ စကား ပြောဆိုခြင်း မရှိသေးဖူးလို့ အေပီက ရေးပါတယ်။

ဆက်လက်ပြီး သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံရေး အကျဉ်းသား ကနေ နိုင်ငံ့ခေါင်းဆောင် ဖြစ်အောင် ကူညီခဲ့ပြီး တရုတ်ပြည် တံခါးဝမှာ ဒီမိုကရေစီကို ပြုစု မွေးမြူခဲ့ကြောင်းနဲ့ အမေရိကန် ပါတီ နှစ်ရပ်လုံး ကလည်း အောင်ပွဲအဖြစ် ရှုမြင်ခဲ့ကြကြောင်း၊ အဲဒီအချိန်မှာ မြန်မာပြည်ကို သူတို့ရဲ့ အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက် အဖြစ် သဘောထားတဲ့ တရုတ်ပြည်ဟာ  မဟာဗျူဟာအရ သူတို့ အထိနာနေပြီ ဆိုတာ မြင်သွားခဲ့ကြောင်း၊ တရုတ် ပညာရှင် တချို့က ဆိုရင် “ဟင်းအိုးထဲမှာ ချက်ထားပြီးသား ဘဲငန်းဟာ ပြူတင်းပေါက်က ပျံသန်း ထွက်ပြေးသွားပြီ” လို့ ပြောခဲ့ကြကြောင်း၊ အဲဒီ တရုတ် စကားပုံဟာ “ငါတို့ အိပ်ထဲ ရောက်ပြီးသား မြန်မာနိုင်ငံကို အမေရိကန်တွေ ခိုးသွားတယ်” လို့ ဆိုလိုတာ ဖြစ်ကြောင်း ရေးသား ထားပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံဟာ လက်ရှိမှာ စီးပွါးရေး၊ လူ့ အခွင့်အရေးနဲ့ တိုင်းရင်းသား ပဋိပက္ခ ပြသနာ သုံးရပ်ကို ရင်ဆိုင် နေရကြောင်း၊ နယ်စပ်က သူပုန်တွေ အပေါ် သြဇာရှိတဲ့ တရုတ်ပြည် ကတော့ ငြိမ်းချမ်းရေးကို ထောက်ခံတယ်လို့ ပြောနေကြောင်းနဲ့ ဆောင်းပါး နိဂုံး မှာတော့ လက်ရှိ မြန်မာပြည်ရဲ့ အခြေအနေဟာ အမေရိကန် ပြည်ထောင်စု အတွက် မဟာဗျူဟာ အရ ဆုံးရှုံးမှု ဖြစ်ကြောင်း နဲ့ အခုလို မြန်မာနိုင်ငံရဲ့ အသွင် ကူးပြောင်းမှုမှာ ပါဝင်စုစည်းနိုင်ခြင်း မရှိတာကြောင့် အာရှတိုက်က အာဏာရှင် အစိုးရတွေ အနေနဲ့ “ငါတို့ မှန်တာပေါ့၊ ဒီမိုကရေစီ ဆိုတာ အာရှတိုက်မှာ အလုပ် မဖြစ်ပါဖူး” ဆိုပြီး ပြောစရာ ဖြစ်နေပြီလို့ သံအမတ်ကြီး ဟောင်း ဒဲရက် မစ်ချယ်က ဝေဖန် သတိ ပေးလိုက်ကြောင်း ဖေါ်ပြထားပါတယ်။

RFA

No comments:

Post a Comment