အချိန်မရွေး၊ နေရာမရွေး နျူကလီးယား စမ်းသပ်မည်ဟု မြောက်ကိုရီးယား သတိပေး
ဧပြီ ၂၆ ရက်က ကိုရီးယား ပြည်သူ့တပ်မတော် ထူထောင်ခြင်း ၈၅ နှစ်ပြည့် အခမ်းအနား တက်ရောက်နေသော ကင်ဂျုံအွန်
မြောက်ကိုရီးယားသည် ၎င်း၏ခေါင်းဆောင်ကြီး သတ်မှတ်သော မည်သည့်နေရာ၊ မည်သည့် အချိန်တွင်မဆို နျူကလီးယားစမ်းသပ်မှု ပြုလုပ်သွားမည်ဟု မေ ၁ ရက်တွင် သတိပေးခဲ့ရာ ဒေသတွင်း၌ တင်းမာမှု မြင့်တက်စေရန် နောက်ဆုံးလေလုံးတစ်ခု ဖြစ်လာခဲ့သည်။
မြောက်ကိုရီးယားသည် တာဝေးပစ်ဒုံးကျည် ပစ်လွှတ်မှု သို့မဟုတ် ဆဋ္ဌမမြောက် နျူကလီးယား စမ်းသပ်မှုအတွက် ကြိုတင်ပြင်ဆင်နေသည့် အရိပ်အယောင်များနှင့် အမေရိကန်ကလည်း မြောက်ကိုရီးယားအပေါ် စစ်ရေးအရ တုံ့ပြန်နိုင်ခြေအား ပယ်ချခြင်း မပြုမှုတို့ကြောင့် ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများသည် သီတင်းပတ်နှင့်ချီ ကြာမြင့်ခဲ့ပြီဖြစ်သည်။
ပြုံယမ်းသည် အမေရိကန်၏ မည်သည့် ရွေးချယ်မှုကိုမဆို တုံ့ပြန်ရန် အသင့်ရှိနေကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြောကြားခဲ့သည်။ ၀ါရှင်တန်က ၎င်း၏ရန်လိုသော မူဝါဒများအား မဖျက်သိမ်းလျှင် ပြုံယမ်းသည် ကြိုတင်လက်ဦးမှုယူ၍ နျူကလီးယားဖြင့် တိုက်ခိုက်မှု စွမ်းရည်များကို ဆက်လက်တိုးမြှင့် သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရသတင်းအေဂျင်စီ (KCNA) က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
နျူကလီးယား အင်အားကို အမြင့်ဆုံးအထိ ထားရှိရန် DPRK ၏ အရေးယူ ဆောင်ရွက်မှုများအား ခေါင်းဆောင်ကြီးက ဆုံးဖြတ်သော မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို အဆင့်ဆင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယင်းပြောခွင့်ရပုဂ္ဂိုလ်က မြောက်ကိုရီးယား၏ တရားဝင်အမည် ကိုရီးယား ဒီမိုကရက်တစ် သမ္မတနိုင်ငံကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ပြီးခဲ့သော ၁၁ နှစ်အတွင်း နျူကလီးယား စမ်းသပ်မှု ငါးကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ပြီး အမေရိကန် ကုန်းတွင်းပိတ်အထိ ရောက်နိုင်သော နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်ကို တည်ဆောက်နိုင်သည့် စိတ်ကူးအိပ်မက်သည် တိုးတက်မှု ရရှိနေပြီဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆခံထားရသည်။
မြောက်ကိုရီးယားသည် စွမ်းအားကြီးသော နျူကလီးယား လက်နက်ကို မပိုင်ဆိုင်ထားပါက ၀ါရှင်တန်သည် အခြားနိုင်ငံများအပေါ် ကျူးလွန်သကဲ့သို့ ကိုရီးယားတွင်လည်း တုံ့ဆိုင်းခြင်းမရှိဘဲ အလားတူ ရန်စသည့် လုပ်ငန်းများကို ကျူးလွန်လိမ့်မည်ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြောကြားခဲ့သည်။ ယင်းအစီရင်ခံစာသည် မြောက်ကိုရီးယားက ၎င်း၏စစ်ရေး စွမ်းရည်များအပေါ် ကာလရှည်ကြာ လေလုံးထွားမှုကို အခိုင်အမာ ထပ်မံပြသခြင်းလည်း ဖြစ်သည်။
မြောက်ကိုရီးယား အနေဖြင့် ၎င်း၏လက်နက်စီမံကိန်းများ စွန့်လွှတ်နိုင်ရန်အတွက် ဖိအားပိုပေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆင်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့ပြီးနောက် နာရီပိုင်းအကြာ ဧပြီ ၂၉ ရက်တွင် မြောက်ကိုရီးယားက နောက်ဆုံးအင်အားပြမှုအဖြစ် ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ရာ အောင်မြင်ခဲ့ခြင်း မရှိပေ။
မြောက်ကိုရီးယားက နောက်ထပ် နျူကလီးယား စမ်းသပ်မှု ပြုလုပ်လျှင် ၎င်းသည် စိတ်ပျော်မည် မဟုတ်ကြောင်း အမေရိကန်သမ္မတ ထရန့်က ဧပြီ ၃၀ ရက်တွင် CBS ရုပ်သံ၏ Face the Nation အစီအစဉ်၌ ပြောကြားခဲ့သည်။ ယင်းစိတ်မပျော်မှုသည် စစ်ရေးဖြင့် အရေးယူမည်ဟု ဆိုခြင်းလားဟု မေးမြန်းမှုကို ထရန့်က “ကျွန်တော်မသိဘူး။ ကျွန်တော်ပြောချင်တာက ခင်ဗျားတို့ တွေ့လိမ့်မယ်” ဟု ဖြေကြားခဲ့သည်။
Ref : AFP
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment